Pages

Tuesday, February 26, 2013

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ ကျင်းပ



မြစ်ကြီးနား ၊ ၂၆-၂-၂၀၁၃

ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ မိုးညှင်းခရိုင် ရုံးသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ရုံးသစ် အဆောက်အဦ ရှေ့၌ ကျင်းပ ပြုလုပ်ရာ မိုးညှင်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၊ ကချင်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ပြည်နယ် ဦးစီးမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး က ရုံးဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ရုံးသစ် အစည်းအဝေး ခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး က အဖွင့် အမှာစကား ပြောကြားကာ ရုံးသစ် ဖွင့်လှစ် ရခြင်းနှင့် ဌာနမှ လုပ်ငန်း တာဝန် ၄ ရပ် အားလည်းကောင်း ၊ ယခင်က ယာဉ် မှတ်ပုံတင် ခြင်းနှင့် ယာဉ်မောင်း လိုင်စင် ပြုလုပ်ရန် မိုင် ၁၀၀ ကျော် ဝေးသော မြစ်ကြီးနား မြို့သို့ အချိန်ကုန် ၊ ငွေကုန်ခံပြီး လုပ်ဆောင် ရာမှ ယခု ရုံးသစ်တွင် ခရိုင် အတွင်းရှိ ယာဉ်မောင်း နှင့် ယာဉ်ပိုင်ရှင် များ မှတ်ပုံတင် သက်တမ်းတိုး ခြင်းများ အစစ အရာရာ သက်သာပြီး လုပ်ငန်း အဆင်ပြေ ချောမွေ့ စေတော့မှာ ဖြစ်ကြောင်း တို့ကို အကျယ်တ၀င့် ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ဂရုဏာ ကုမ္ပဏီ မှ ရုံးသစ် အဆောက်အဦ နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ခရိုင် ဦးစီးမှူး ထံသို့ လွှဲပြောင်း ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။ အဆိုပါ ရုံး အဆောက်အဦမှာ အလျား ၈၀ ပေ ၊ အနံ ၄၀ ပေ ၊ အမြင့် ၂၃ ပေရှိ သံကူ ကွန်ကရစ် ၂ ထပ် အဆောက်အဦ ဖြစ်ကာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁၇၀ အကုန်အကျခံ ဆောက်လုပ် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment