www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 31, 2013

မြန်မာ့လူ့ဘောင် အလှဆောင်ဖို့ မျိုးနွယ်ကို စောင့်


မြန်မာ့လူ့ဘောင် အလှဆောင်ဖို့ မျိုးနွယ်ကို စောင့်

အယ်ဒီတာ့အာဘော်
( ၃၁-၁၀-၂၀၁၃)

လောက၌ အမျိုးအနွယ် ကို စောင့်ထိန်းခြင်းသည် ကြီးမားသော ဂုဏ်ဒြပ်နှင့် မြင့်မြတ်သော သိက္ခာကို ပိုင်ဆိုင်သည့် အရည်အချင်း တစ်ရပ် ဖြစ်သည်။ မိမိ အမျိုးအနွယ်ကို စောင့်ထိန်းခြင်း သည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း ၏ အရေး အကြီးဆုံး ရေသောက်မြစ် ပင်ဖြစ်သည်။

အမျိုးအနွယ်ကို စောင့်ထိန်း ခြင်းဖြင့် မိမိလူမျိုးတို့၏ ယဉ်ကျေးမှုကို စောင့်ထိန်း နိုင်မည်ဖြစ်ပြီး မျိုးချစ် စိတ်ဓာတ် မွေးမြူကာ မိမိ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် နိုင်မည် ဖြစ်သည်။ မြန်မာတို့ ကံဇာတာ မှေးမှိန်၍ ကိုလိုနီ လက်အောက် ကျရောက်ခဲ့ ကြစေကာမူ အမျိုးအနွယ်ကို စောင့်ထိန်းကာ ဇာတိသွေး ၊ ဇာတိမာန် ထက်သန်စွာ ဖြင့် လွတ်လပ်ရေး ကို ပြန်လည် ရယူနိုင်ခဲ့ ခြင်းသည် မျိုးနွယ် စောင့်ထိန်းမှု ၏သမိုင်းမော်ကွန်း တင်ခဲ့ ကြခြင်းပင် ဖြစ်သည်။ အမျိုးအနွယ်ကို စောင့်ထိန်းကာ စုစည်း ညီညာစွာ ဖြင့် ကြိုးပမ်း ခဲ့ကြရာမှ ယနေ့အချိန် တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် အေးချမ်း သာယာသော နိုင်ငံတော်ကြီး အဖြစ် ကမ္ဘာ့အလယ် ဝင့်ထည်စွာ ရပ်တည် နေနိုင်ခြင်း ဖြစ်သည်။

မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ဦးက  သမိုင်းမရှိသော လူမျိုးသည် အမြစ်မရှိသော သစ်ပင်နှင့် တူ၍ ရှင်သန် နိုင်စွမ်းမရှိ ၊ အပွင့်အသီး မရှိသော အပင်သည် ဖွံ့ဖြိုးတိုးတက်မှု မရှိသည့် အပြင် မျိုးဆက် ပွားမထား နိုင်သောကြောင့် မျိုးတုံးသွားဖွယ် ရှိသည်။ အမြစ်နှင့် တူသော သမိုင်း ၊ အသီးအပွင့် နှင့်တူသော ယဉ်ကျေးမှု တို့ရှိသော လူမျိုး သည်သာ ကြာရှည် တည်တံ့ ရှင်သန်၍ မျိုးဆက်ပွား ပေးနိုင်မည်ဟု မိန့်ဆိုခဲ့ ဖူးသည်။ မြန်မာတို့သည် သမိုင်းနှင့် ယဉ်ကျေးမှုနှစ်ရပ်စလုံး ရှိပြီး မျိုးချစ်စိတ် ထက်သန်သော လူမျိုးများ ဖြစ်ကြသည်။ မျိုးနွယ်ကို စောင့်ထိန်းကာ ကြာရှည် တည်တံ့ ရှင်သန်ပြီး မိမိတို့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်း အမွေပေး နိုင်ခဲ့ ကြသည်။ အမျိုးဂုဏ် ၊ ဇာတိဂုဏ် ကို ခေတ် အဆက်ဆက် မြှင့်တင် နိုင်ခဲ့ ကြသည်။

အမျိုးဂုဏ် ဆိုသည်မှာ မိမိလူမျိုး နှင့် မိမိလူမျိုး ၏ ဂုဏ်ကို ထိန်းသိမ်းရန် နှင့် မိမိလူမျိုး မပျောက်ပျက် ရအောင် စောင့်ရှောက် ထိန်းသိမ်းရေး ပင်ဖြစ်သည်။ ဇာတိဂုဏ် ဆိုသည်မှာ မိမိဇာတိ ၊ မိမိနေရပ် ၊ မိမိတိုင်းပြည် ကို ချစ်ခင် မြတ်နိုး တန်ဖိုးထား တတ်သည့် စိတ် ပင်ဖြစ်သည်။

ယခင်က ဟီရိ သြတ္တပ္ပတရား ကို အလေးထား ခဲ့ကြသော မြန်မာ အမျိုးသမီးငယ် အချို့သည် ခေတ်ကာလ အခြေအနေ အရ ဈေးကွက် စီးပွားရေး စနစ်တွင် မျောပါ နေကြခြင်းကြောင့် စိုးရိမ်မကင်း ဖြစ်ရသည့် အသံများကို စာနယ်ဇင်း များမှ တစ်ဆင့် ကြားနေကြ ရသည်။ စားသောက်ဆိုင် ကြီးများတွင် အရောင်း မြှင့်တင်ရေး လုပ်ငန်း ဝင်ရောက် လုပ်ကိုင် နေကြ သူများမှာ လစာတစ်သိန်းကျော် ရသည့်အပြင် ဆုကြေးများပါ ထပ်ရသဖြင့် ဝင်ငွေ ကောင်းသော လုပ်ငန်းအဖြစ် ပျော်မွေ့ နေကြသူ ရှိသလို အကြောင်း အမျိုးမျိုးကြောင့် မပျော်မွေ့ သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လုပ်ကိုင် နေကြရ သူလည်း ရှိကြောင်း သိရသည်။ ¤င်းတို့၏ ဝင်ငွေမှာ အခြား စက်ရုံလုပ်သား ၊ စာရေးမ နှင့် အစိုးရ ဝန်ထမ်း တို့ထက် သာလွန်နေပြီး အလုပ်ချိန်မှာ ညပိုင်းသာ ဖြစ်သဖြင့် ပျော်မွေ့ ကြခြင်းဖြစ် ကြောင်း လေ့လာသူ တို့က ဆိုသည်။ ဝတ်စား ဆင်ယင်မှုမှာ လုပ်ငန်းရှင်တို့ သတ်မှတ် ထားသည့် ဝတ်စုံကိုသာ ဝတ်ဆင် ကြရသဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီ ကြောင်း တွေ့ရသည် ဟုဆို၏။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပြင်သစ်နိုင်ငံ Deauville မြို့၌ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် (၉)ကြိမ်မြောက် ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီးများ ဖိုရမ်သို့ တက်ရောက်၍ နိုင်ငံတော်တွင် အမျိုးသား အဆင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ စီမံချက် (၂ဝ၁၃-၂ဝ၂၂) ဆောင်ရွက်လျက် ရှိသည့် အခြေအနေ များအား တင်ပြခဲ့ပြီး ဖြစ်သည်။


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ အလုံးအရင်း နှင့် ဝင်လာချိန်တွင် စီးပွားရေး လုပ်ကိုင်သူတို့ အနေဖြင့် မိမိတို့ စားသောက်ဆိုင် အရောင်း မြှင့်တင်ရေး ကြိုးပမ်း ကြမည် ဖြစ်သည်။ မြန်မာ အမျိုးသမီး တို့က ဝင်ငွေ ကောင်းသည် ဆိုသော တစ်ခုတည်း ကိုသာ မကြည့်ဘဲ မိမိဘဝ လုံခြုံရေး အလေးအနက် ထားကြ ရမည် ဖြစ်သည်။ သို့မှသာ မိမိဘဝ မိမိတန်ဖိုး ထားသလို လူအများ ကလည်း မြန်မာ့လူ့ဘောင် အလှဆောင် မျိုးနွယ် စောင့်ထိန်းသူ အဖြစ် နှစ်သက် မြတ်နိုး တန်ဖိုးထား ကြမည် ဖြစ်ပေသည်။  ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger