www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 27, 2013

၆၈ နှစ်မြောက် တပ်မတော်နေ့ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ မိန့်ခွန်းပြောကြား





၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ တို့တပ်မတော်က ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့တဲ့ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။

လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပေါက်ဖွား လာခဲ့တဲ့ တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူ အားလုံးနဲ့ လက်တွဲပြီး တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း စိတ်ဓာတ်နဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို တော်လှန် ချေမှုန်း ခဲ့ကြတယ်။ ဒီလို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေတဲ့ သမိုင်း မော်ကွန်းဝင် နေ့ထူးနေ့မြတ်ဖြစ်လို့ သိသင့် သိထိုက်တာ တွေကို အလေးအနက်ထား မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့

တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ခေါင်းဆောင်မှု ကောင်းခဲ့တဲ့ အနော်ရထာ မင်းတရားကြီး၊ ဘုရင့်နောင် မင်းတရားကြီးနဲ့ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျတို့ ခေတ်မှာ နိုင်ငံတော် စည်းလုံး ညီညွတ်မှု ခိုင်မာခဲ့လို့ မြန်မာတို့ရဲ့ ဘုန်းမီးနေလ တောက်ပ ခဲ့တာ၊ တိုင်းပြည်မြို့ရွာ သာယာဝပြောခဲ့တာ တွေ့ကြရမှာ ဖြစ်တယ်။

ပြည်သူတွေ စည်းလုံးညီညွတ်မှု ပျက်ပြားချိန်မှာ တိုင်းပြည်ပြိုကွဲ ပျက်စီးပြီး တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့တာ ကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ နယ်ချဲ့တွေ မြန်မာနိုင်ငံကို ၃ ကြိမ် တိုင်တိုင် နယ်ချဲ့စစ်ပွဲ ဆင်နွှဲပြီး မတရား သိမ်းပိုက်ခဲ့လို့ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက် ကျရောက်ခဲ့ရပြီး ပြည်သူအများ သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။ တိုင်းရင်းသား ပြည်သူတွေ သူ့ကျွန်ဘဝမှာ အသက်၊ သွေး၊ ချွေးများစွာ ကျရောက် ပေးဆပ်ခဲ့ရသလို မျက်ရည်အတိ စိတ်ခံစားမှုအဖုံဖုံနဲ့ ဒုက္ခ ရောက်ခဲ့ရတာဟာ သူ့ခေတ်သူ့အခါနဲ့ အညီ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ ခေတ်မီတပ်မတော် မရှိခဲ့လို့ဖြစ်တယ်။ ဒို့အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်လူငယ် ၃ဝဟာ ဂျပန်တွေထံမှာ စစ်ပညာ သင်ကြားကာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ကြပြီး ဂျပန်တွေ အကူအညီနဲ့ နယ်ချဲ့ ဗြိတိသျှ တွေကို တိုက်ထုတ်ခဲ့ ကြတယ်။ အာရှတိုက်သားများ သာတူညီမျှရေး ဆိုတာကို ကြွေးကြော်ခဲ့ သော်လည်း ဖက်ဆစ်ဝါဒနဲ့ မြန်မာပြည်သူတွေ အပေါ် ရက်စက် ကြမ်းကြုတ် ခဲ့တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုနဲ့ အတူ ဖက်ဆစ်တို့ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ တွန်းလှန် ချေမှုန်း ခဲ့ကြတာ ဖြစ်တယ်။ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လုံးဝလွတ်လပ်ရေးရခဲ့တယ်။ ဒီသမိုင်းကြောင်းတွေအရ နိုင်ငံတော်မှာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာဆုံးရှုံးရင် ပြည်သူ ပြည်သား အားလုံး ဆင်းရဲဒုက္ခ ခံစားကြရတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဒီလို အဖြစ်ဆိုးမျိုး ပြန်မကြုံ တွေ့ရအောင် ဆောင်ရွက်ဖို့ အရေးဟာ တို့တပ်မတော်နဲ့ အတူ ပြည်သူ အားလုံးရဲ့ အမျိုးသားရေး တာဝန် ဖြစ်တယ်။

ရဲဘော်တို့

ကိုလိုနီ ဘဝကျရောက် ခဲ့ချိန်က နယ်ချဲ့တွေဟာ တို့တိုင်းရင်းသားများ အကြား စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် သွေးခွဲ အုပ်ချုပ်ခဲ့ကြတယ်။ တို့တိုင်းရင်းသားများ အကြား တစ်ဦးနဲ့တစ်ဦး သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားခဲ့ကြလို့ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလမှာ အခက်အခဲတွေ ဖြစ်ခဲ့ကြရတယ်။ လွတ်လပ်ရေး ရပြီး ၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ထူပြောခဲ့လို့ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ချိန်မှာ တို့တပ်မတော်က တိုင်းပြည်အပေါ် မျိုးချစ် စိတ်ဓာတ်အပြည့်နဲ့ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ် တိုက်ပွဲဝင် ခဲ့ပြီး ရန်ကုန် အစိုးရလို့ခေါ်ရတဲ့ အနေအထားကနေ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ ကြတာပဲ ဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ အဖြစ်နဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက် ပေးခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အားနည်းချက် အပေါ် အခွင့်ကောင်းယူပြီး ပြည်နယ်တွေ ခွဲထွက်ဖို့ ဆောင်ရွက် လာတာကြောင့် တိုင်းပြည် ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာလည်း တို့တပ်မတော်ကပဲ ကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကနေ မင်းမဲ့စရိုက်တွေ အထိ ကြီးထွားလာပြီး တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကိုလည်း

တို့တပ်မတော်ကပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို အမြဲတမ်းကာကွယ် စောင့်ရှောက်လျက် ရှိသလို လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ် ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်။ ဒါဟာ တပ်မတော်က အမျိုး သားနိုင်ငံရေးကို ဖော်ေ ဆာင် နေခြင်းပဲ ဖြစ်တယ်။

ရဲဘော်တို့

လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်က စလို့ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အမြဲယှဉ်တွဲလျက် ရှိခဲ့တယ်။ တိုင်းပြည် လွတ်လပ်ရေး ရဖို့၊ တိုင်းပြည် လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးဖို့၊ တိုင်းပြည် မပြိုကွဲစေဖို့ အတွက် တပ်မတော်က အမြဲပါဝင် နေခဲ့ ရတာကြောင့် ဒီကနေ့ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်အဖြစ် လျှောက်လှမ်း နေချိန်မှာ တို့တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေရတာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးချိန်က တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြပေမယ့် ဒီမိုကရေစီ အလေ့အကျင့် မရင့်ကျက်သေးချိန်မှာဘဲ နိုင်ငံရေးဝါဒ အကွဲအပြဲတွေ၊ လူပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုတွေ ဖြစ်ပြီး ပါတီတွေကွဲကြ၊ မညီမညွတ် ဖြစ်ခဲ့ကြရာကနေ လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြုခဲ့ကြတယ်။ တိုင်းရင်းသားတွေ အရေးမှာလည်း လူမျိုးရေး အကြောင်း ပြချက်၊ ဘာသာရေး အကြောင်းပြချက်၊ နိုင်ငံရေး အကြောင်းပြချက် တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖော်ဆောင် ခဲ့ကြလို့ တိုင်းပြည်တစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ ရတာကို သင်ခန်းစာ ယူကြဖို့ လိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂ဝ (င)နဲ့ (စ) တို့မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ တို့တပ်မတော်က လူပုဂ္ဂိုလ် တစ်ယောက် အတွက်၊ လူတစ်စု အတွက် တာဝန်ထမ်းဆောင်နေတာမဟုတ်သလို လူမျိုးရေး မုန်းတီးလို့၊ ပုဂ္ဂိုလ်ရေး မုန်းတီးလို့ လက်နက်ကိုင် ပဋိပက္ခတွေကို ချေမှုန်းနေခြင်း မဟုတ်ကြောင်း ပြောကြား လိုတယ်။ မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို ထိပါး နှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ်၊ ပြည်ထောင်စု ပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့တည်ငြိမ် အေးချမ်းမှုကို ထိပါးစေမယ့် စုဖွဲ့မှု၊ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ပန်ဆင်ထားတဲ့ တို့တပ်မတော်က ကာကွယ်သွားမှာပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သား များနဲ့ အတူ ထိန်းသိမ်း ဆောင်ရွက်သွား ရမှာဖြစ်တယ်။

နိုင်ငံတစ်ရပ် ဖွံ့ဖြိုးတိုးတက်မှု အတွက် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံတော် ဖွံ့ဖြိုးရေး တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် အစိုးရကလည်း ငြိမ်းချမ်းရေးကို လိုလားသလို နိုင်ငံတော် ကာကွယ်ရေးမှာ အသက်ခန္ဓာတွေပေးအပ်ပြီး ထမ်းဆောင် နေကြရတဲ့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပိုပြီးဖြစ်ပေါ် စေချင်တယ်။ နှစ်ဖက် ငြိမ်းချမ်းရေး ရဖို့ကိစ္စကို တစ်ဖက်ကဘဲ ဆောင်ရွက်လို့ မရနိုင်တာ ဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ စိတ်ရင်း စေတနာမှန်နဲ့ ဖိတ်ခေါ် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေး စားပွဲဆီ လာရောက်မယ် ဆိုရင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေပြေလည်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဟာ မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ဒီနေရာမှာ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ပြီး စုစည်း ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု၊ ကတိတည်မှုနဲ့၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးအပေါ် စိတ်ကောင်း စေတနာ ကောင်းထားရှိဖို့ လိုအပ်ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

တို့တပ်မတော် စတင် ဖွဲ့စည်းကတည်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး နိုင်ငံတော် လွတ်လပ်ရေး အတွက် အဓိက တိုက်ပွဲဝင် ခဲ့ကြတယ်။ တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ် ဆိုတဲ့ တိုင်းပြည် ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ တပ်မတော်က နိုင်ငံတော် တာဝန်ယူခဲ့ရချိန်မှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကို ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ် ပို့ဆောင် ပေးခဲ့တယ်။ ယခုအခါမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ်မှာ နိုင်ငံတော် အစိုးရ၊ လွှတ်တော် အသီးသီးတို့ရဲ့ ဦးဆောင်မှုနဲ့ လျှောက်လှမ်းခဲ့တာ ၂ နှစ် သက်တမ်း ရှိပြီ ဖြစ်တယ်။ အင်မတန် နုနယ်တဲ့ ကာလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ကြိုးစား ပြုလုပ်ခဲ့တာက စတင် ရရှိလာတဲ့ အကျိုးရလဒ်များနဲ့ အတူ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် နေကြပြီ ဖြစ်တယ်။ မိမိတို့ လိုလားတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်း ပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင် သွားကြရမယ်။ ဒီမိုကရေစီဆိုတာ ဥပဒေဘောင် အတွင်းမှာ စည်းကမ်းနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်ရာမှာ တပ်မတော်အပါအဝင် ပြည်သူ တစ်ရပ်လုံး စည်းကမ်းရှိကြဖို့၊ ဥပဒေကို လေးစား လိုက်နာကြဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် မှန်ကန်စွာ ရှင်သန် ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေကို ပြည်သူ ပြည်သားတွေနဲ့ အတူ တို့တပ်မတော် သားတွေလည်း ခံစားကြရမှာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ရင့်ကျက်မှု မရှိသေးမီမှာ ယခင်အတိတ် သမိုင်းကြောင်းကလို အဖြစ်မျိုးတွေ ဖြစ်ပြီး တိုင်းပြည် ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ မဖြစ်ဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ တာဝန်ကျရာ အခန်းကဏ္ဍ ကနေ တက်ကြွစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်။ တပ်မတော်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ဒီမိုကရေစီ ကျင့်စဉ် များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး တိုးတက်မည်၊ စည်းလုံး ညီညွတ်စွာဖြင့် အလုပ်လုပ်မှ ဖွံ့ဖြိုးတိုးတက်မည်၊ စည်းကမ်းရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဆိုတဲ့အတိုင်း ရဲဘော်တို့အားလုံး တို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ညီလက်ညီ လုပ်ဆောင် သွားဖို့ မှာကြားလိုတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger