Pages

Thursday, February 28, 2013

အိန္ဒိယလေတပ်သည် လာမည့် ၂၀၁၄ ခုနှစ် အကုန်ပိုင်းတွင် ဘရာမို့စ် ဒုံးပျံများ တပ်ဆင်သွားမည်


၂၈-၂-၂၀၁၃

အိန္ဒိယ လေတပ်သို့ အသံထက် ၃ ဆမြန်သည့် ဘရာမို့စ် ခရုဇ် ဒုံးပျံများ ပေးအပ် သွားရေး အစီအစဉ် သည် ၂၀၁၄ ခုနှစ် အကုန်ပိုင်းတွင် အသင့်ရှိမည် ဖြစ်ကြောင်း နှင့် ၄င်း ဒုံးပျံများကို ၂၀၁၇ ခုနှစ်တွင် အသံထက် ၇ ဆ မြန်သည့် မြန်နှုန်းမြင့် ခရုဇ် ဒုံးပျံများ အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း ဘရာမို့စ် လေကြောင်း ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဆီဗာတာ နူဖီလိုင် က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြေကြား ခဲ့သည်ဟု ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။

ဥရောပ ၊ အမေရိကန် နှင့် တရုတ်နိုင်ငံ တို့က ထိုကဲ့သို့သော ဒုံးပျံများ ထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိစဉ် အိန္ဒိယ နိုင်ငံ အနေဖြင့် အသံထက် ၈ ဆမြန်သည့် ဒုံးပျံများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ဘရာမို့စ် ဒုံးပျံသည် မြေပြင် နှင့် ရေပြင်တို့မှ ပစ်လွှတ်နိုင်သည့် ဒုံးပျံ အမျိုးအစား ဖြစ်ပြီး ကမ္ဘာ့ အမြန်ဆုံး ခရုဇ်ဒုံးပျံ များအနက် တစ်မျိုး ဖြစ်ကြောင်း နှင့် လက်ရှိ အသုံးပြုလျက် ရှိကြောင်း သိရသည်။ ဘရာမို့စ် လေကြောင်း ကုမ္ပဏီသည် အိန္ဒိယ နိုင်ငံပိုင် ကာကွယ်ရေး သုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ( DRDO ) နှင့် ရုရှား နိုင်ငံမှ NPO Mashinostroyenia ကုမ္ပဏီတို့ အကြား ပေါင်းစပ် ထားသည့် ပူးပေါင်း ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ZinHua

အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် အဖြစ် Chuck Hagel အား လွှတ်တော်က အတည်ပြု



၂၈-၂-၂၀၁၃

အမေရိကန် အထက်လွှတ်တော် သည် ကာကွယ်ရေး ၀န်ကြီးသစ် အဖြစ် အသက် ၆၆ နှစ် အရွယ်ရှိ ဗီယက်နမ် စစ်ပြန် Chuck Hagel အား ထောက်ခံမဲ့ ၅၈ မဲ ၊ ကန့်ကွက်မဲ့ ၄၁ မဲဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် မဲပေး အတည်ပြု ခန့်အပ် ခဲ့ကြောင်း နှင့် ၄င်းသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။

Chuck Hagel သည် လက်ရှိ ကာကွယ်ရေး ၀န်ကြီး ဖြစ်သည့် လီယွန်ပန်နက်တာ ၏ နေရာတွင် ဆက်ခံ သွားမည် ဖြစ်သည်။ အစ္စရေး နှင့် အီရန် နိုင်ငံတို့ အပေါ် Chuck Hagel ၏ အမြင်သည် အများအမြင် နှင့် ကွဲလွဲလျက် ရှိသည့် အတွက် ရီပတ်ဘလစ်ကန် အမတ် အချို့က ၄င်းအား အမည်စာရင်း တင်သွင်းမှုကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြသည်။ Chuck Hagel သည် အမေရိကန် နိုင်ငံ၏ သြဇာအာဏာ နှင့် စစ်ရေး စွမ်းပကား တို့နှင့် ပတ်သက်၍ သမ္မတ အိုဘားမား ၏ သဘောထား အမြင်များ အတိုင်း ကျင့်သုံး ဆောင်ရွက် သွားမည်ဟု ယုံကြည်ရပြီး အာဖဂန် နစ္စတန် မှ အမေရိကန် တပ်ဖွဲ့ဝင်များ အမြန်ဆုံး ရုပ်သိမ်းနိုင်ရေး အိုဘားမား ၏ ကြိုးပမ်း ချက်ကို ထောက်ခံ သွားမည်ဟုလည်း ရှုမြင် ရသည်ဟု သိရသည်။

၎င်း တာဝန် ထမ်းဆောင်သည့် အချိန်သည် လွှတ်တော် နှင့် အစိုးရ အကြား အသုံးစရိတ် ဖြတ်တောက် လျော့ချမှု နှင့် ပတ်သက်၍ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေသည့် အချိန်အခါ ဖြစ်နေကြောင်း သိရသည်။ သို့ရာတွင် အစိုးရအဖွဲ့ နှင့် ကာကွယ်ရေး ၀န်ကြီး လီယွန်ပန်နက်တာ တို့က Chuck Hagel ၏ စွမ်းဆောင်ရည် အပေါ် ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။ အာဖဂန် စစ်ပွဲ အဆုံးသတ်ရေး ၊ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး ၊ လက်ရှိ ကာလ စိန်ခေါ်ချက်များ ရင်ဆိုင် ဖြေရှင်းရေး နှင့် ကမ္ဘာပေါ်တွင် တိုက်စွမ်းအား အမြင့်မားဆုံး တပ်မတော် အဖြစ် ထိန်းသိမ်း ထားရေး တို့နှင့် ပတ်သက်၍ Chuck Hagel ၏ အကြံပြုချက် များကို အလေးထား ထည့်သွင်း စဉ်းစား သွားမည် ဖြစ်ကြောင်း အိုဘားမား က ကြေညာချက် တစ်စောင်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရသည်။

မုံရွာမြို့ ကန်သာယာကန်ကြီးအား ဘေးမဲ့ကန်အဖြစ် သတ်မှတ်



မုံရွာ ၊ ၂၈-၂-၂၀၁၃

မုံရွာမြို့ ၊ ကန်သာယာ ကန်ကြီးသည် ဧက ၂၀၀ ခန့် ကျယ်ဝန်းကြောင်း သိရသည်။ အဆိုပါ ကန်ကြီး အတွင်း မြို့သက် ၁၀၀ ပြည့်နှစ် အဖြစ် ၁၉၈၈ ခုနှစ်တွင် ဥာဏ်တော် ၃၆ ပေရှိ ရာပြည့် ကပ်ကျော် မင်္ဂလာ မဟာစေတီ တော်ကို ပြည်သူများ ကိုးကွယ်နိုင်ရန် တည်ထား ခဲ့သည်။ ထို့အတူ အဆိုပါ ကန်သာယာ အားလည်း ဘေးမဲ့ကန် အဖြစ် ၄င်းနှစ်တွင်ပင် သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဘေးမဲ့ကန် အဖြစ် သတ်မှတ် ခဲ့သော်လည်း ၄ နှစ်ခန့်သာ ဘေးမဲ့ကန် အဖြစ် တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် ကန်အတွင်း ငါးများ ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ယနေ့ အချိန်ခါ ကာလသည် ကမ္ဘာနှင့် အ၀ှမ်းတွင် ရာသီဥတု ပြောင်းလဲ ဖြစ်စဉ်များ မြန်ဆန်စွာ ပြောင်းလဲ လာပြီး ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ် လျက်ရှိရာ မုံရွာမြို့ သည်လည်း အဆိုပါ ဖြစ်စဉ် အတွင်း ပါဝင် ပတ်သက်လျက် ရှိခြင်းကြောင့် အပူရှိန် မြင့်မားမှု နှင့် မိုးခေါင်မှုကို နှစ်စဉ် ခံစား ရလျက် ရှိသည်။ ထို့အတူ ကန်သာယာ ကန်ကြီး သည်လည်း ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း ၊ အပူရှိန် လွန်ကဲမှု ၊ ကန်အတွင်း ရေ၀င်ရောက်မှု တစ်နှစ်ထက် တစ်နှစ် နည်းပါး လာပြီး ကာလ ကြာမြင့် လာပါက တိမ်ကော ပျောက်ကွယ် သွားမည်ကို စိုးရိမ် စရာ ဖြစ်လာကြောင်း သိရသည်။

ဗုံးဟောင်းတစ်လုံး ပေါက်ကွဲမှု ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွား



မုံရွာ ၊ ၂၈-၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်း မြို့နယ် ၊ ကျခတ်ကျေးရွာ ဦးခွေးညို ၏ လယ်ကွင်း အတွင်းတွင် ဗုံးဟောင်း တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲ ခန့်တွင် ကျခတ် ကျေးရွာ ဦးပုဒ်ကုန်း ဘုန်းတော်ကြီး ကျောင်းနှင့် တောင်ဘက် ကိုင် ၁၀၀ ခန့် အကွာရှိ တောင်သူ ဦးခွေးညို ၏ လယ်ကွက် အတွင်းမှ ဗုံးဟောင်း တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၊ ဗုံးပေါက်ကွဲ မှုကြောင့် အကျယ် ၂ ပေနှင့် အနက် ၂ ပေခန့် ကျင်းတစ်ကျင်း ဖြစ်သွားကြောင်း သိရသည်။

အဆိုပါ ဗုံးဟောင်း ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း နှင့် လယ်ကွက် အတွင်းမှ အလျား ၆ လက်မ ၊ အနံ ၆ လက်မရှိ ဗုံးအစ ၊ အလျား ၆ လက်မ အနံ ၄ လက်မရှိ ဗုံးအစ နှင့် အလျား ၃ လက်မ အနံ ၂ လက်မရှိ ဗုံးအစ ၃ ခုကို ရှာဖွေ တွေ့ရှိ ခဲ့သည်။ ဗုံးပေါက်ကွဲ မှုနှင့် ပတ်သက်ပြီး ဒေသခံ ရွာသားများက " ရှုးရှုး အုန်းဒိုင်း ဆိုတဲ့ အသံကြီး မြည်ပြီး မြေကြီးတွေ တုန်ခါ သွားတာပဲ ၊ ထိခိုက်မှု တော့ မရှိပါဘူး ... " ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သော အဖွဲ့နှင့် United States Institute of Peace ( USIP ) USAID Rule of Law Center မှ Dr. David W.Yang ဦးဆောင်သော အဖွဲ့တွေ့ဆုံ



တောင်ကြီး ၊ ၂၈-၂-၂၀၁၃

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သော အဖွဲ့နှင့် United States Institute of Peace ( USIP ) USAID Rule of Law Center မှ Dr. David W.Yang ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံမှု ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ( USIP ) USAID အဖွဲ့မှ ယခင်နှစ် နိုဝင်ဘာလ က မြန်မာနိုင်ငံ သို့ လာရောက် ခဲ့ရာ အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ်တွင် ပြောကြား ခဲ့သည့် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ဖော်ဆောင်မှု နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကူညီ ဆောင်ရွက်ရန် လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ နေပြည်တော် တွင် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တရားသူကြီးချုပ် နှင့် လွှတ်တော် မှ တာဝန်ရှိ သူများအား တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် ခရီးစဉ်တွင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် ရာတွင် ကျင့်သုံးသည့် နည်းစနစ် တွေ့ကြုံ ရသည့် အခက်အခဲ ပံ့ပိုး ကူညီရမည့် အနေအထား တို့ကို သိရှိလို၍ ဖြစ်ကြောင်း ၊ တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက် ရာတွင် တာဝန်ရှိ အဖွဲ့အစည်း များ ၊ ဥပဒေ ပညာရှင်များ ၀ိုင်းဝန်း ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ မိမိတို့ အဖွဲ့ အနေဖြင့် တရား ဥပဒေ စိုးမိုးရေး ၊ လူ့အခွင့်အရေး ကိစ္စရပ် များနှင့် ပတ်သက်၍ သင်တန်းများ ပို့ချရန်လည်း အစီအစဉ် ရှိပါကြောင်း ဆွေးနွေး ပြောကြား ခဲ့သည်။

အလင်းသစ် ပုံမှန်ကုန်သွယ်ရေး နှင့် နယ်စပ် ကုန်သွယ်ရေး လက်တွေ့ အသုံးချသင်တန်း ဖွင့်လှစ်လျက်ရှိ



မန္တလေး ၊ ၂၈-၂-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ကုန်သည်ကြီး များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် အလင်းသစ် တို့ ပူးပေါင်း စီစဉ်သည့် အလင်းသစ် ပုံမှန် ကုန်သွယ်ရေး နှင့် နယ်စပ် ကုန်သွယ်ရေး လက်တွေ့ အသုံးချ သင်တန်း အမှတ်စဉ် (၁၉) အား မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၊ ဈေးချို မြောက်ဘက် တိုက်တန်းကြီး ရှိ မန္တလေး တိုင်းဒေသကြီး ကုန်သည်ကြီး များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအသင်း သင်တန်း ခန်းမ၌ မတ်လ ၁ ရက်နေ့ အထိ ဖွင့်လှစ် သင်ကြား ပို့ချပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပြည်ပပို့ကုန် ၊ သွင်းကုန် လုပ်ငန်း အဆင့်များ ၊ အပြည်ပြည် ဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေး အသုံးအနှုန်း များ ၊ မြန်မာနိုင်ငံ ၏ ပို့ကုန် သွင်းကုန် လုပ်ထုံး လုပ်နည်းများ ၊ ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်း များ ၊ ပို့ကုန်အတွက် T / T ၊ L / C ဖွင့်လှစ်ခြင်း ၊ အကောက်ခွန် နှင့် ကုန်သွယ်ခွန် တွက်ချက်ခြင်း ၊ ကုမ္ပဏီ တည်ထောင် ရာတွင် နားလည် ရမည့် ကုမ္ပဏီ ဝေါဟာရ များနှင့် နယ်စပ်များတွင် တစ်ဦးတည်း ပိုင် ပို့ကုန် ၊ သွင်းကုန် ဆောင်ရွက်ခြင်း လုပ်ထုံး လုပ်နည်း များကို လက်တွေ့ နယ်ပယ်တွင် ကျွမ်းကျွမ်း ကျင်ကျင် ဆောင်ရွက် နိုင်ရန် သင်ကြား ပို့ချ ပေးလျက် ရှိကြောင်း သိရှိရသည်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၉)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၉)
( ၂၈-၂-၂၀၁၃ ရက်နေ့ထုတ် )

Download link = Solidfiles

Wednesday, February 27, 2013

အစ္စရေး နိုင်ငံသည် Arrow III လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်း



၂၇-၂-၂၀၁၃

အစ္စရေး နိုင်ငံသည် ဆီးရီးယား နှင့် အီရန် နိုင်ငံတို့မှ တိုက်ခိုက် လာမည့် ဒုံးပျံများကို ဖျက်ဆီးရန် ရည်ရွယ် ထုတ်လုပ် ထားသော Arrow III ဒုံးခွင်းဒုံး စနစ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။ အဆိုပါ Arrow III ဒုံးခွင်းဒုံး စနစ်ကို ကမ္ဘာ့ လေထု အပြင်ဘက် မှ ၀င်ရောက် လာသော ပဲ့ထိန်းဒုံးပျံ များကို ခြေရာခံ လမ်းကြောင်း ရှာဖွေ နိုင်သော Mamikaze ဂြိုဟ်တု များနှင့် တွဲဖက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။



ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော အဆိုပါ စမ်းသပ်မှု တွင် ၄င်း ဒုံးခွင်းဒုံး စနစ်က ပစ်မှတ် တစ်စုံတစ်ရာ ကို ကြားဖြတ် တိုက်ခိုက်ရေး စမ်းသပ်မှု မဟုတ်ဘဲ ဒုံးပျံ သီးသန့်သာ ပစ်လွှတ် ပျံသန်းသည့် စမ်းသပ်မှု ဖြစ်ကြောင်း နှင့် တဲလ်အဗစ်မြို့ တောင်ပိုင်းရှိ လေတပ် အခြေစိုက် စခန်းတစ်ခုမှ ပစ်လွှတ် ခဲ့သော အဆိုပါ ဒုံးပျံသည် မြေထဲပင်လယ် အတွင်းသို့ ၆ ဒသမ ၅ မိနစ်ကြာ ပျံသန်းသွား ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

NEWS now

အိန္ဒိယနိုင်ငံ သည် ရာသီဥတု ပြောင်းလဲမှု နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား စောင့်ကြည့်ရေး ဂြိုဟ်တု ၇ စင်း လွှတ်တင်ခဲ့ခြင်း



၂၇-၂-၂၀၁၃

အိန္ဒိယနိုင်ငံသည် ဂြိုဟ်သိမ် ဂြိုဟ်မွှား စောင့်ကြည့်ရေး ဂြိုဟ်တု တစ်စင်း နှင့် ရာသီဥတု ပြောင်းလဲမှု စောင့်ကြည့်ရေး ဂြိုဟ်တု များအပါအ၀င် နိုင်ငံ အသီးသီးမှ ထုတ်လုပ် ထားသော ဂြိုဟ်တု ၇ စင်းကို တင်ဆောင် ထားသည့် ဒုံးယာဉ် တစ်စင်းအား အာကာသ အတွင်းသို့ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်ရှိ Sriharikota ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့ တွင် လွှတ်တင် ခဲ့ကြောင်း BBC သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်ဟု သိရသည်။

အဆိုပါ ဂြိုဟ်သိမ် ဂြိုဟ်မွှား စောင့်ကြည့်ရေး ဂြိုဟ်တုကို ကနေဒါ နိုင်ငံက ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများ စူးစမ်း ရှာဖွေရေး အတွက် သီးသန့် ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုသည် ကမ္ဘာမြေကို ထိခိုက် ပျက်စီး စေနိုင်သော ဂြိုဟ်သိမ် ဂြိုဟ်မွှားများ အန္တရာယ် အတွက် စောင့်ကြည့် သတိပေး သွားလိမ့်မည် ဖြစ်ကြောင်း ကနေဒါ အာကာသ အေဂျင်စီ က ပြောကြား ခဲ့သည်။ အဆိုပါ လွှတ်တင် ခဲ့သော ဂြိုဟ်တု ၇ စင်း မှာ ကနေဒါ နိုင်ငံမှ ဂြိုဟ်တု ၂ စင်း ၊ သြစတြီးယား နိုင်ငံမှ ဂြိုဟ်တု ၂ စင်း ၊ ဒိန်းမတ် နိုင်ငံမှ ဂြိုဟ်တု ၁ စင်း ၊ ဗြိတိန် နိုင်ငံမှ ဂြိုဟ်တု ၁ စင်း နှင့် ကမ္ဘာမြေ ရာသီဥတု ပြောင်းလဲမှုကို စောင့်ကြည့်ရန် အိန္ဒိယ နှင့် ပြင်သစ် တို့က ပူးတွဲ ထုတ်လုပ် ထားသော ဂြိုဟ်တု ၁ စင်း တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တု လွှတ်တင်ရေး အခမ်းအနား သို့ အိန္ဒိယနိုင်ငံ သမ္မတ ပရာနက် မူခါဂျီး တက်ရောက် ခဲ့ကြောင်း နှင့် အဆိုပါ ဂြိုဟ်တုများ လွှတ်တင် ခဲ့မှုမှာ ၂၀၁၃ ခုနှစ်တွင် အာကာသ ခရီးစဉ် ၁၀ ခုနှင် အင်္ဂါဂြိုဟ်သို့ သွားရောက် လေ့လာရေး ခရီးစဉ်တို့ အပါအ၀င် အိန္ဒိယနိုင်ငံ အမျိုးသား အာကာသ အစီအစဉ် ၏ တစ်စိတ် တစ်ဒေသ ဖြစ်ကြောင်း BBC သတင်းဌာနက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

BBC

ထိုင်းနှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ခြင်း


၂၇-၂-၂၀၁၃

ထိုင်းကာကွယ်ရေး ၀န်ကြီး လေတပ် ဗိုလ်ချုပ်ကြီး ဆူကမ်ပို ဆူဝမ်နာတက် နှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး တီးဘန့် တို့အကြား နယ်စပ် ပဋိပက္ခ များနှင့် ပတ်သက်၍ ကျင်းပ ပြုလုပ်မည့် အစည်းအဝေး ကို အကန့်အသတ် မရှိ ရွှေ့ဆိုင်း ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် Bangkok Post သတင်း အရ သိရှိရသည်။

ကနဦးတွင် အဆိုပါ အစည်းအဝေး ကို ပရဗီဟာ ဘုရားကျောင်း ပတ်ဝန်းကျင် နယ်မြေတွင် ကျင်းပရန် စီစဉ် ထားခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံက Surin ပြည်နယ်ရှိ Surin Majestic ဟိုတယ်တွင် ပြောင်းလဲ ကျင်းပရန် စီစဉ် ခဲ့ကြောင်း နှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး တီးဘန့် သည် အဆိုပါ အစည်းအဝေး ကျင်းပမည့် နေရာ ပြောင်းလဲမှု နှင့် ပတ်သက်၍ အစောပိုင်းက သဘောတူ ခဲ့သော်လည်း ထိုသို့ နေရာ ပြောင်းလဲ ခြင်းကြောင့် အစည်းအဝေး ကို ရွှေ့ဆိုင်းရေး ကမ္ဘောဒီးယား နိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အဆိုပြု ခဲ့ကြောင်း ၊ ထိုင်း ကာကွယ်ရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ အငြင်းပွား နေသည့် နယ်မြေတွင် အစည်းအဝေး ကျင်းပလိုက်ခြင်း သည် ထိုင်းနိုင်ငံ အတွက် အားနည်းချက် ဖြစ်စေနိုင် သောကြောင့် ထိုကဲ့သို့ အစည်းအဝေး ကျင်းပမည့် နေရာကို ရွှေ့ပြောင်း လိုက်ခြင်း ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။ အဆိုပါ အစည်းအဝေး ကို နိုင်ငံတကာ တရားရုံးက ပရဗီဟာ ဘုရာင်းကျောင်း ပတ်ဝန်းကျင် ဧရိယာ နှင့် ပတ်သက်၍ တရားစီရင်မှု မတိုင်မီ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် တင်းမာမှု လျော့ပါးစေရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Bangkok Post

Tuesday, February 26, 2013

ထုံးဖြူသုတ်ကြသူများ


မောင်ခိုင်ကျော် (မြိတ်)

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းများတွင် ကျောင်းစစ် လာမည်ဟု သတင်းရလျှင် အနှစ်နှစ် အလလ က ညစ်ပတ် ယိုယွင်း နေသော ကျောင်းနံရံ ၊ ခြံစည်းရိုး များကို ထုံးဖြူ အလျင် အမြန် သုတ်ပြီး ဖုံးဖိ ရ၏။ ဆက်တီ ၊ စားပွဲ ၊ ကုလားထိုင် ၊ ပန်ကာ များကို ကျောင်းသား မိဘများ ထံမှ ငှားရမ်းကာ ပြီးပြည့်စုံသော ကျောင်းတစ်ခု အဖြစ် အလျင် အမြန် ဖန်တီးရ၏။ မိမိကျောင်း၏ လိုအပ်ချက် များကို အရှိကို အရှိအတိုင်း မတင်ပြရဲ။ ကျောင်းစစ် ပညာရေးမှူး ကို " ခေါင်းညိတ် ၊ သွားဖြဲ " ပြပြီး ဆရာ - ဆရာမ များ ကိုယ်တိုင် စနစ်ဆိုး တစ်ခု၏ သားကောင် အဖြစ်သို့ ရောက်ရှိ ခဲ့ရ၏။

ဒေသတစ်ခု လမ်းတစ်လမ်း တွင် လူကြီး လာမည် ဆိုလျှင်လည်း လမ်းဘေး ဈေးသည် ၊ ဈေးဆိုင် တဲများ ကြိုတင် ဖယ်ရှား ထားရ၏။ ခွေဝဲစား များလည်း အမဲသားတုံး လက်ချက် မိသွား၏။ လကမ္ဘာလမ်း လည်း ခဏတာ အတွင်း အပေါက်ဖာ ပြီးသွား၏။ နေရာတကာ ထုံး ဖြူဖြူ ဖွေးဖွေး နှင့် ထိုလူကြီး၏ အမြင်တွင် ပသာဒ ဖြစ်နေတော့၏။ ထိုလူကြီး များ၏ အထင်တွင် ယခင် အခြားရက် များ၌လည်း ဤလမ်း ၊ ဤဒေသ၌ ဤကဲ့သို့ပင် ရှင်းလင်း တောက်ပြောင် နေပြီး သကာရည် ရွှမ်းသော ရပ်ကွက် လူကြီး၏ ဖော်လံဖား မျက်နှာကို ကြည့်ပြီး " စံပြ ရပ်ကွက် ၊ စံပြလမ်း " ဖြစ်သည်ဟု ချီးမြှောက် မှတ်ချက် ချသွား လေ၏။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း Nansha ကျွန်းအနီး ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက်သွားမည်



၂၆-၂-၂၀၁၃

တရုတ် ငါးလုပ်ငန်း ဆိုင်ရာ ဗျူရိုသည် တရုတ် တံငါသည် များ၏ တရားဝင် အကျိုးစီးပွား များကို ပိုမို ထိရောက်စွာ အကာအကွယ် ပေးရန် အတွက် တောင်တရုတ် ပင်လယ်ပြင် အတွင်းရှိ Nansha ကျွန်း တစ်ဝိုက်တွင် ပုံမှန် ကင်းလှည့်ခြင်း များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရုတ် စိုက်ပျိုး မွေးမြူရေး ၀န်ကြီး ဌာနအောက်ရှိ တောင်တရုတ် ပင်လယ်ပြင် ဆိုင်ရာ ငါး လုပ်ငန်းဗျူရို အကြီးအကဲ Wu Zhuang က ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ ကင်းလှည့်ခြင်း လုပ်ငန်းသည် ၂၀၁၃ ခုနှစ် အတွင်း ပထမ ဦးစားပေး ဆောင်ရွက် ရမည့် ကိစ္စရပ် ဖြစ်ကြောင်း ၊ တရား ဥပဒေ စိုးမိုးရေး အဖွဲ့များ အနေဖြင့် Huangyan ကျွန်းနှင့် Meiji ကျောက်တန်း တို့တွင် ကြီးကြပ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ Xisha ကျွန်းနှင့် Beibu ပင်လယ်ကွေ့ အနီး၌လည်း ကြီးကြပ် ကွပ်ကဲရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် တရားဥပဒေ စိုးမိုးမှု မြင့်တက် လာသည်နှင့် အမျှ Nansha ကျွန်းအနီး တစ်ဝိုက်တွင် ပုံမှန် ကင်းလှည့်ခြင်း များအား အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Wu Zhuang က ပြောကြား ခဲ့သည်။

တောင်တရုတ် ပင်လယ် အတွင်း ပုံမှန် ကင်းလှည့်ခြင်း များအား ၂၀၁၄ ခုနှစ်တွင်လည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ငါးဖမ်း လုပ်ငန်း ဗျူရို၏ ထုတ်ပြန် ကြေညာချက် များအရ သိရသည်။ ငါးဖမ်းလုပ်ငန်း ဗျူရို၏ ကင်းလှည့် သင်္ဘောများသည် ၂၀၁၂ ခုနှစ် အတွင်းက တောင်တရုတ် ပင်လယ်၌ ၁၈၃ ရက်ကြာ ကင်းလှည့်ခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ ကျင်းပ



မြစ်ကြီးနား ၊ ၂၆-၂-၂၀၁၃

ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ မိုးညှင်းခရိုင် ရုံးသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ရုံးသစ် အဆောက်အဦ ရှေ့၌ ကျင်းပ ပြုလုပ်ရာ မိုးညှင်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၊ ကချင်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ပြည်နယ် ဦးစီးမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး က ရုံးဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ရုံးသစ် အစည်းအဝေး ခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး က အဖွင့် အမှာစကား ပြောကြားကာ ရုံးသစ် ဖွင့်လှစ် ရခြင်းနှင့် ဌာနမှ လုပ်ငန်း တာဝန် ၄ ရပ် အားလည်းကောင်း ၊ ယခင်က ယာဉ် မှတ်ပုံတင် ခြင်းနှင့် ယာဉ်မောင်း လိုင်စင် ပြုလုပ်ရန် မိုင် ၁၀၀ ကျော် ဝေးသော မြစ်ကြီးနား မြို့သို့ အချိန်ကုန် ၊ ငွေကုန်ခံပြီး လုပ်ဆောင် ရာမှ ယခု ရုံးသစ်တွင် ခရိုင် အတွင်းရှိ ယာဉ်မောင်း နှင့် ယာဉ်ပိုင်ရှင် များ မှတ်ပုံတင် သက်တမ်းတိုး ခြင်းများ အစစ အရာရာ သက်သာပြီး လုပ်ငန်း အဆင်ပြေ ချောမွေ့ စေတော့မှာ ဖြစ်ကြောင်း တို့ကို အကျယ်တ၀င့် ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ဂရုဏာ ကုမ္ပဏီ မှ ရုံးသစ် အဆောက်အဦ နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ခရိုင် ဦးစီးမှူး ထံသို့ လွှဲပြောင်း ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။ အဆိုပါ ရုံး အဆောက်အဦမှာ အလျား ၈၀ ပေ ၊ အနံ ၄၀ ပေ ၊ အမြင့် ၂၃ ပေရှိ သံကူ ကွန်ကရစ် ၂ ထပ် အဆောက်အဦ ဖြစ်ကာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁၇၀ အကုန်အကျခံ ဆောက်လုပ် ခဲ့ကြောင်း သိရှိရသည်။

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၁၇)




မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၁၇)
( ၂၆-၂-၂၀၁၃ ရက်နေ့ထုတ် )

View and Download = Scribd
View and Download = Minus

မိုးလေ၀သ TV Channel ရရှိရန် ဂျပန်နှင့် ဆွေးနွေး

ရန်ကုန် ၊ ၂၆-၂-၂၀၁၃

မိုးလေ၀သ သတင်းများကို ၂၄ နာရီ ထုတ်ပြန် သတိပေးမည့် TV Channel တစ်ခုကို မြန်မာနိုင်ငံတွင် ရရှိရန် ဂျပန် ပညာရှင် များနှင့် ဆွေးနွေး ခဲ့ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် e-Tenki.net မှ တီဗွီ Channel တစ်ခုတွင် အသုံးပြု လျက်ရှိသော ၂၄ နာရီ ထုတ်လွှင့် နေခြင်းအပေါ် မြန်မာနိုင်ငံ တွင် သုံးစွဲနိုင်ရန် ဂျပန်နိုင်ငံ Sky Perfect Broadcasting Corporation မှ တာဝန်ရှိ သူများနှင့် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

" ဒီ Channel ရရှိတဲ့ အခါ အများ ပြည်သူ တို့အတွက် မိုးလေ၀သ သတင်းတွေ ၊ ရေလွှမ်းမိုးမှု သတင်းတွေ ၊ မြေငလျင် သတင်းတွေ ကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန် သတိပေး နိုင်မှာ ဖြစ်သလို တောင်သူများ အနေနဲ့လည်း ပြောင်းလဲ နေတဲ့ ရာသီဥတု နဲ့ ကိုက်ညီတဲ့ စိုက်ပျိုး သီးနှံ ရွေးချယ်နိုင် ဖို့ရယ် ၊ စိုက်ပျိုး ရမယ့် ကာလ တွေကိုလည်း ရွေးချယ် ပညာပေး နိုင်မှာ ဖြစ်ပါတယ် .... " ဟု ၄င်းက ရှင်းပြ ခဲ့သည်။

ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ကလည်း မိုးလေ၀သ ရေဒါစခန်း ၃ ခု ၊ Automatic Weather Monitoring System များကို မြန်မာနိုင်ငံ တွင် တပ်ဆင် ပေးနေလျက် ရှိကြောင်း သိရှိရသည်။

Monday, February 25, 2013

တေဇရုပ်စုံစာစောင် အတွဲ(၂၄) အမှတ်(၁၀)




တေဇရုပ်စုံစာစောင် အတွဲ(၂၄) အမှတ်(၁၀)
( ၂၀၁၃ ခုနှစ် မတ်လထုတ် )

Download = Solidfiles
View and Download = Scribd


အိန္ဒိယနိုင်ငံသည် လက်နက်မျိုးစုံ တပ်ဆင်နိုင်သည့် Dhruv အပေါ့စား ရဟတ်ယာဉ်များ ထုတ်လုပ်လျက် ရှိခြင်း



၂၅-၂-၂၀၁၃

အိန္ဒိယ ကြည်းတပ်သည် လက်နက် မျိုးစုံ တပ်ဆင် ထားသော Dhruv အပေါ့စား ရဟတ်ယာဉ် အစင်း ၆၀ ကျော်အား မကြာသေးမီ ကာလ အတွင်းက လက်ခံ ရရှိခဲ့ကြောင်း နှင့် ၄င်း ရဟတ်ယာဉ် တွင် ၂၀ မီလီမီတာ အမြောက် နှင့် ပဲ့ထိန်း ဒုံးပျံ ၈ စင်း ၊ သို့မဟုတ် ပဲ့ထိန်း ဒုံးပျံ မဟုတ်သော ၇၀ မီလီမီတာ ဒုံးကျည် တို့ကို သယ်ဆောင် နိုင်စွမ်း ရှိကြောင်း သိရသည်။

ရေငုပ် သင်္ဘော တိုက်ဖျက်မှု စစ်ဆင်ရေး များတွင်လည်း အသုံးပြု နိုင်သည့် ၄င်း ရဟတ်ယာဉ်တွင် တော်ပီဒို ၂ စင်းနှင့် ဆိုနာစနစ် တို့ကို တပ်ဆင် နိုင်ကြောင်း နှင့် အီလက်ထရောနစ် စစ်ဆင်ရေး တွင်လည်း အသုံးပြု နိုင်စွမ်း ရှိကြောင်း သိရသည်။ အဆိုပါ ရဟတ်ယာဉ်တွင် နေ့ ၊ ည ရိုက်ကူး နိုင်သည့် ဗီဒီယို ကင်မရာများ ၊ အပူလှိုင်း အာရုံခံ ကိရိယာ များနှင့် လေဆာ စနစ်သုံး ပစ်မှတ်ညွှန် ကိရိယာ များလည်း ပါဝင်သည်။ ထို့အပြင် ၄င်း ရဟတ်ယာဉ်အား လက်နက်မဲ့ဖြင့် ရာသီမရွေး ပို့ဆောင်ရေး ၊ သို့မဟုတ် လူနာတင် ရဟတ်ယာဉ် အဖြစ်လည်း အသုံးပြု နိုင်သည်။


 အလေးချိန် ၅ ဒသမ ၅ တန်ရှိ ၄င်း Dhruv ရဟတ်ယာဉ်အား လွန်ခဲ့သည့် အနှစ် ၂၀ ကျော် ကတည်းက ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ပထမဆုံး အကြိမ် လွှဲပြောင်း ပေးအပ်မှု ပြုလုပ် နိုင်ခဲ့သည်။ အဆိုပါ ရဟတ်ယာဉ် အစင်း ၁၀၀ ခန့်သည် အိန္ဒိယ ကြည်းတပ်တွင်း တာဝန် ထမ်းဆောင်လျက် ရှိပြီး နောက်ထပ် အစင်း ၁၀၀ ခန့်အတွက် အမှာစာ များရရှိ ထားကြောင်း သိရသည်။ Dhruv ရဟတ်ယာဉ် သည် ခရီးသည် ၁၄ ဦး သို့မဟုတ် လူနာထမ်းစင် ၄ ခုအား သယ်ဆောင် နိုင်စွမ်း ရှိသည်။ ထို့အပြင် အလေးချိန် ၂ ဒသမ ၅ တန်အား သယ်ဆောင်ကာ အမြင့်မီတာ ၆၀၀ ( ပေ ၂၀၀၀၀ခန့် ) မှနေ၍ အချိန် ၂ နာရီကြာ ပျံသန်း နိုင်စွမ်း ရှိသည်။ မြင့်မားသော တောတောင်များ ထူထပ်သည့် အိန္ဒိယ နိုင်ငံ မြောက်ပိုင်းတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ အဓိကထား ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ညီညာလက်တွဲ သံဃာ့ဟောပြောပွဲ ကျင်းပ


မန္တလေး ၊ ၂၅-၂-၂၀၁၃

မန္တလေးမြို့ ၊ ချမ်းမြ သာစည် မြို့နယ် ၊ ကျွန်းလုံး ဥသျှောင် ရပ်ကွက် ၊ အကွက် ၅၀၈ ရှိ သာသနာ ၂၅၀၀ ဗိမာန်တွင် ညီညီလက်တွဲ သံဃာ့ ဟောပြောပွဲ အခမ်းအနား အား ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်လွဲ ၂ နာရီ အချိန်က ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ နေထွက် ရှင်အရဟံ သိမ်တော်ကျောင်း ဆရာတော် ဘဒ္ဒန္တ ပညာ သီဟာဝံသ ၊ ဘုန်းကြီးကျောင်း များတိုးတက်ရေး အဖွဲ့မှ ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တ နာယက အဂ္ဂ မဟာ သဒ္ဓမ္မ ဇောတိက ဓဇ ၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဘဒ္ဒန္တ ပညိန္ဒ တို့ အပါအ၀င် သံဃာတော် များ ၊ သီလရှင်များ စုစုပေါင်း ၂၇၀ ပါး တက်ရောက် ခဲ့သည်။

အဆိုပါ သံဃာ့ ဟောပြောပွဲတွင် ဆရာတော် ကြီးများမှ လမ်းမှန်မရောက် လမ်းပျောက် နေကြသော အနာဂတ် မျိုးဆက်သစ် စာသင်သား သံဃာငယ် များ လမ်းမှန် ရောက်၍ မြတ်စွာဘုရား ချမှတ် တော်မူ ခဲ့သည့် စာပေ သင်ကြားရန် ၊ ဘာဝနာ ပွားများခြင်း တာဝန် ၂ ရပ် တို့အား အားသွန် ခွန်စိုက် ထမ်းဆောင် နိုင်ကြ၍ ထေရ၀ါဒ အုတ်မြစ် ခိုင်မြဲစေရန် ၊ ရှုထောင့်စုံမှ သာသနာ ပြုနေကြသည့် စာချ ဆရာတော်များ ၊ ဓမ္မကထိက ဆရာတော်များ ၊ ရိပ်သာ ကမ္မဌာန်း ဆရာတော်များ ၊ ပရဟိတ ဆရာတော်များ ၊ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် လာနိုင်စေရန် စရိုက်စုံ ၀ါသနာစုံ ရှိနေကြသည့် မျိုးဆက်သစ် ရှင်ငယ် ၊ ရဟန်းငယ်များ ရည်ရွယ်ချက် မြင့်မားစွာဖြင့် မိမိ နှစ်သက်ရာ သာသနာပြု လမ်းစဉ်အား ရွေးချယ် နိုင်စေရန် ၊ အနာဂတ် မျိုးဆက်သစ် များ ညီညာစွာ လက်တွဲ၍ ခေတ်မဆန် ကြဘဲ ၊ ခေတ်မီစွာ ဖြင့် မိမိ ကျရာ တာဝန်ကို စိတ်ပါ လက်ပါ ဆောင်ရွက် လာနိုင်စေရန် တို့အား ဆွေးနွေး ပြောကြား ခဲ့ကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံတွင် အမေရိကန် နိုင်ငံ၏ လေကြောင်းရန် ကြိုတင် သတိပေးရေဒါစနစ် တပ်ဆင်ရန် စီစဉ်လျက်ရှိခြင်း



၂၅-၂-၂၀၁၃

မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံဖြင့် ခြိမ်းခြောက် လာနိုင်မှုကို ဟန့်တား နိုင်ရေး တိုးမြှင့် လုပ်ဆောင်သည့် အနေဖြင့် ဂျပန်နိုင်ငံ ကျိုတိုမြို့ အနီးရှိ ကမ်းရိုးတန်း အခြေစိုက် စခန်း တစ်ခုတွင် အမေရိကန် လေကြောင်းရန် ကြိုတင် သတိပေး ရေဒါစနစ် တစ်ရပ် တပ်ဆင် သွားရန် ဂျပန် နှင့် အမေရိကန် နိုင်ငံတို့က စီစဉ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရှိရသည်။

အဆိုပါ X-Band ရေဒါ စနစ်သည် ပဲ့ထိန်း ဒုံးပျံများကို ခြေရာခံ နိုင်စွမ်းရှိပြီး ရန်သူ၏ ပဲ့ထိန်း ဒုံးပျံကို ရှာဖွေ တွေ့ရှိသည်နှင့် တစ်ပြိုင်နက် မြေပြင် ၊ ရေပြင် တို့မှတစ်ဆင့် ဒုံးခွင်းဒုံး ဖြင့် တိုက်ခိုက် ဖျက်ဆီးခွင့် ရရှိ စေမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ Aomori စီရင်စုတွင် အဆိုပါ ရေဒါစနစ် တစ်ရပ် တပ်ဆင် ခဲ့ပြီးနောက် ယခု တပ်ဆင်ရန် စီစဉ်မှုသည် ဒုတိယမြောက် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေဒါ စနစ်အား ဂျပန် ပင်လယ် ကမ်းရိုးတန်း အနီး ကျိုတိုမြို့ အနောက် မြောက်ပိုင်း Kyotango ဒေသရှိ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး လေတပ်ဖွဲ့၏ အခြေစိုက် စခန်းတွင် တပ်ဆင် သွားမည် ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံရောက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွား ဆင်းတုတော် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ



ရန်ကုန် ၊ ၂၅-၂-၂၀၁၃

အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပင့်ဆောင် ရောက်ရှိ လာသော ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက် (ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူ နှင့် ဌာနဆိုင်ရာ အကြီးအကဲ များ ၊ အမေရိကန် သံရုံးမှ တာဝန်ရှိ သူများ ၊ အမေရိကန် ပြည်ထောင်စု ( NIU ) မှ Associate Professor Dr. Catherine Raymon နှင့် ဧည့်သည်များ ၊ အမေရိကန် ရောက် မြန်မာ မိသားစုများ ၊ ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် နှင့် ၀န်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စု ၀န်ကြီးက တက်ရောက် လာသည့် ဧည့်သည်တော် များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။ ထို့နောက် Dr. Catherine Raymon က ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော် အကြောင်းအား ရှင်းလင်း ပြောကြားပြီး လွှဲပြောင်း ပေးအပ်ရာ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးကျော်ဦးက လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ဆက်လက်၍ အမေရိကန် ရောက် မြန်မာ မိသားစုများက ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် အတွက် အမေရိကန် ဒေါ်လာ ၂၁၀၀ အား ပေးအပ် လှူဒါန်းရာ တာဝန်ရှိ သူများမှ လက်ခံ ရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ များ ပြန်လည် ပေးအပ်သည်။ ယင်းနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

အဆိုပါ ဓမ္မစက္ကမုဒြာ ရပ်တော်မူ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် သည် ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရား များမှ ၁၁ ရာစု သဲကျောက် ဆင်းတုတော် ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ခြေထောက်ကို ဖြတ်၍ ခိုးယူခံရာကာ အမေရိကန် သို့ ရောက်ရှိ ခဲ့သည်။ ရှေးဟောင်း အမွေအနှစ်ကို မူလ ပိုင်ရှင် နိုင်ငံမှ ထိန်းသိမ်းနိုင်ရေး နှင့် အမေရိကန် - မြန်မာ ဆက်ဆံမှု တိုးတက်ရေး ကို ရှေ့ရှု၍ အမေရိကန် ပြည်ထောင်စု ( NIU ) မှ Professor Cooler , Associatate Professor Dr. Catherine Raymon ၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနစ်စကို ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်း နှင့် အမေရိကန်ရောက် မြန်မာ မိသားစု တို့၏ ကြိုးပမ်းမှုကြောင့် ၁၉၇၀ ခုနှစ် ၊ ယူနစ်စကို သဘော တူညီမှု သံတမန် နည်းလမ်း အဆင့်ဆင့် တို့ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည် ပင့်ဆောင် ရောက်ရှိခဲ့ပြီး ယခု အခါ အများပြည်သူ ဖူးမျှော် လေ့လာ ကြည်ညို နိုင်စေရန် အမျိုးသား ပြတိုက် (ရန်ကုန်) ရှိ ခေတ် အဆက်ဆက် ဗုဒ္ဓ ဆင်းတုတော် ပြန်ခန်း တွင် ခင်းကျင်း ပြသ ထားကြောင်း သိရှိရသည်။

အကယ်ဒမီ ဗန်းကိုင်များ နှင့် ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်မည်


အကယ်ဒမီ ဗန်းကိုင် မော်ဒယ်လ် ဆန်းသစ်လ
ရန်ကုန် ၊ ၂၅-၂-၂၀၁၃

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း မှ ကြီးမှူး ပြုလုပ်မည့် " အကယ်ဒမီ ဗန်းကိုင်များ " နှင့် ရိုက်ကူး ယှဉ်ပြိုင်မည့် ဓာတ်ပုံ ပြိုင်ပွဲကို လာမည့် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဥယျာဉ်၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အကယ်ဒမီ ဗန်းကိုင် များ ဖြစ်ကြသော စုမြတ်နိုးဦး ၊ ဆန်းသစ်လ ၊ ဖူးပွင့်သခင် ၊ မြနှင်းရည်လွင် ၊ ကြယ်စင်ဆောင်း ၊ သွန်းဆက် ၊ ရွှေပိုးအိမ် ၊ ဟေမာန် သော်တာငြိမ်း တို့အား ရိုက်ကူးကာ ယှဉ်ပြိုင် ကြရမည် ဖြစ်ပြီး ပထမဆု ငွေကျပ် ၃ သိန်း ၊ ဒုတိယဆု ငွေကျပ် ၂ သိန်း ၊ တတိယဆု ငွေကျပ် ၁ သိန်း ၊ အထူးဆု ၈ သောင်း (၄ ဆု) နှင့် နှစ်သိမ့်ဆု ၄ သောင်း (၈ ဆု) တို့ကို နတ်ရေကန် ဦးတင်မောင်ထွေး မှ ချီးမြှင့် ဂုဏ်ပြုမည် ဖြစ်ကြောင်း သိရသည်။

သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း များမှ သတင်းထောက် များ ၊ ဓာတ်ပုံ သင်တန်းသား များနှင့် ဓာတ်ပုံ ၀ါသနာအိုး များ စာရင်းသွင်း၍ ၀င်ရောက် ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင် ဓာတ်ပုံ ဆရာများ အနေဖြင့် ဗန်းကိုင် တစ်ဦးလျှင် ၁၅x၁၀ လက်မအရွယ် အကောင်းဆုံး ဓာတ်ပုံ တစ်ပုံကျနှုန်း ဖြင့် ဗန်းကိုင် ၈ ဦး ရှိသည့် အတွက် ဓာတ်ပုံ ၈ ပုံအထိ ၀င်ရောက် ယှဉ်ပြိုင် နိုင်မည် ဖြစ်သော်လည်း ဓာတ်ပုံ ဆရာ တစ်ဦးလျှင် ဆုတစ်ဆု သာ ခံစားခွင့် ရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင် ဓာတ်ပုံ ဆရာများ အနေဖြင့် တစ်အုပ်စုလျှင် ၇ ယောက် ၈ ယောက် စုကာ စိတ်တိုင်းကျ အေးဆေးစွာ ရိုက်ကူး ကြရန်နှင့် တိုးဝှေ့ ရိုက်ကူးခြင်း မပြုကြရန် မေတ္တာ ရပ်ခံ ထားသည်။ အချိန် ရရှိပါက ဗန်းကိုင် များမှ ၀တ်စုံများ လဲ၍ ဓာတ်ပုံ အရိုက်ခံ ကြမည် ဖြစ်သည်။ ၄င်း ပြိုင်ပွဲ အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စာရင်း ပိတ်ကာ မတ်လ ၁၇ ရက်နေ့တွင် ရွေးချယ်မှု များပြုလုပ်ကာ မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းတိုက် ၊ ၃၅ လမ်း ၊ ကျောက်တံတား မြို့နယ်၌ ဆုချီးမြှင့်ပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဆုရရှိပါက ဓာတ်ပုံဆရာ နှင့် အကယ်ဒမီ ဗန်းကိုင် တို့ ခွဲဝေ ယူရမည် ဖြစ်ကြောင်း သိရှိရသည်။

Sunday, February 24, 2013

မှော်ဘီ - ရန်ကုန် ခရီးသည်တင် ဟိုင်းလက်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွား



ရန်ကုန် ၊ ၂၄-၂-၂၀၁၃

မှော်ဘီ - ရန်ကုန် သို့ ပြေးဆွဲလျက် ရှိသော ဟိုင်းလက် ခရီးသည်တင် လိုင်းကား ယာဉ်အမှတ် ဘ/ ၄၉၉၃ သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၀၈၄၅ နာရီ အချိန်၌ ရန်ကုန် - အင်းစိန် လမ်းမ ၊ လှိုင်မြို့နယ် ၊ သံလမ်း မှတ်တိုင်အနီး ဓမ္မသုခ ကျောင်းလမ်း ထိပ်၌ အင်းစိန်ဘက် မှ မောင်းနှင် လာစဉ် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ကျား ၁၀ ဦး ၊ မ ၆ ဦး ဒဏ်ရာများ ရရှိပြီး အဆိုပါ လူနာများအား ယာဉ်ထိန်း တပ်ဖွဲ့ အရေးပေါ် ကယ်ဆယ်ရေး တပ်စိတ်မှ ရဲအုပ် မိုးကျော်ကျော် နှင့် အဖွဲ့မှ အခင်းဖြစ်ရာ သို့ ရောက်ရှိပြီး အရေးပေါ် လူနာတင်ယာဉ် ဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့သည်။ နောက်ဆက်တွဲ သတင်းအရ အသက် ၃၉ နှစ်ခန့် ရှိ အမျိုးသား တစ်ဦး ဆေးရုံတွင် သေဆုံး သွားကြောင်း သိရသည်။ အဆိုပါ ဟိုင်းလက် ယာဉ်မောင်း မှာ ထွက်ပြေး တိမ်းရှောင် လျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ် ဦးသာအေး မုံရွာမြို့ မြို့မိ မြို့ဖများနှင့် ဒုတိယအကြိမ် တွေ့ဆုံ



မုံရွာ ၊ ၂၄-၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် နှင့် မုံရွာမြို့ မြို့မိ မြို့ဖ များနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲ ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့်အတူ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တရား သူကြီးချုပ် ၊ ဥပဒေချုပ် ၊ စာရင်းစစ်ချုပ် နှင့် မြို့မိ မြို့ဖများ ၊ လမ်းကော်မတီများ တက်ရောက် ကြသည်။

အခမ်းအနား တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး က နှုတ်ခွန်းဆက် စကား ပြောကြားပြီး တိုင်းဒေသကြီး စည်ပင် သာယာရေး ၀န်ကြီး က ပထမအကြိမ် မြို့မိ မြို့ဖများနှင့် တွေ့ဆုံစဉ် တင်ပြချက် ၈၆ ချက် ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ဖတ်ကြား ရှင်းလင်းသည်။

ပဉ္စမအကြိမ်မြောက် ကျိုင်းတုံ တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၂၄-၂-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ကျိုင်းတုံ တက္ကသိုလ် ၌ ပဉ္စမ အကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနား ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခေမာရဋ္ဌ် ခန်းမဆောင် ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။


အရပ်ရပ် လိုင်စင်များ လေလံတင် ရောင်းချပွဲကျင်းပ



မြစ်ကြီးနား ၊ ၂၄-၂-၂၀၁၃

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့ နှင့် တနိုင်း ၊ ရှင်ဖွေယန် မြို့နယ်ခွဲ စည်ပင် သာယာရေး အဖွဲ့များ၏ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင် စနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနား ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ၊ မြို့တော် ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ် စည်ပင် သာယာရေး ၀န်ကြီး ဦးအလေးပါး က အဖွင့် အမှာစကား ပြောကြား ခဲ့ပြီး ပြည်နယ် စည်ပင် သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးအုန်းသွင် မှ လေလံ ဆိုင်ရာ လုပ်ငန်းစဉ် များနှင့် ပတ်သက်သည် များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်းနောက် ၀ိုင်းမော် မြို့နယ် စည်ပင် သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးဝင်းမြင့် ၊ တနိုင်း မြို့နယ်ခွဲ အမှုဆောင် အရာရှိ ဦးမြင့်သိန်း နှင့် ရှင်ဖွေယန် မြို့နယ်ခွဲ စည်ပင် သာယာရေး အဖွဲ့ မြို့နယ် တာဝန်ခံ ဦးသန်းကျော်ဦး တို့က သက်ဆိုင်ရာ မြို့နယ် အလိုက် လေလံတင် ရောင်းချမည့် အရပ်ရပ် ဆိုင်ရာ လိုင်စင် စည်းကမ်း များကို ရှင်းလင်း ပြောကြားကာ တက်ရောက် လာသည့် လေလံ အဖွဲ့ဝင် များက သတ်မှတ် လုပ်ထုံး လုပ်နည်း များနှင့်အညီ ဈေးပြိုင် စနစ်ဖြင့် လေလံဆွဲ ၀ယ်ယူခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနား - နန်းကွေ့ ဘူတာကြား မီးရထား လမ်းကူးတံတား အဆင့်မြှင့်တင်



မြစ်ကြီးနား ၊ ၂၄-၂-၂၀၁၃

ကချင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ လျင်မြန် ချောမွေ့ စေရေး လုပ်ငန်းများကို အထူး အလေးထား၍ တာဝန်ရှိ သူများက တည်ဆောက် ပြုပြင် လျက်ရှိရာ မြစ်ကြီးနား နှင့် နန်းကွေ့ ဘူတာကြား မိုင်တိုင် ၇၁၉ / ၁၆ နှင့် ၇၁၉ / ၁၅ အတွင်းမှ တံတား အမှတ် (၇၂၃)ကို အဆင့်မြှင့် RC အမိုးပိတ် တံတား အဖြစ် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ တံတားမှာ ယခင်က အုတ်ခုံ သံဘောင်တင် ဘေလီ တံတား ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မိုးရာသီ အတွင်း ရေတိုက်စား မှုကြောင့် ရထားတွဲများ တိမ်းချော်ကာ ကျွဲနွား တိရစ္ဆာန်များ သေကြေ ဆုံးရှုံးခြင်း များ ဖြစ်ပေါ်ခဲ့ကာ ပြည်နယ် ၀န်ကြီးချုပ် နှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး တို့၏ လမ်းညွှန်မှု ဖြင့် ယခုကဲ့သို့ အဆင့်မြှင့်တင် တံတား အဖြစ် တည်ဆောက် ခြင်း ဖြစ်သည်။

တံတား ရေထွက်ပေါက် အကျယ်မှာ ၂၀ပေ ရှိပြီး တံတား အမျိုးအစား မှာ RC သံကူ အားဖြည့် ဖောင်ဒေးရှင်း အမိုးပိတ် တံတား အဖြစ် လမ်းပိုင်း အဆင့် မြှင့်တင်ရေး လုပ်ငန်းမှ ငွေကျပ် ၄၀၂ သိန် အကုန်အကျ ခံကာ မြန်မာ့ မီးရထား တိုင်း(၁) မြို့ပြ အင်ဂျင်နီယာ ဌာနမှ အဆင့်ဆင့် ကြီးကြပ်ကာ ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင် က စံချိန် စံညွှန်း ပြည့်ဝစွာ ၂၀၁၃ ခုနှစ် မတ်လကုန် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Friday, February 22, 2013

ဂျပန်နိုင်ငံသည် မြောက်ကိုရီးယား ဒုံးပျံအခြေစိုက် စခန်းများကို တိုက်ခိုက်နိုင်သည့် ဒုံးပျံများ ထုတ်လုပ်နိုင်ဖွယ်ရှိဟုဆို



၂၂-၂-၂၀၁၃

ဂျပန်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား ဒုံးပျံ အခြေစိုက် စခန်း များကို လက်ဦးမှု ရယူ တိုက်ခိုက် နိုင်စွမ်းရှိသော Cruise ဒုံးပျံများ ထုတ်လုပ်ရန် အာရုံစိုက်လျက် ရှိကြောင်း Sankei Shimbun သတင်းစာ က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ဒုံးပျံများ ထုတ်လုပ်ရေး နှင့် ပတ်သက်၍ ၁၀ နှစ်တာ ကာကွယ်ရေး အစီအစဉ်အား ပြင်ဆင် ဆောင်ရွက် နိုင်ဖွယ် ရှိကြောင်းလည်း ၄င်း သတင်းစာ က ထပ်လောင်း ဖော်ပြ ခဲ့သည်။ ဂျပန်နိုင်ငံ အနေဖြင့် အဆိုပါ ဒုံးပျံ စွမ်းပကား များအတွက် အမေရိကန် နိုင်ငံအပေါ်တွင် အားထား မှီခို နေရကြောင်း နှင့် ၄င်း စွမ်းပကားများ ရရှိရေး သည် ကာကွယ်ရေး ဆိုင်ရာ အစီအစဉ် အတွက် အဓိက အချက် ဖြစ်နေကြောင်း ဂျပန် ဥပဒေပြု အမတ်နှင့် အာဏာရ လစ်ဘရယ် ပါတီရှိ လုံခြုံရေး ကော်မတီ အကြီးအကဲ Tekeshi Iwaya က ပါတီဝင် များအား ပြောကြား ခဲ့သည်။ နိုင်ငံတကာ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု နှင့်အတူ ရန်သူ့ အခြေစိုက် စခန်းများကို ပစ်ခတ် တိုက်ခိုက် နိုင်မည့် ဒုံးပျံများ ၀ယ်ယူရေး အတွက် သုံးသပ် စဉ်းစားရန် လိုအပ်ကြောင်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး က အစောပိုင်းတွင် Diet လွှတ်တော်၌ ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဒုတိယ ကမ္ဘာစစ်ပြီး နောက်ဆုံး ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အဆိုပါ လက်နက် များကို ၀ယ်ယူခြင်းမှ တားမြစ် ပိတ်ပင် ထားသည်။ ၂၀၀၄ ခုနှစ်တွင် တာဝေး ကီလိုမီတာ ၃၀၀ ( ၁၈၇ မိုင် ) အထိ ရောက်ရှိ ပစ်ခတ် နိုင်သော Cruise ဒုံးပျံများ ထုတ်လုပ်ရန် စဉ်းစား သုံးသပ် ခဲ့သော်လည်း ကျူးကျော် ရန်စမှု မပြုရေး စည်းမျဉ်းကို ချိုးဖောက် သည်ဟု စိုးရိမ် ပူပန်သော ပြည်သူများက ဆန့်ကျင် ကန့်ကွက် ခဲ့သည့်အတွက် ၄င်း အစီအစဉ် ကို ပယ်ဖျက် ခဲ့ရကြောင်း နှင့် ၂၀၀၉ ခုနှစ်တွင် ၄င်းဒုံးပျံများ ၀ယ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်သည့် အချိန်နှင့် တိုက်ဆိုင် နေသဖြင့် ထပ်မံ ပယ်ဖျက် ခဲ့ရကြောင်း သိရှိရသည်။

အမေရိကန် ရေတပ်ဖွဲ့သည် ကာကွယ်ရေး အသုံးစရိတ် လျော့ချမှုကြောင် လေယာဉ်တင် သင်္ဘော ၄ စီးကို အနားပေး ရဖွယ်ရှိခြင်း


၂၂-၂-၂၀၁၃

အမေရိကန် ရေတပ်သည် ကာကွယ်ရေး အသုံးစရိတ် လျော့ချမှု အစီအစဉ် ကြောင့် လက်ရှိ အသုံးပြု နေသော လေယာဉ်တင် သင်္ဘောများ အနက် ၄ စီးကို အနားပေးရန် စီစဉ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

အရှေ့အလယ်ပိုင်း ဒေသသို့ USS Harry Truman လေယာဉ်တင် သင်္ဘော ဖြန့်ကြက် ချထားမှုကို ရွှေ့ဆိုင်း ထားရကြောင်း ၊ နျူကလီးယား စွမ်းအင်သုံး USS Abrabam Lincoln ပြန်လည် ပြုပြင် မွမ်းမံမှုကို ရပ်တန့် ထားရကြောင်း နှင့် USS Theodore Roosevelt ပြန်လည် ပြုပြင်ရေး ကိုလည်း ရွှေ့ဆိုင်း ထားရလျက် ရှိကြောင်း အမေရိကန် ရေတပ်က အစောပိုင်းတွင် ထုတ်ပြန် ကြေညာ ခဲ့သည်။ အမေရိကန် ရေတပ်ဖွဲ့က ကွန်ကရက် သို့ တင်သွင်းခဲ့သော စာမျက်နှာ ၁၁ မျက်နှာပါ အစီရင်ခံစာ တွင် ရေတပ်ဖွဲ့သည် USS John C.Stennis , USS Dwight D Eisenhower, USS Ronald Reagan နှင့် USS Theodore Roosevelt လေယာဉ်တင် သင်္ဘော များကို အနားပေး သွားမည်ဟု ဖော်ပြ ခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ တွင် USS Enterprise လေယာဉ်တင် သင်္ဘောကို အနားပေး ခဲ့သောကြောင့် လက်ရှိ အချိန်တွင် အမေရိကန် ရေတပ်၌ လေယာဉ်တင် သင်္ဘော ၁၀ စီးသာ ကျန်ရှိသည်။ နောက်ထပ် လေယာဉ်တင် သင်္ဘော ၄ စီးကို အနားပေး လိုက်မည် ဆိုပါက ရေတပ် အနေဖြင့် ပါရှန် ပင်လယ်ကွေ့ ကဲ့သို့သော အဓိက ဒေသများတွင် တိုက်လေယာဉ် များနှင့် စစ်သင်္ဘော အများအပြား ဖြန့်ကြက် နိုင်တော့မည် မဟုတ်ကြောင်း နှင့် လေယာဉ်တင် သင်္ဘော ဆိုင်ရာ လေယာဉ် အုပ် ၉ အုပ် အနက် ၄ အုပ်ကို လျော့ချ သွားရဖွယ် ရှိကြောင်း သိရှိရသည်။

အဆင့်မြင့် ပညာဦးစီးဌာန (အောက် မြန်မာပြည် ) တက္ကသိုလ် နှင့် ကောလိပ် ပေါင်းစုံ စားပွဲတင် တင်းနစ် (အမျိုးသား) ပြိုင်ပွဲ ဆုပေးပွဲကျင်းပ



ရန်ကုန် ၊ ၂၂-၂-၂၀၁၃

ပညာရေး ၀န်ကြီးဌာန ၊ အဆင့်မြင့် ပညာ ဦးစီးဌာန ( အောက် မြန်မာပြည် ) တက္ကသိုလ် နှင့် ကောလိပ် ပေါင်းစုံ စားပွဲတင် တင်းနစ် ( အမျိုးသား ) ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန် တက္ကသိုလ် အပန်းဖြေ ရိပ်သာ၌ ကျင်းပရာ အဆင့်မြင့် ပညာ ဦးစီးဌာန ( အောက် မြန်မာပြည် ) ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဇော်မြင့် ၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်း ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လွင်လွင်စိုး နှင့် ဆရာ - ဆရာမ များ ကျောင်းသား - ကျောင်းသူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား မှူးက အခမ်းအနား စတင်ကြောင်း ကြေညာ ပြီးနောက် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခ ဒေါက်တာ လွင်လွင်စိုး က တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ နှင့် တတိယ ရရှိသူများကို ဆုများ ပေးအပ်ပြီး ၊ အဆင့်မြင့် ပညာ ဦးစီးဌာန ( အောက် မြန်မာပြည် ) ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဇော်မြင့် က နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိ သူများအား ဆုများ ပေးအပ်ပြီး ၊ အသင်းလိုက် ပြိုင်ပွဲဝင် ဆုများကို ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်း က ဆုများ အသီးသီး ပေးအပ် ခဲ့ကြသည်။ ထိုနောက် တက္ကသိုလ် လက်ရွေးစင် အဖြစ် ပဏာမ ရွေးချယ် ထားသူများ စာရင်းကို ကြေညာပြီး ဆုပေးပွဲ အခမ်းအနား ကို ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

Scholarship အစီအစဉ်နှင့် တက္ကသိုလ်အကြောင်း ရှင်းလင်းခြင်း Mandalay Swan Hotel ၌ ကျင်းပမည်



ရန်ကုန် ၊ ၂၂-၂-၂၀၁၃

ဂျပန်နိုင်ငံတွင် အင်္ဂလိပ် (သို့မဟုတ်) ဂျပန် ဘာသာစကား ဖြင့် သင်ကြား နိုင်ပြီး ၁၀၀ ရခိုင်နှုန်း Scholarship အလုပ်အကိုင် ရရှိနိုင်မှု အခွင့်အလမ်း ၉၅ ရာခိုင်နှုန်း အထိ ရရှိနိုင်သော Ritsumeikan Asia Pacific University ( APU ) မှ တာဝန်ရှိ သူများ ကိုယ်တိုင် လာရောက်ပြီး စကောလားရှစ် အစီအစဉ် နှင့် တက္ကသိုလ် အကြောင်း ရှင်းလင်းခြင်း အခမ်းအနား ကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေး မြို့ရှိ Mandalay Swan Hotel , Mingalar Room ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့မှ တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ရန်ကုန်မြို့သို့ ရောက်ရှိ



ရန်ကုန် ၊ ၂၂-၂-၂၀၁၃

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်မှ တစ်ကျော့ပြန် အိမ်ရှင် နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်ထိ ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ကြိုဆို ဂုဏ်ပြုခြင်း ၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်မည့် အားကစား မောင်- မယ်များ ရွှေတံဆိပ် ဆုများ ဆွတ်ခူး အောင်ပွဲဆင် နိုင်ပြီး ပြည်သူလူထု တစ်ရပ်လုံး ပျော်ရွှင်စါာ ပါဝင် အောင်ပွဲဆင် နိုင်ရေး အတွက် လှုံ့ဆော်ရေး အသွင်ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှ တစ်ကိုယ်တော် စက်ဘီးစီးသူ အသက် (၈၆)နှစ်ရှိ အဘိုးအို ဦးပြူးသည် ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာ ဒုတိယပတ် တွင် ရခိုင်ပြည်နယ် ၊ ကျောက်ဖြူ မြို့မှ စတင်၍ မိုင်ပေါင်း ၃၀၀၀ အသွား - အပြန် စက်ဘီး စီးခဲ့ရာ ယခုအခါ အပြန် ခရီးစဉ် အဖြစ် မကွေး ၊ စစ်ကိုင်း ၊ မန္တလေး ၊ ရှမ်း (တောင်) ၊ နေပြည်တော် မြို့များကို ဖြတ်သန်း စီးနင်းခဲ့ပြီး ၄င်းမှ တစ်ဆင့် လယ်ဝေး ၊ နေပြည်တော် ၊ ပျဉ်းမနား ၊ တောင်ငူ ၊ ဒိုက်ဦး ဖြတ်လမ်းမှ တစ်ဆင့် စစ်တောင်း တံတား ၊ ကျိုက်ထို ၊ ဘီးလင်း ၊ သထုံ ၊ ပေါင် ၊ မော်လမြိုင် မြို့များသို့ ရောက်ရှိ ခဲ့သည်။ ထို့မှ တစ်ဆင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၅ နာရီတွင် ပဲခူးမြို့မှ စတင် ထွက်ခွာလာပြီး ရန်ကုန် မြို့သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိ ရပ်နား ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ ရောက်ရှိစဉ် မြို့နယ် အသီးသီးသို့ စက်ဘီးစီး၍ လှည့်လည် ခဲ့ပြီး " (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို မိဘပြည်သူ - ကျောင်းသား လူငယ်များ ပါဝင်ဆင်နွှဲ ကြပါစို့ " ဟု စပီကာဖြင့် လည်းကောင်း ၊ အမျိုးသားရေး စိတ်ဓာတ် တက်ကြွ စေသော " အားကစား သီချင်းများ ဖွင့်၍ တစ်ဖုံ " လိုက်လံ လှုံ့ဆော် ခဲ့သူ ဖြစ်သည်။ ၄င်း အဖိုးအို သည် ငယ်စဉ်က ကင်းထောက် ပညာကို သင်ကြား ခဲ့ဖူးပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်၌ ကျင်းပမည့် ကင်းထောက် ဟောင်းကြီးများ တွေ့ဆုံပွဲသို့ တက်ရောက် မည်ဖြစ်သည်။ ရန်ကုန်မြို့မှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် များသို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ကာ စစ်တွေမြို့၌ ခရီးစဉ် အားလုံး ပြီးမှာ ဖြစ်ကြောင်း ၊ ၄င်း၏ ခရီးစဉ် တစ်လျှောက်လုံးတွင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပြည်သူ နှင့် ကျောင်းသား - ကျောင်းသူ များက ကြိုဆို ခဲ့ကြကြောင်း ၊ ခရီးစဉ် တစ်လေဆာက်လုံး အောင်မြင် ချောမော ခဲ့ကြောင်းဖြင့် ရှင်းလင်း ပြောကြား သည်။ ထို့အပြင် အဘိုးအို ဦးပြူးသည် SEA GAMES ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော် သို့ စစ်တွေမြို့မှ ထပ်မံ၍ စစ်ဘီးစီးမည် ဖြစ်ကြောင်း သိရှိရသည်။

Thursday, February 21, 2013

တိုင်းပြည် ကြီးပွား တိုးတက်ခြင်း၏ အခြေခံစိတ်ဓာတ်


နေမိုး (လူငယ်ဘုံရိပ်သာ)

တာဝန်သိစိတ် နှင့် တာဝန်ယူစိတ် အကြောင်း စဉ်းစား နေမိတာ အတော် ကြာပါပြီ။ အထူးသဖြင့် လမ်းပေါ်မှာ အမှိုက် သရိုက် တွေကို မရှက်မကြောက် ပစ်ချင်တိုင်း ပစ်နေကြ တာတွေကို တွေ့ရတဲ့ အခါတိုင်း စဉ်းစားမိတယ်။

တာဝန်သိစိတ် နှင့် တာဝန်ယူစိတ် ဟာ ကျွန်တော်တို့ နိုင်ငံနှင့် ကျွန်တော်တို့ ဘ၀တွေ ဖွံ့ဖြိုး တိုးတက်ဖို့ ဘယ်လောက် အတိုင်းအတာ အထိ အရေးပါ နိုင်သလဲ ဆိုတဲ့ မွေးခွန်းကို ကိုယ့်ကိုယ်ကို မေးနေမိ တာလည်း အတော် ကြာပါပြီ။ ကျွန်တော် စဉ်းစား မိတဲ့ တာဝန်သိစိတ် နှင့် တာဝန်ယူစိတ် ရဲ့ အရေးပါမှုကို အနည်းငယ် ပြေချင်ပါတယ်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၈)


အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၈)

(၂၁-၂-၂၀၁၃ ရက်နေ့ထုတ်)

Download = Solidfiles
View and Download = Scribd

ဂျပန်သံရုံး၏ ထောက်ပံ့ကြေးငွေဖြင့် JICA အဖွဲ့က ဆောင်ရွက်သော ကျေးရွာချင်းဆက် လမ်းသစ်ဖွင့်ပွဲကျင်းပ



ရန်ကုန် ၊ ၂၁-၂-၂၀၁၃

ဂျပန်သံရုံး၏ ထောက်ပံ့ကြေး ငွေဖြင့် ဂျပန် အပြည်ပြည် ဆိုင်ရာ JICA အဖွဲ့က လူသားချင်း စာနာစိတ် ဖြင့် ဆောင်ရွက်သော မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ နှင့် ဆက်စပ်လျက် ရှိသည့် မုဆိုးကျွန်း ၊ တကူဂလုံ ကျေးရွာချင်းဆက် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မုဆိုးကျွန်း ကျေးရွာ၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး တို့ တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ဂျပန် အပြည်ပြည် ဆိုင်ရာ JICA အဖွဲ့သည် ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်ပျက်ခဲ့မှု များကို လူသားချင်း စာနာစိတ်ဖြင့် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်မြို့ ၊ သူနာပြု တက္ကသိုလ် ကြီးအား လည်းကောင်း ၊ မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ရေတွင်းကုန်း ကျေးရွာရှိ အစိုးရ မူလတန်းကျောင်း တစ်ကျောင်း အားလည်းကောင်း၊ ယခုအခါ တကူဂလုံ ကျေးရွာ ချင်းဆက် လမ်းအား လည်းကောင်း ဂျပန် - မြန်မာ ချစ်ကြည်ရေး ခိုင်မြဲ စေရေး အတွက် ရည်ရွယ်ကာ လှူဒါန်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခု ဖွင့်လှစ်သည့် လမ်းသည် တစ်ချိန်က မိုးရာသီတွင် လှေများဖြင့် ခက်ခဲစွာ ဒေသခံ ပြည်သူများ သွားလာ နေရသည်ကို ဂျပန် အပြည်ပြည် ဆိုင်ရာ JICA အဖွဲ့က လေ့လာ သိရှိရ၍ ၂၀၁၀ ခုနှစ် ၊ အသေးစား စီမံကိန်း များ ထောက်ပံ့ရေး အစီအစဉ် အရ ဂျပန် အစိုးရ နှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် လူသားချင်း စာနာစိတ်ဖြင့် ဆောင်ရွက်ကာ တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တက္ကသိုလ် နှင့် ကောလိပ်ပေါင်းစုံ စားပွဲတင်တင်းနစ် (အမျိုးသား )ပြိုင်ပွဲ ကျင်းပ



ရန်ကုန် ၊ ၂၀-၂-၂၀၁၃

၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် အဆင့်မြင့် ဦးစီးဌာန (အောက် မြန်မာပြည်) တက္ကသိုလ် နှင့် ကောလိပ် ပေါင်းစုံ စားပွဲတင် တင်းနစ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် အပန်းဖြေ ရိပ်သာ၌ ကျင်းပ ပြုလုပ်ရာ အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) မှ တာဝန်ရှိသူ များ ၊ တက္ကသိုလ် ၊ ကောလိပ် များမှ ပါမောက္ခ ချုပ်များ ၊ ဒုတိယ ပါမောက္ခ ချုပ်များ ၊ ကျောင်းအုပ်ကြီး များ ၊ ဆရာ - ဆရာမများ နှင့် ကျောင်းသား - ကျောင်းသူ များ ၊ ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစား သမားများ ကွင်းအတွင်း အသင်းလိုက် နေရာယူ ကြပြီးနောက် အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) ညွှန်ကြားရေးမှူး ချုပ် ကိုယ်စား ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲက အဖွင့် မိန့်ခွန်း ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစား သမားများက အားကစား သစ္စာ အဓိဌာန် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာ ကြသည်။ ယင်းနောက် ပထမနေ့ ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများက ပြိုင်ပွဲ အစီအစဉ် အတိုင်း ယှဉ်ပြိုင်ကြသည်။

အဆိုပါ အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) တက္ကသိုလ် နှင့် ကောလိပ် ပေါင်းစုံ စားပွဲတင် တင်းနစ် (အမျိုးသား) ပြိုင်ပွဲတွင် တက္ကသိုလ် ၊ ကောလိပ် (၁၁)ခုမှ ပြိုင်ပွဲဝင် အသင်းများ ပါဝင် ယှဉ်ပြိုင် ကြပြီး ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Wednesday, February 20, 2013

အင်္ဂလိပ် ဘာသာစကား အကျွမ်းတ၀င် ရှိစေရန်


လင်းကိုကို ၊ ၂၀-၂-၂၀၁၃

ကမ္ဘာတစ်ဝန်း တွင် နည်းပညာ များသည် နေ့စဉ်နှင့်အမျှ တိုးတက်လျက် ရှိသဖြင့် ယနေ့ ခေတ်ကမ္ဘာ ကြီးအား World of Knowledge ဟုပင် တင်စား ခေါ်ဝေါ်လျက် ရှိပေသည်။ ထိုကဲ့သို့ နေ့စဉ်နှင့် အမျှ တိုးတက် ပြောင်းလဲ နေသော နည်းပညာ များအား မျှဝေ ရယူနိုင်ရန် အတွက် မဖွံ့ဖြိုး သေးသော နိုင်ငံများ နှင့် ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများ အကြား ဆက်သွယ် ပေးမည့် လမ်းကြောင်း တစ်ခု ခင်းပေးရန် လိုအပ်လာ ပါသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ နည်းပညာ တိုးတက်မှု များအား ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ လွှဲပြောင်း ရယူရန် ကြားခံပေးမည့် အရာမှာ နှစ်ဦးနှစ်ဖက် နားလည် ဆက်သွယ် နိုင်မည့် ဘာသာစကား ပင် ဖြစ်ပါသည်။ယနေ့ ကမ္ဘာကြီးတွင် ဘာသာစကား မျိုးစုံရှိသည့် အနက် ကျွန်တော်တို့ နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှ နည်းပညာ များကို ရယူနိုင်ရန် အတွက် အသုံးများသော ဘာသာစကား မှာ အင်္ဂလိပ် ဘာသာစကား ဖြစ်ပါသည်။

မြန်မာနိုင်ငံ သည် တစ်ချိန်က အင်္ဂလိပ် လက်အောက်ခံ ကိုလိုနီ ဘ၀ကျရောက် ခဲ့သဖြင့် အင်္ဂလိပ် ဘာသာစကား ကို ရုံးသုံးအဖြစ် ကျင့်သုံးခဲ့ ပါသည်။ ထို့ကြောင့် ထိုကာလတွင် လူကြီး လူငယ်များ အနေဖြင့် အင်္ဂလိပ် ဘာသာကို ယဉ်ပါးမှု ရှိခဲ့ပြီး အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါး ၊ ကဗျာ ၊ ၀တ္ထု စသည်တို့ကို ရသမြောက်အောင် ရေးနိုင် သည်အထိ အင်္ဂလိပ် စာကို ကျွမ်းကျင်မှု ရှိခဲ့ပါသည်။

စစ်လက်နက်ရောင်းချသည့် ထိပ်တန်း ကုမ္ပဏီ ၁၀၀ ခု၏ စစ်လက်နက် ရောင်းချရမှုမှာ ၂၀၁၁ ခုနှစ်တွင် ကျဆင်းခဲ့



၂၀-၂-၂၀၁၃

အီရတ် နှင့် အာဖဂန် နစ္စတန် နိုင်ငံရှိ စစ်ဆင်ရေး များအား လျော့ချ လာခဲ့ရာ စစ်လက်နက် ၀ယ်ယူမှု များမှာလည်း လျော့ကျ လာခဲ့သည့် အတွက်ကြောင့် စစ်လက်နက် ရောင်းချသည့် ထိပ်တန်း ကုမ္ပဏီ ၁၀၀ ခု၏ စစ်လက်နက် ရောင်းချ ရမှု မှာလည်း ၁၉၉၀ ပြည့် လွန်နှစ် များကတည်းက စ၍ ပထမဆုံး အကြိမ် အဖြစ် ၂၀၁၁ ခုနှစ်တွင် ရောင်းချရမှု ပမာဏ ကျဆင်း ခဲ့ကြောင်း နိုင်ငံတကာ လုံခြုံရေး ၊ စစ်လက်နက် နှင့် စစ်လက်နက် ဖျက်သိမ်းမှု ဆိုင်ရာ သီးခြား သုတေသန အဖွဲ့ ဖြစ်သည့် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး ဆိုင်ရာ သုတေသန အဖွဲ့ SIPRI က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ များ၏ စစ်လက်နက် ပစ္စည်း ရောင်းချမှုသည် အမေရိကန် ဒေါ်လာ ၄၁၁ ဘီလီယံ ( စတာလင် ပေါင် ၂၆၅ ဘီလီယံ ) ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၁၀ ဘီလီယံ ( စတာလင် ပေါင် ၂၆၄ ဘီလီယံ ) သို့ ကျဆင်းခဲ့ကြောင်း အဆိုပါ ကြေညာချက် တွင် ထပ်လောင်း ဖော်ပြ ထားသည်။ အဆိုပါ အဖွဲ့ အနေဖြင့် ၁၉၈၉ ခုနှစ်မှ စတင်၍ ၄င်းစစ်လက်နက် ရောင်းချမှု ဆိုင်ရာ အချက်အလက် များကို ပြုစုထားကြောင်း ၊ သို့ရာတွင် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီ များ၏ ရောင်းချရမှု ဆိုင်ရာ အချက်အလက် များ မရရှိ သဖြင့် အဆိုပါ စာရင်းတွင် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီ များ၏ ရောင်းချရမှု ပမာဏ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

စစ်လက်နက် ပစ္စည်းများ ရောင်းအား ကျဆင်း လာခြင်း၏ အဓိက အကြောင်းတရားမှာ အီရတ် နှင့် အဖဂန် နစ္စတန် မှ နိုင်ငံတကာ တပ်ဖွဲ့ဝင်များ  ပြန်လည် ရုပ်သိမ်းခြင်း နှင့် လစ်ဗျား နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ မရောင်းချရန် ပိတ်ပင် ထားမှုများကြောင့် ဖြစ်ကြောင်း သိရှိရသည်။