Pages

Thursday, February 28, 2013

မုံရွာမြို့ ကန်သာယာကန်ကြီးအား ဘေးမဲ့ကန်အဖြစ် သတ်မှတ်



မုံရွာ ၊ ၂၈-၂-၂၀၁၃

မုံရွာမြို့ ၊ ကန်သာယာ ကန်ကြီးသည် ဧက ၂၀၀ ခန့် ကျယ်ဝန်းကြောင်း သိရသည်။ အဆိုပါ ကန်ကြီး အတွင်း မြို့သက် ၁၀၀ ပြည့်နှစ် အဖြစ် ၁၉၈၈ ခုနှစ်တွင် ဥာဏ်တော် ၃၆ ပေရှိ ရာပြည့် ကပ်ကျော် မင်္ဂလာ မဟာစေတီ တော်ကို ပြည်သူများ ကိုးကွယ်နိုင်ရန် တည်ထား ခဲ့သည်။ ထို့အတူ အဆိုပါ ကန်သာယာ အားလည်း ဘေးမဲ့ကန် အဖြစ် ၄င်းနှစ်တွင်ပင် သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဘေးမဲ့ကန် အဖြစ် သတ်မှတ် ခဲ့သော်လည်း ၄ နှစ်ခန့်သာ ဘေးမဲ့ကန် အဖြစ် တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် ကန်အတွင်း ငါးများ ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ယနေ့ အချိန်ခါ ကာလသည် ကမ္ဘာနှင့် အ၀ှမ်းတွင် ရာသီဥတု ပြောင်းလဲ ဖြစ်စဉ်များ မြန်ဆန်စွာ ပြောင်းလဲ လာပြီး ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ် လျက်ရှိရာ မုံရွာမြို့ သည်လည်း အဆိုပါ ဖြစ်စဉ် အတွင်း ပါဝင် ပတ်သက်လျက် ရှိခြင်းကြောင့် အပူရှိန် မြင့်မားမှု နှင့် မိုးခေါင်မှုကို နှစ်စဉ် ခံစား ရလျက် ရှိသည်။ ထို့အတူ ကန်သာယာ ကန်ကြီး သည်လည်း ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း ၊ အပူရှိန် လွန်ကဲမှု ၊ ကန်အတွင်း ရေ၀င်ရောက်မှု တစ်နှစ်ထက် တစ်နှစ် နည်းပါး လာပြီး ကာလ ကြာမြင့် လာပါက တိမ်ကော ပျောက်ကွယ် သွားမည်ကို စိုးရိမ် စရာ ဖြစ်လာကြောင်း သိရသည်။



အပန်းဖြေ ခရီးသွား ပြည်သူများ လာရောက် လည်ပတ်သည် ဖြစ်စေ ၊ ဖြတ်သန်း သွားလာ၍ ဖြစ်စေ စေတီ နှင့် ကန်သာယာကြီး တည်ရှိမှုကို မျက်စိ ပသာဒ ရှိစေရန် နှင့် ကန်သာယာ ရေကန်ကြီး ရေရှည် တည်တံ့စေရန် ၊ အဆိုပါ ကန်ကြီးကို အမှီပြုပြီး မြို့နေ လူထုများ ၊ မြေအောက်ရေ ၊ သောက်သုံးရေ များကို အထောက်အကူ ဖြစ်စေရန် ၊ ကန်ကြီး အတွင်းရှိ ရေနေ သတ္တ၀ါများ သဘာဝ အလျှောက် ရှင်သန် ပေါက်ဖွား လာစေရန် နှင့် ကန်သာယာ လှပရေး နှင့် စိမ်းလန်း စိုပြည်ရေး တို့အတွက် ဘေးမဲ့ကန်ကြီး အဖြစ် ထာဝရ တည်ရှိ နေစေရန် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ စဉ်းစား ဆုံးဖြတ်ကာ သက်ဆိုင်ရာသို့ ဘေးမဲ့ကန်ကြီး အဖြစ် ထပ်မံ အတည်ပြုပေးရန် တင်ပြ တောင်းခံ ခဲ့သည်။

ယင်းသို့ကြောင့် အဆိုပါ ကန်သာယာ ကန်ကြီးအား ၈-၁-၂၀၁၃ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘေးမဲ့ကန် အဖြစ် သတ်မှတ် ပေးသည့် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ရာ ကန်သာယာ ကန်ကြီး ဘက်စုံ ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင် ရန် ဘေးမဲ့ကန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း နှင့် ဘေးမဲ့ကန်ကြီး အဖြစ် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment