www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 5, 2015

အင်္ဂါဂြိုဟ်ပေါ်တွင် တွေ့ရှိသည့်ရေကို အနီးကပ်လေ့လာခြင်း မပြုရန် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် စာချုပ်ဖြင့်တားမြစ်ထား


MARS Rover CURIOSITY

ဝါရှင်တန် ၊ ၅-၁၀-၂၀၁၅

ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးပတ်က အင်္ဂါဂြိုဟ် ပေါ်တွင် ရေစီးဆင်းလျက် ရှိသည်ကို Curiosity စူးစမ်း လေ့လာရေးယာဉ် က တွေ့ရှိခဲ့ သော်လည်း ၁၉၆၇ ခုနှစ် အပြည်ပြည် ဆိုင်ရာ သဘော တူညီချက် စာချုပ်အရ ၄င်းရေကို Curiosity က အနီးကပ် သွားရောက် စူးစမ်း လေ့လာခွင့် မရှိကြောင်း သိရသည်။

''အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား ဖြစ်စေတဲ့ ဓာတုပစ္စည်း တွေကို တွေ့ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဆားငန်ရေ စီးဆင်းနေတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်တွေ ရှိ၊ မရှိရာနှုန်းပြည့် အတည်ပြု နိုင်ဖို့ အဲဒီ ဆားပွင့်တွေ၊ ရေတွေကို သိပ္ပံပညာရှင် တွေက ကိုယ်တိုင် ကိုယ်ကျ ကိုင်တွယ် ကြည့်ရှုလေ့လာ ပြီးမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂါဂြိုဟ် ပေါ်ကို သုတေသီတွေ သွားပြီး လေ့လာဖို့ ဆိုတာ မဖြစ်နိုင်သေး ပါဘူး။ အဲဒီကို ရောက်နှင့်နေတဲ့ Curiosity စူးစမ်း လေ့လာရေး ယာဉ်ကို လွှတ်ဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ Curiosity ဟာ ကမ္ဘာမြေကနေ အင်္ဂါဂြိုဟ် ပေါ်ကို မိုင်ပေါင်း ၂၂၅ သန်း ထက်မနည်း ဖြတ်သန်း သွားရောက်ခဲ့ ရတာ ဖြစ်တဲ့အတွက် လမ်းခရီးမှာ Curiosity ရဲ့ ကိုယ်ထည်ပေါ်ကို အမျိုးအမည် မသိတဲ့ မိုက်ခရို ဗက်တီးရီးယား မျိုးစုံ တွယ်ငြိ လိုက်ပါခဲ့နိုင် ပါတယ်။ Curiosity ကို ပိုးသတ် သန့်စင်တာ မလုပ်ဘဲ အဲဒီရေနားကို သွားလို့ မရပါဘူး။ အခု Curiosity ကို ရေရှိတယ်လို့ ယူဆရတဲ့ နေရာနဲ့ ကီလိုမီတာ ၅ဝ အကွာမှာ ရပ်ထားရ ပါတယ် .. '' ဟု နာဆာ သုတေသီ တစ်ဦးက ရှင်းပြသည်။

''အင်္ဂါဂြိုဟ်ပေါ် ရောက်နေတဲ့  Curiosity ကို ပိုးသတ်ဖို့က တစ်နည်းပဲ ရှိပါတယ်။ အလွန် ပြင်းထန်တဲ့ ခရမ်းလွန် ရောင်ခြည်နဲ့ ပက်ဖျန်းပေးဖို့ပါ။ အပြည့်အဝ ပိုးသန့်စင်တာ မလုပ်သေးဘဲ Curiosity ဟာ ရေနားကို သွားခွင့်မရှိပါဘူး '' ဟု ဆွင်းဘန် တက္ကသိုလ် မှ နက္ခတ်ဗေဒ ပညာရှင် အယ်လင်ဒါဖီ က ပြောပြသည်။

အပြည်ပြည် ဆိုင်ရာ ၁၉၆၇ ခုနှစ် အာကာသ ဟင်းလင်းပြင် ဆိုင်ရာ သဘော တူညီချက် စာချုပ်တွင် ကမ္ဘာပြင်ပ အခြားတစ်နေရာ ၌ ရေဓာတ် တွေ့ရှိခဲ့လျှင် ၄င်း ရေဓာတ်ထဲသို့ ကမ္ဘာမှ သက်ရှိဓာတ် ရောက်မသွား စေရေးအတွက် လူကိုဖြစ်စေ၊ စက်ရုပ်ကို ဖြစ်စေ၊ ယာဉ်တစ်မျိုးမျိုး ကိုဖြစ်စေ စေလွှတ်ကာ စူးစမ်း လေ့လာခြင်း မပြုရန် တားမြစ် ထားကြောင်း သိရသည်။

#Yadanarpondaily



ဒိုင်နိုဆောများ မျိုးသုန်းရခြင်းသည် ဥက္ကာပျံတစ်ခုတည်းကြောင့် မဟုတ်ဘဲ မီးတောင် ပေါက်ကွဲမှုကြောင့်လည်း ဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိ



ဝါရှင်တန် ၊ ၅-၁၀-၂၀၁၅

ကမ္ဘာပေါ်ရှိ ဒိုင်နိုဆောများ မျိုးသုဉ်း ပျောက်ကွယ် သွားရသည့် အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၆ သန်းက ကမ္ဘာကြီး ကို အရှိန်ပြင်းစွာဖြင့် ဝင်တိုက် မိခဲ့သော ဥက္ကာပျံ ကြောင့်ဟု သိပ္ပံ ပညာရှင်များ ယူဆ သတ်မှတ်ခဲ့ရာ ယခု နောက်ဆုံး လေ့လာ တွေ့ရှိချက် အရ ဥက္ကာပျံ ဝင်ရောက် တိုက်မိခြင်း နှင့်အတူ မီးတောင်များ ပေါက်ကွဲခြင်း လည်း ပါဝင်သည်ဟု နိုင်ငံတကာ ပူးပေါင်း သုတေသီ များက ပြောပြသည်။

''ဒိုင်နိုဆောတွေ မျိုးသုဉ်း ပျောက်ကွယ် သွားရတဲ့ တရားခံကို ကျွန်တော်တို့ အစဉ်ရှာဖွေ နေခဲ့ပါတယ်။ အများစု ကတော့ ဥက္ကာပျံ ကိုပဲ လက်ညှိုးထိုး ပါတယ်။ မီးတောင်တွေ ဆက်တိုက် ပေါက်ကွဲလို့ ဆိုပြီး ငြင်းချက်ထုတ်တဲ့ သိပ္ပံပညာရှင် တွေလဲ ရှိပါတယ်။ အခု အိန္ဒိယနိုင်ငံက ချော်ရည် စီးကြောင်း တွေဟာ အဲဒီတုန်းက တစ်ချိန်တည်းမှာ ပေါက်ကွဲခဲ့တဲ့ အထောက်အထား ကို တွေ့ရလို့ ဒိုင်နိုဆောတွေ ဘာကြောင့် မျိုးသုဉ်း သွားတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တွေတော့ အရှိန်မြင့် လာအုံးမယ်လို့ ယူဆရပါတယ် '' ဟု ပူရ်ဒူး တက္ကသိုလ် မှ  ဂြိုဟ်စူးစမ်း လေ့လာရေး သိပ္ပံပညာရှင် ဟင်နရီမေလို့ရှ် က ပြောပြသည်။

ဖော်ပြပါ ချော်ကျောက် များသည် အိန္ဒိယနိုင်ငံ၊ ဒက်ကန်ဒေသ တွင် တည်ရှိပြီး ချော်ကျောက်များ တစ်လွှာပြီး တစ်လွှာ ထပ်နေသည့် ပုံစံသည် အလွန်တရာ ကြီးမားသော မီးတောင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ခိုင်မာသော အထောက်အထား များ ဖြစ်ကြောင်း၊ ထိုစဉ်က ချော်ရည်ပူ များသည် ကျူးပစ် ကီလိုမီတာ သန်းတစ်ဝက်ခန့် ပင် ထူထဲ နိုင်ကြောင်း၊ ထိုမျှ များပြားသော ချော်ရည်သည် ကမ္ဘာ တစ်ခုလုံးကို တစ်မီတာ အနက်ထိ ဖုံးလွှမ်းရန် လုံလောက်ကြောင်း သုတေသီ များက ပြောပြသည်။

ထိုမျှ များပြားသော ချော်ရည်များကို မှုတ်ထုတ်ရန် အလွန် အားပြင်းသော မီးတောင်များ ရာထောင်ချီ၍ တစ်ပြိုင်နက်တည်း ပေါက်ကွဲရမည် ဖြစ်ရာ ၄င်း ပေါက်ကွဲမှုများ ကြား ဒိုင်နိုဆော အပါအဝင် မည်သည့် သက်ရှိမျှ
ရှင်သန် ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း၊ ၄င်းအချိန်တွင် ဥက္ကာပျံ ကလည်း ဝင်တိုက်မိခြင်း ကြောင့် အခြေအနေမှာ ပို၍ ဆိုးလာခြင်း ဖြစ်ကြောင်း သုတေသီများက နောက်ဆုံး ငြင်းခုံ ဆွေးနွေးလျက် ရှိသည်ဟု သိရသည်။

#Yadanarpondaily

ဘ၀အိပ်မက် ရည်မှန်းချက်


ဘ၀အိပ်မက် ရည်မှန်းချက်

လူတိုင်းလူတိုင်းတွင် ဘဝအတွက် အိပ်မက်ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိကြသည်။ ထို အိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည် ပေါ်စေရန် ဆောင်ရွက်ကြ ရာတွင် အခက်အခဲ မျိုးစုံ ကြုံတွေ့ရစမြဲ ဖြစ်သည်။ ထို အခက်အခဲ များကို ရင်ဆိုင်၍ အနိုင်ယူ နိုင်သူသည် ၄င်း၏ အိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ကြသည်။

ဘဝအိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရာတွင် အချိန်တိုအတွင်း ယှဉ်ပြိုင်ရမှု၊ အချိန်လတ် အတွင်း ယှဉ်ပြိုင်ရမှုနှင့် ရေရှည်ယှဉ်ပြိုင် ရမှုများကို ကြုံတွေ့ကြ ရာတွင် တာတိုတွင် ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ် ဟူသည့် အပြေး အားကစားသမား တို့ထုံး နှလုံးမူ ကြရမည် ဖြစ်သည်။

အချိန်တို အတွင်း ရင်ဆိုင်ဖြေရှင်း ရမည့်ကိစ္စကို လုံ့လဝီရိယ စိုက်ထုတ်၍ စိတ်ရော ကိုယ်ပါ ကြိုးစား ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရနိုင်သည်။ ဥပမာ အားဖြင့် တစ်နှစ်ဟူသော ကာလအတွင်း တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင် လိုပါက ဝီရိယ စိုက်ထုတ်၍ ကြိုးစားပါက အောင်မြင်နိုင်မည် ဖြစ်သည်။

အချိန်လတ် ကာလအတွင်း ရင်ဆိုင်ဖြေရှင်း ရမည့်ကိစ္စကို အဆုံးအဖြတ် ခိုင်ခိုင်မာမာ ချကာ ရင်ဆိုင်ဖြေရှင်း ခြင်းဖြင့် အောင်မြင်မှု ရနိုင်သည်။ ဥပမာ အားဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်၍ တက္ကသိုလ် များ၌ တက်ရောက် ပညာသင်ကြား ရာတွင် မိမိ၏ အိပ်မက်၊ ရည်မှန်းချက်နှင့် ကိုက်ညီသည့် ဘာသာရပ်ကို ရွေးချယ် ဆုံးဖြတ်၍ သင်ယူခြင်းဖြင့် ထို ဘာသာရပ်၌ ထူးချွန် နိုင်သကဲ့သို့ ဘဝအိပ်မက် ရည်မှန်းချက် ကို ပြည့်ဝ စေနိုင်သည်။

အချိန်ရှည် ကာလအတွင်း ရင်ဆိုင်ဖြေရှင်း ရမည့် ကိစ္စကို စိတ်ဓာတ် ခွန်အားဖြင့် ရင်ဆိုင် ဖြေရှင်း၍ အောင်မြင်မှုကို ရယူနိုင်သည်။ ဥပမာ အားဖြင့် မိမိအိပ်မက် ရည်မှန်းချက် လမ်းကြောင်းပေါ် ရောက်နေချိန်တွင် အရှုံးမပေးသော စိတ်ဓာတ်၊ အောင်မြင်ရမည် ဟူသော ခံယူချက်တို့ဖြင့် ဘဝကို အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့သော လျှပ်စစ်ကို ရှာဖွေတွေ့ ရှိခဲ့သူ မိုက်ကယ ဖာရာဒေး ကဲ့သို့ ကြိုးစားပါက အောင်မြင်မှုကို ရရှိနိုင်သည်။

သို့ဖြစ်ရာ လူတိုင်း ကိုယ်စီ၌ ရှိကြသည့် ဘဝအိပ်မက် ရည်မှန်းချက်ကို ဖော်ဆောင်ရာတွင် မဖြစ်ပေါ် သေးသည့် မကောင်းမှုကို မဖြစ်ပေါ်အောင်၊ ဖြစ်ပြီး မကောင်းမှုကို ဆက်၍ မဖြစ်အောင်၊ မပြုလုပ် ရသေးသည့် ကောင်းမှုကို ဖြစ်ပေါ်လာအောင်၊ ပြုပြီး ကောင်းမှုကို တိုးတက် လာအောင် လုံ့လဝီရိယ များများ၊ အဆုံးအဖြတ် ခိုင်ခိုင်မာမာ၊ စိတ်ဓာတ်ခွန်အား အပြည့်ဖြင့် ကြိုးစား သွားပါက အောင်မြင်မှုကို ရယူနိုင် ပါကြောင်း ရေးသား လိုက်ရ ပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၅-၁၀-၂၀၁၅) တနင်္လာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၅-၁၀-၂၀၁၅) တနင်္လာနေ့

Download Links


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger