www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 15, 2015

ပြည်တွင်း၌ ရော်ဘာကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်မှု နည်းပါးနေ


ရန်ကုန် ၊ ၁၅-၉-၂ဝ၁၅

ရော်ဘာ ထုတ်လုပ်မှုကဏ္ဍ ဈေးကွက်အတွင်း အကျိုးအမြတ် ပိုမို တွက်ခြေကိုက်ရန် တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်မှု မြှင့်တင်ရမည် ဖြစ်သော်လည်း ပြည်တွင်းကုန်ချော ထုတ်လုပ်မှု လုပ်ငန်းများတွင် တစ်ပိုင်တစ်နိုင် ဖိနပ်လုပ်ငန်း များသာ လည်ပတ် လုပ်ကိုင်လျက် ရှိနေကြောင်း မွန်ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ရော်ဘာ လိုအပ်ချက် မြင့်တက်လာမည် ဖြစ်ပြီး ပြည်တွင်းရော်ဘာ လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပသို့ တင်ပို့ရာတွင် တန်ဖိုးမြင့် ထုတ်ကုန်များ တိုက်ရိုက် ထုတ်လုပ်တင်ပို့မှု မရှိသေးဘဲ ရော်ဘာအစေးနှင့် ရော်ဘာပြားများ ကိုသာ တင်ပို့ရောင်းချ နေသဖြင့် ရော်ဘာကို ကုန်ချောအဆင့် အထိ ထုတ်လုပ်နိုင်ရန် လိုအပ် နေသေးသည်။

စက်မှု ကုန်ချောထည်များ ဖြစ်သော မော်တော်ကား တာယာ ထုတ်လုပ်သည့် လုပ်ငန်းကဲ့သို့ အဆင့်မြင့် ကုန်ချောထည်များ ထုတ်လုပ်နိုင်ရန် ပြည်တွင်း ရော်ဘာ လုပ်ငန်းရှင်များ အနေဖြင့် ငွေကြေး အရင်းအနှီး လိုအပ်ချက် ရှိခြင်း၊ ထုတ်လုပ်မှု နည်းပညာများ အသုံးပြု နိုင်မှု လျော့နည်းခြင်း နှင့် ရော်ဘာ စိုက်ပျိုးသူ များ၏ အခြေခံ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ကုန်ချော ထုတ်လုပ်ရာတွင် စိန်ခေါ်မှုများ နှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်က စတင်ပြီး ကမ္ဘာ့ အင်အားကြီး စီးပွားရေးနိုင်ငံ များ၏ စီးပွားရေး ကျဆင်း လာမှုကြောင့် ကမ္ဘာ့ရော်ဘာ ပေါက်ဈေးမှာ လပေါင်း အတော်ကြာ ဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခုနှစ် မေလတွင် ရော်ဘာ ဈေးနှုန်းများ ပြန်လည်မြင့်တက် လာခဲ့သည်။ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် ယခုနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် ခြောက်သန်း တင်ပို့သွားရန် မျှော်မှန်း ထားကြောင်း သိရသည်။

မြန်မာ့ရော်ဘာ တင်ပို့မှုကို ပုံမှန် ဈေးကွက်များ ဖြစ်သည့် တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ တင်ပို့လျက် ရှိနေပြီး အရည်သွေးမြင့် ရော်ဘာများ ဝယ်ယူသည့် ဂျပန် ဈေးကွက်သို့ တင်ပို့နိုင်ရန် ပြင်ဆင်လျက် ရှိကာ သမားရိုးကျ ရော်ဘာ တင်ပို့မှုထက် ကုန်ချောအဖြစ် ထုတ်လုပ် နိုင်မှုကို ပိုမို အလေးပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာ(၆)

မြန်မာနိုင်ငံ အစားစိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အသင်းတင်သွင်းမှု ခွင့်ပြုဆာင်ရွက် ပေးလျက်ရှိ


ရန်ကုန် ၊ ၁၅-၉-၂၀၁၅

ပြည်ပမှ ပြည်တွင်းသို့ အသားများ တင်သွင်းနိုင်ရန် အတွက် မြန်မာနိုင်ငံ အသား စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး၊ အသား တင်သွင်းမှု များကို ခွင့်ပြု ဆောင်ရွက် ပေးလျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ အသားစိစစ်ရေး အဖွဲ့ကို မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်သူများ ပါဝင်ကာ
ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အသား တင်သွင်းခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားခြင်း ဖြစ်ပြီး၊ ပြည်ပမှ တင်သွင်းသည့် အသားများသည် စားသုံးရန် သင့်မသင့်၊ အာဟာရ ဓာတ် ရှိ-မရှိ နှင့် ရက်လွန် အသားများ ပြည်တွင်းသို့ မဝင်ရောက် နိုင်ရေး စသည်တို့ကို စိစစ်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်ပမှ အသားများ ပြည်တွင်းသို့ တင်သွင်းမှုကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့် အသားတင်ပို့ ရောင်းချမှု ဆိုင်ရာ မူဝါဒများ ၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ချုပ်မှ ထုတ်ပြန် ထားသည့် မူဝါဒများ၊ အာဆီယံမှ သတ်မှတ် ထားသည့် သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ပြည်ပကနေ အသားတွေ တင်သွင်းတာကို လွတ်လွတ် လပ်လပ် ခွင့်ပြုပေး ထားတာမျိုး မဟုတ်ပါဘူး။ သေချာ စိစစ်ပြီးမှ ခွင့်ပြုပေး နေတာပါ။ တင်သွင်းတဲ့ အသားတွေ ထဲမှာမှ ကြက်သားကို တခြား အသားထက် ပိုပြီးစိစစ် ပေးပါတယ်။ မြန်မာနိုင်ငံ မှာက ကြက်သား စားသုံးမှု ရာခိုင်နှုန်း များတဲ့အတွက် ပိုစိစစ်ရတာပါ'' ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ခင်ဇော် က ပြောပြ၍ သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

နိုင်ငံတကာ အကူအညီဖြင့် ART ဆေးများ မြန်မာနိုင်ငံတွင် အလုံအလောက် ရရှိနေ


ရန်ကုန် ၊ ၁၅-၉-၂၀၁၅

မြန်မာနိုင်ငံတွင် HIV ရောဂါပိုးအတွက် ART ဆေးများကို နိုင်ငံတကာ အကူအညီဖြင့် လုံလုံ လောက်လောက် ရရှိနေကြောင်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂ စာရင်းများအရ ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် HIV ပိုးဖြင့် နေထိုင်သူ ၂ သိန်း ၁ သောင်းကျော် ရှိပြီး ART ဆေးရရှိထားသူ များသည် ရှစ်သောင်းခွဲကျော် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့တွင် HIV ပိုးကူးစက်ခံ ရပြီး ပိုးတွေ့ရှိသူ ART ဆေးသောက်ရန် လိုအပ်နေသူ ဆေးရရှိသူ အရေအတွက်မှာ နေ့စဉ်တိုး နေကြောင်း သိရသည်။

''မန္တလေးမှာ တစ်ပတ်ကို လူနာ အသစ် ၂ဝ ကျော်လောက် ရှိတယ်။ တစ်လဆိုရင်တော့ ၁ဝဝ လောက်ရှိတယ်။ လူလတ်ပိုင်းမှာ အများဆုံး တွေ့ရတယ်။ အခြေခံ လူတန်းစား တွေမှာ ပိုတွေ့ရပါတယ်'' ဟု Myanmar Positive Group မှ သိရသည်။ မန္တလေးမြို့ ဆေးရုံကြီးတွင် ART ဆေးလာယူသူ တစ်ရက်လျှင် ဦးရေ ၅ဝ အထက်တွင် ရှိနေပြီး လူသစ် အရေအတွက်မှာ ၁၅ ဦးခန့် ရှိနေကြောင်း သိရသည်။

''ကျွန်တော်တို့ လုပ်အားပေးရင်း တွေ့ရတာက ဆေးလာတန်းစီတဲ့ လူသစ် တစ်ရက်ကို ၁ဝ ယောက်၊ ၁၅ ယောက်လောက် ကို တွေ့ရတယ်'' ဟု Myanmar Positive Group မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ လက်ရှိ မန္တလေးတိုင်း ဒေသကြီးတွင် ART ဆေးသောက်နေသူ နှစ်သောင်းခန့် ရှိနေကြောင်း သိရသည်။ ''သွေးမြန်မြန် စစ်ပါ။ ပိုးတွေ့ရင် ဆေးမြန်မြန် သောက်လို့ ရပါတယ်။ အဲဒါဆိုရင် သာမန်လူ တစ်ယောက်လိုပဲ သက်တမ်းစေ့ နေနိုင်မှာပါ။ ကျွန်တော်တို့ ကြိုးစားနေတာ ကလဲ လူအများကို သွေးစစ်နိုင်ဖို့ပါ '' ဟု အထက် မြန်မာပြည် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ နှင့် ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံကိန်း တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ သန်းဝင်း က ပြောပြ၍ သိရသည်။

အိအိအောင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၆)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၆)

Download Links


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger