www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 25, 2014

အောင်မြင်လိုလျှင် အမှားပြင်


အောင်မြင်လိုလျှင် အမှားပြင်

သရက်တန်း စိုးရွှေ (စိတ်ပညာ)

အဓိပ္ပာယ် မသတ်မှတ်သည့် တိုင်အောင် အဓိပ္ပာယ်ရှိစွာ ရှင်သန်ရမည်ဟု သိထားသင့်သည့် အရာမှာ ဘဝပင် ဖြစ်သည်။ လူအမျိုးမျိုး ဘဝအထွေထွေ ခံယူချက် အသီးသီးကြား အတ္တများစွာ ပေါက်ဖွား ရှင်သန် နေကြ ပေသည်။ အသက်ရှူသွင်းမှု များနှင့် အတူ ''ငါ ငါ ငါ'' ဆိုသော စကားတို့ ပဲ့တင်ထပ် နေကြပေသည်။ မတွေးမိကြ ၍သာ၊ ကမ္ဘာတွင် အပူပြင်းဆုံး ခံစားမှုမှာ ''အမုန်း'' များပင် ဖြစ်ပေသည်။ အမုန်းကို စွဲသုံးမိသူတိုင်း အရှုံးဆိုသည်ကို ရင်ဝယ်ပိုက် ကြရမည် ဖြစ်ပေသည်။

နေ့စဉ်နေ့တိုင်း အရေးကြီးသော အရာတစ်ခုကို ပြပါဟုဆိုလျှင် စိတ်ချမ်းသာရေး က အဓိကဟုပင် ဆိုနိုင် ပါပေသည်။ အမုန်းများစွာကြား အပြုံးများနှင့် နေထိုင်နိုင် သူကို လူတို့လေးစား တတ်ကြ ပေသည်။ လူဟုဆိုသမျှ မျှော်လင့်ချက်၊ ရည်မှန်းချက် ကိုယ်စီ ရှိကြရပေမည်။ လူတစ်ဦး အတွက် ဂရုပြုခံယူ သင့်သောအရာမှာ ရည်မှန်းချက်၊ မျှော်လင့်ချက် တို့ကို ဆုပ်ကိုင်ကာ အမှားများစွာ ထဲမှ ရုန်းထွက်ရန် သာလျှင် ဖြစ်ပေသည်။

ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း စစ်စစ်သည် သူတစ်ပါး၏ ပျော်ရွှင် ငြိမ်းချမ်းမှုကို အလေးထား ဆောင်ရွက် ပေးတတ်ခြင်း မှလည်း ရရှိနိုင်ပေသည်။ ချမ်းသာသူ တစ်ဦး ဖြစ်ရေးထက် လူအများ ဝမ်းသာစရာ ဖြစ်အောင် ဖန်တီးပေးနိုင်သည့် အသုံးဝင်သော လူတစ်ဦး ဖြစ်ရန် အရေးကြီး လှပေသည်။ ဘဝကို သောကများစွာ ထမ်းပိုးရင်း လျှောက်လှမ်းခြင်း က လောက အလှတရား များစွာကို ပျက်သုဉ်း စေတတ်ပေသည်။ သို့အတွက် လောက အလှတရားကို မြင်လို ပါသလား။ ဒေါသနှင့် အတ္တများကို လျှော့ထားဟုပင် ဆိုကြ ရပေမည်။

နံပါတ်တစ် ဖြစ်ရေးမှာ ခက်ခဲ သကဲ့သို့ပင် ထို နံပါတ်တစ် နေရာကို ကြာရှည်စွာ ထိန်းနိုင်ရေးက ပို၍ပင် ခက်ခဲ လှပေသည်။ လူသားအားလုံး ထိပ်ဆုံးမှာ မဖြစ်နိုင်သလို နောက်ဆုံး မှာလည်း မဖြစ်နိုင်ပါ။ အခြေအနေ၊ အချိန်အခါ၊ ကြိုးစားမှုအရ ဘဝတို့ ကွာခြားသွား နိုင်ပေသည်။ မည်မျှ ကွာခြားနေ ပါစေ၊ ဘဝတွင် ကောင်းမွန်စွာ ကိုင်ဆွဲထား သင့်သော အရာမှာ အမှားကို ကြာကြာကိုင်စွဲ မထားဘဲ အမှန်ပြင်ရေးပင် ဖြစ်ပေသည်။

လူ့လောကတွင် ရောက်လာပြီး လူ့ဘဝကို ရလာခြင်းကိုက ကောင်းမွန်သော ကံတရားကို ပိုင်ဆိုင်ထားပြီး ဖြစ်နေပေသည်။ ရလာသည့်ဘဝ၊ ရောက်နေသော အချိန်မှစပြီး အောင်မြင်မှု အမှန်တရား ပန်းတိုင်များ ဆီသို့ စတင်လျှောက်လှမ်း ကြရပေမည်။ ဘဝဆိုသော အရာကို လက်တွေ့ကျသော အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြင့် ပြောဆိုရပါမူ တိုက်ပွဲဝင်ရာ နေရာဟုပင် ဆိုနိုင်ပေသည်။ ကံတရားက လှေပေးသည် ဆိုလျှင်တောင် ကိုယ်တိုင်က လက်တွေ့ လှော်တက်ရှာကာ လှော်ခတ်ကြ ရမည် ဖြစ်ပေသည်။

အောင်မြင်မှုတိုင်း လွယ်လွယ် မရပါ။ လွယ်လွယ်ရသော အောင်မြင်မှု တိုင်းလည်း အနှစ်သာရ မရှိတတ်ပါ။ အနှစ်မရှိသော အောင်မြင်မှုတိုင်း နက်ရှိုင်းသော ကျေနပ် နှစ်သက်မှု မတွေ့ရတတ်ပါ။ လူ့ဘဝတွင် အပူပြင်းဆုံးနှင့် အပင်ပန်းဆုံး အရာကို ပြပါဟု ဆိုသမျှ လူတစ်ဦး သို့မဟုတ် လူအများကို မုန်းတီးသော အရာပင် ဖြစ်သည်။ လူ့ဘဝတွင် အနှစ်သာရ ရှိရှိ ရှင်သန်နိုင်ရေး အတွက် တက်ကြွစွာ လုပ်ဆောင်ကာ လောက၏ အလှဖန်တီးရှင် ဖြစ်အောင် လုပ်နိုင် ပါပေသည်။ ထိုသို့ ပြုလုပ်ရန် လိုက်နာသင့်သော အရာမှာ အလုပ်ကို ပျော်ရွှင်စွာ လုပ်တတ်ရမည်။ တက်ကြွစွာ လုပ်ရမည်။ ပြုံးရွှင်စွာ လုပ်ရမည် ဆိုသော အချက်များပင် ဖြစ်သည်။

အောင်မြင်ခြင်း၊ ကျရှုံးခြင်း ဆိုသည်မှာ ကြိုးစားရုန်းကန် သူနှင့် တိုက်ရိုက် ပတ်သက်နေသော အရာပင် ဖြစ်သည်။ ရှုံးနိမ့်လျှင် ရှုံးနိမ့်ပါစေ။ ထိုရှုံးနိမ့်မှု အတွက် စိတ်ဓာတ် မကျသူ၊ ငိုကြွေးခြင်း မပြုသူဖြစ်ဖို့ လိုအပ်လှ ပေသည်။ ဘဝတွင် နိမ့်ပါးလွန်း၍ ခြေနင်းခံ ရသည့် သဲပုံ၊ သဲမှုန် ဖြစ်ရခြင်းထက် ဘိလပ်မြေနှင့် ပေါင်း၍ လေဒဏ်ကို ကြံ့ကြံ့ခံကာ ကာကွယ် နိုင်သူဖြစ်ဖို့ အရေးကြီး လှပေသည်။ စိမ်းစိုလှသော လွင်ပြင်ကျယ်ကို အပေါ်စီးမှ မြင်လိုသမျှ မြင့်မားသော တောင်တန်းကို တက်ရဲသော သတ္တိ ရှိသင့်လှပေသည်။ သို့ဆိုပါလျှင် အောင်မြင်လို သူတိုင်း အမှားများကို ပြင်ဆင်၍ အောင်မြင်မှု မှတ်တိုင်မှာ ရပ်နိုင်ကြ ပါစေ။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း တက်ခြင်း


ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း တက်ခြင်း

ဒေါက်တာ လွင်သန့် (ဆေး-၂)

ခေါင်းမူး ခေါင်းခဲခြင်းသည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ ခေါင်းမူးခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း တစ်ခုခု ဖြစ်လာခဲ့ပါက ဖျားခြင်း၊ နာခြင်း ၊ သွေးအားနည်းခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်း၊ စိတ်မပျော်ရွှင် ခြင်းနှင့် မူးဝေ အော့အန်ခြင်းတို့ ဖြစ်နိုင်သည်။

ခေါင်းမူးလျှင် အက်စပရင် တစ်လုံး၊ ပါရာစီတမော တစ်လုံး သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့် အတိုင်း သောက်သင့်သည်။ ရေချိုးခြင်း၊ အရက်၊ ဘီယာ သောက်ခြင်းမျိုး မပြုလုပ် သင့်ပါ။

တက်ခြင်းသည် ရောဂါမဟုတ်ဘဲ ရောဂါတစ်ခု၏ လက္ခဏာသာ ဖြစ်သည်။ ကလေးများ ဖျားလျှင် တက်တတ်သည်။ ၄၅ ရာခိုင်နှုန်း သည် ဖျား၍ တက်ကြသည်။ ၃ဝ ရာခိုင်နှုန်း သည် ဝက်ရူးပြန် (မွေးရာပါ) ရောဂါကြောင့် တက်သည်။ ၂၅ ရာခိုင်နှုန်း သည် အခြား အကြောင်းကြောင့် ဖြစ်သည်။

ဦးနှောက် ဒဏ်ရာရခြင်း၊ တုတ်ဖြင့်ခေါင်းကို အရိုက်ခံရခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ဘောလုံးကန်ခြင်း၊ အရက် အမူးလွန်ခြင်း တို့ကြောင့်လည်း တက်တတ်သည်။ တစ်ကြိမ်တက် ဖူးလျှင် မကြာခဏ တက်တတ်သည်။ ကလေးဘဝ အတက်ရောဂါ သည် ကလေးကြီးပြင်း လာလျှင် ကြီးထွား ဟော်မုန်းကြောင့် အတက်လျော့သည်။

မည်သည့် အကြောင်းကြောင့် တက်သည်ဖြစ်စေ ဦးနှောက်ကို အဆမတန် လှုံ့ဆော်ခြင်း ဖြစ်၍ ရေရှည်အတွက် မကောင်းပါ။ ကလေး၏ ဦးနှောက် ပျက်စီးကာ စာသင်ကြား နိုင်ခြင်းမရှိဘဲ ဉာဏ်ရည်မမီ ဖြစ်သွား နိုင်သည်။ ဦးနှောက်ကို လှုံ့ဆော်ခြင်းမှာ ကြွက်သားများ လှုပ်ရှား၍ ခြေလက်များ ကောက်ကွေးခြင်း၊ ပါးစပ်က အမြှုပ်ထွက်ခြင်း၊ မျက်လုံးမျက်ဆန် လန်ခြင်း၊ အသက်ရှူ ရပ်သွားခြင်း၊ တောင့်တင်းခြင်းများ ဖြစ်တတ်သည်။

ပြုစုနည်းမှာ

  • (၁) လူနာ လိမ့်မကျ စေရန် ခုတင် သို့မဟုတ် စားပွဲပေါ်တွင် မထားရှိဘဲ ကြမ်းပြင်ပေါ်သို့ ရွှေ့ထားရမည်။ 
  • (၂) မီး၊ပန်ကာ၊ ဓာတ်ကြိုး၊ ရေမြှုပ်များ နှင့်ဝေးရာတွင် ထားသင့်သည်။ 
  • (၃) တက်သူအား ချောင်ချိသော အဝတ်အစားများ လဲလှယ်ပေးရမည်။
  • (၄)လျှာမကိုက်မိ စေရန် တက်နေသူ၏ ပါးစပ်ကိုဖွင့်၍ ဇွန်းအမြီးကို အဝတ်နှင့် ပတ်ကာ ထည့်ထားသင့်သည်။ လက်ကိုင်ပုဝါ သို့မဟုတ် အဝတ်စတစ်ခုခုကိုက်ထား စေလျှင်လည်း ရသည်။ 
  • (၅) ကလေးများ အဖျားအရမ်း ကြီးလျှင် ခေါင်းကစ၍ ရေလောင်းချ ရမည်။ စအိုထဲသို့ အဖျားကျဆေး ပါရာစီတမော ဝမ်းချူတောင့် ထည့်နိုင်သည်။ အတက်ကျဆေး ဒိုင်ယာစီပင် ထည့်ပေး နိုင်သည်။ 
  • (၆) ဗေလီယန် အကြောထဲ ထည့်ထိုးလျှင် ချက်ချင်း အတက်ကျ သွားသည်။ 
  • (၇) မိသားစုဝင်များ နှစ်သိမ့် ဆွေးနွေးရမည်။ အားပေးရမည်။ 
  • (၈) ဆရာဝန်နှင့် ပြသရမည်။ 
  • (၉) စိတ်ဖိစီးမှုမရှိသင့်ပါ။ 
  • (၁ဝ) တက်သည့်အချိန် ကြာမြင့်သည်နှင့် အမျှ အသက်အန္တရာယ် စိုးရိမ်ရသည်။ 
  • (၁၁) အတက် ဖြစ်စေသည့် အဖျားကြီးခြင်း၊ နှလုံး သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကို ကုသထား ရမည်။ 
  • (၁၂) ကလေးများ သန်ထပါက ဝက်ရူးပြန် ကဲ့သို့သော အတက်မျိုး ဖြစ်တတ်သည်။ နှစ်စဉ်မိုးဦးနှင့် မိုးနှောင်း ကာလတွင် နှစ်ကြိမ် သန်ချဆေး ကျွေးရမည်။ လူကြီးများ လည်း သန်ချဆေး စားပေးရမည်။ 
  • (၁၃) တက်တတ်သည့် သူများသည် ယာဉ်မောင်း၊ အကြော်အလှော်၊ လက်နက်ကိုင် ဝန်ထမ်း စသည်ဖြင့် အန္တရာယ် ဖြစ်စေသည့် အလုပ်များကို မလုပ် သင့်သလို စွန့်စားပြီး မခိုင်းသင့်ပါ။ 
  • (၁၄) တက်သည့် ကလေးသည် တစ်ပန်းရှုံး နေသဖြင့် စာမလိုက်နိုင်သည့် ကလေး၊ ဉာဏ်ရည် မမီသည့် ကလေးဖြစ်တတ်၍ ကလေး၏ အနာဂတ်ကို သိပ်ပြီးမျှော်လင့် မထားရန် မိဘများကို နှစ်သိမ့် ဆွေးနွေး ထားရမည်။ ပထမ တစ်ယောက် မွေး၍ တက်တတ်သော ကလေးဖြစ် လာသော်လည်း နောက်ကလေး များတွင် မဖြစ်ပွားနိုင်ပါ။ 
  • (၁၅) လူကြီး၊ လူငယ်မရွေး တက်ခြင်းကို ပြေလျော့ စေသည့်နည်းလမ်း မှာ ဘာသာရေး လိုက်စားခြင်း၊ တရားနာခြင်း၊ တရားထိုင် ခြင်းများ လုပ်ရမည်။ ။


#Themyawadydaily
#မြ၀တီနေ့စဉ်

ကပ်ရောဂါဟောင်း နှင့် ကပ်ရောဂါသစ်များ ကာကွယ်ရေး


ကပ်ရောဂါဟောင်း နှင့် ကပ်ရောဂါသစ်များ ကာကွယ်ရေး


လူသားတို့ အဖို့ ခန္ဓာကိုယ်ကြီး ရှိနေသမျှ ကာလပတ်လုံး အနာရောဂါ တို့၏ နှိပ်စက်မှု ဒဏ်ကို ခံစားနေကြ ရမည်သာ ဖြစ်ကြောင်း ဂေါတမ မြတ်စွာဘုရား က မိန့်ကြားခဲ့သည်။ အနာရောဂါတို့ ပျောက်ကင်း သက်သာ စေရန် ဆေးကုသမှု အတတ်ပညာ တို့သည်လည်း လူ့ယဉ်ကျေးမှု နှင့်အတူ ပြောင်းလဲ တိုးတက် ထွန်းကား လာခဲ့ရာ ဆေးပညာရှင် တို့သည် ကုသရေး အတွက် အစွမ်းထက် ဆေးများ ထုတ်လုပ်ခြင်း နှင့် ထိရောက်သော ကုသမှုပေးနိုင်ရေးတို့ အတွက် သုတေသန လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ တက္ကသိုလ်မှ မျက်စိကု ဆရာဝန်ဒေါက်တာ ဂျေယာကရစ်ရှ် နားအမ်ဘာတီ ဦးစီး ထုတ်ဝေသော သိပ္ပံဂျာနယ်၌ ကမ္ဘာတစ်ဝန်းရှိ သက်ကြီး ရွယ်အိုသန်း ၅ဝ ခန့်သည် မျက်စိ အမြင်အာရုံ ချို့တဲ့သည့် ရောဂါဝေဒနာ ခံစားနေကြ ရပြီး ၂ဝ၂ဝ ပြည့်နှစ် ရောက်သော် သန်း ၂ဝဝ အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းဖော်ပြ ထားသည်။ အသက်အရွယ် ကြီးရင့်ခြင်း ကြောင့် အမြင်အာရုံ ချို့တဲ့သည့် ရောဂါသည် ကူးစက် ရောဂါအသွင် ဖြစ်ပွားမှု များပြား လာခြင်းကြောင့် ထိရောက်သော ကုသမှု ပေးနိုင်ရန် လိုအပ်လာပြီ ဖြစ်သည်။

မျက်ကြည်လွှာ၏ အလယ်တွင် တည်ရှိသော အမြင် အာရုံကြောသေ ရောဂါသည် နာတာရှည် ရောဂါအဖြစ် အခြောက်နှင့် အစို ( dry and wet ) ဟူ၍ ပုံစံနှစ်မျိုး ဖြစ်ပွားလျက် ရှိရာ အစိုရောဂါ ဖြစ်ပွားသူ ဦးရေ၏ သုံးပုံတစ်ပုံကိုသာ အမြင်အာရုံ ပြန်လည် ရရှိအောင် ကုသပေး နိုင်ခဲ့သည်။ အခြောက်ရောဂါ ဝေဒနာသည် အစိုရောဂါ လောက် မပြင်းထန် သော်လည်း ရောဂါခံစားရ သူဦးရေ ပိုများသည်။ မျက်စိ သူငယ်အိမ် အောက်ရှိ ပုံမှန် မဟုတ်သော သွေးကြောများမှ သွေးနှင့် သွေးရည်ကြည်များ ယိုစိမ့်ခြင်း ကြောင့် အမြင် အာရုံကြောသေ ရောဂါအစို ဖြစ်နိုင်ပြီး မျက်စိ သူငယ်အိမ် အတွင်းရှိ အကြောမျှင် ကလေးများ ပြတ်တောက် ခြင်းကြောင့် အမြင် အာရုံကြောသေ ရောဂါအခြောက် ဖြစ်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ အတွင်း အသုံးပြုခဲ့သည့် ခုခံအား ကျဆင်းမှု ရောဂါ ကုသရေး ဆေးများသည် ကပ်ရောဂါ အသွင် ဖြစ်ပွားလျက် ရှိသော အမြင် အာရုံကြောသေ ရောဂါ ထိန်းချုပ်ရေး အတွက် ဘေးထွက်ဆိုးကျိုး မရှိ ကုသနိုင်စွမ်း ရှိကြောင်း သုတေသီ များက စမ်းသပ်တွေ့ရှိ ထားကြပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများတွင် ရာစုနှစ် ငါးခုမျှ ငုပ်နေသော ပလိပ်ရောဂါ (Plague) သည် မာဒါဂက်စ်ကာ နိုင်ငံ၌ ယခုနှစ် သြဂုတ်လမှ စ၍ ပြန်လည် ဖြစ်ပွားခဲ့ရာ ရောဂါဖြစ်ပွားသူ ၁၁၉ ဦး အနက် လူ ၄ဝ သေဆုံးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရောဂါ ထိန်းချုပ်ရေး အတွက် ရောဂါကူးစက် စေနိုင်သော ပိုးမွှားနှင့် လှေးများ (Fleas) နှိမ်နင်းရေး ဆောင်ရွက် နေကြောင်း သိရသည်။ ကမ္ဘာတွင် ၁၆ ရာစုနှစ် ဝန်းကျင်က ပလိပ်ရောဂါ ဖြစ်ပွားခဲ့ရာ လန်ဒန်မြို့ တစ်မြို့တည်း မှာပင် လူတစ်သိန်း သေဆုံးခဲ့သည်။ ယခု လတ်တလော အသစ် ဖြစ်ပွားလာသည့် အီဘိုလာ ရောဂါသည် နိုင်ငံ ခြောက်နိုင်ငံ၌ ကူးစက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်အထိ ရောဂါ ဖြစ်ပွားသူ ၁၅၃၅၁ ဦးအနက်မှ ၅၄၅၉ ဦးသေဆုံးခဲ့ပြီး ဖြစ်သည်။


ယနေ့ ကမ္ဘာ့ပြည်သူ များ၏ ကျန်းမာရေး အခြေအနေသည် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရောဂါဘယ ထူပြောသော ဆိုးကျိုးနှင့် ကြုံတွေ့ နေရချိန်တွင် ယခင် ငုပ်နေသော ကူးစက်မြန် ကပ်ရောဂါ ကလည်း ပြန်လည်ခေါင်းထောင် လာပြန်ရာ ရတက်မအေးဖွယ် အခြေအနေ ရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ်က ဆရာဝန် ဦးရေနှင့် လူဦးရေ အချိုးအစားမှာ ၁ အချိုး ၃၃ဝဝ ရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် ၁ အချိုး ၁၂၂၆၁ သို့ ပြောင်းလဲ နိုင်ခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ၁ အချိုး ၁၁ဝဝ သို့ လျှော့ချရန်နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက် ရှိရာ ပြည်သူ့ကျန်းမာရေး ကုသ စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို ထိရောက်မှု ရှိရေး ပြည်ထောင်စု တပ်မတော်က တစ်တပ်တစ်အား ပါဝင် ဆောင်ရွက် နေကြောင်း တွေ့ရပေရာ ပြည်သူအားလုံး စိတ်နှလုံးချမ်း မြေ့ဖွယ်ပင် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

#မြ၀တီနေ့စဉ်

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၁၂)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၁၂)

( ၂၅-၁၁-၂၀၁၄ ရက်ထုတ် ဂျာနယ်အား Download ရယူနိုင်ပါသည်။ )

Download Links
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger