Pages

Sunday, February 24, 2013

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ် ဦးသာအေး မုံရွာမြို့ မြို့မိ မြို့ဖများနှင့် ဒုတိယအကြိမ် တွေ့ဆုံ



မုံရွာ ၊ ၂၄-၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် နှင့် မုံရွာမြို့ မြို့မိ မြို့ဖ များနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲ ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့်အတူ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တရား သူကြီးချုပ် ၊ ဥပဒေချုပ် ၊ စာရင်းစစ်ချုပ် နှင့် မြို့မိ မြို့ဖများ ၊ လမ်းကော်မတီများ တက်ရောက် ကြသည်။

အခမ်းအနား တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး က နှုတ်ခွန်းဆက် စကား ပြောကြားပြီး တိုင်းဒေသကြီး စည်ပင် သာယာရေး ၀န်ကြီး က ပထမအကြိမ် မြို့မိ မြို့ဖများနှင့် တွေ့ဆုံစဉ် တင်ပြချက် ၈၆ ချက် ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ဖတ်ကြား ရှင်းလင်းသည်။

ဆက်လက်ပြီး တက်ရောက် လာသော မြို့မိ မြို့ဖများ ၊ လမ်း ကော်မတီ ၀င်များက ရပ်ကွက် အတွင်း ကတ္တရာလမ်း ခင်းကျင်းမှု အခြေအနေ ၊ ကတ္တရာ လိုအပ်ချက် ၊ အခြား လိုအပ်ချက်များ ၊ လမ်းဘေး ၀ဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေး ၊ ရေနှုတ်မြောင်း များ ဖောက်လုပ်ရေး ၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များ ၊ စည်ပင် သာယာရေး နှင့် ပတ်သက်ပြီး လမ်းဆုံ လမ်းခွများတွင် အမှိုက်စို အမှိုက်ခြောက် စွန့်ပစ် စုရပ်များ ထားရှိပေးရေး ၊ စနစ်ကျသော စီမံချက် တစ်ခု ရေးဆွဲ ထားရှိရေး ၊ သဘာဝ ပတ်ဝန်းကျင် နှင့် ပတ်သက်၍ မုံရွာမြို့တွင် ယခင်က ကန်လေးကန် ၊ အင်းလေးအင်း ရှိခဲ့ရာ ယခု အချိန်တွင် တစ်ချို့ အင်းများနှင့် အိုင်များသည် ပျက်သုန်း သွားပြီ ဖြစ်ကြောင်း ၊ ယခု လက်ကျန်အင်း ၊ ကန် ၊ အိုင် များကို စနစ်တကျ ထိန်းသိမ်း ထားရှိရေး ၊ လုံခြုံရေး အတွက် HOT LINE တစ်ခု စီစဉ် ပေးရေး ၊ အရေးပေါ် အခြေအနေ တွင် ဆက်သွယ် နိုင်ရေး မိုဘိုင်းဖုန်း တစ်ခု စီစဉ်ပေးရေး ၊ နွေရာသီ ရောက်ရှိ တော့မည် ဖြစ်သည့် အတွက် လုံခြုံ စိတ်ချရသော မီးဘေး ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက် ထားရှိပေးရေး ၊ ပညာရေး ကဏ္ဍ နှင့် ပတ်သက်ပြီး မုံရွာမြို့တွင် နိုင်ငံခြား ဘာသာသင် တက္ကသိုလ် တစ်ခု စီစဉ် ဖွင့်လှစ် နိုင်ရေး ၊ ပလက်ဖောင်းများ ခင်းကျင်းရေး ၊ မြို့တွင်း သွားလမ်း ဘေး ၀ဲ/ယာ သစ်ပင်များအား မြို့အင်္ဂါရပ် နှင့် ညီသော လျှပ်စစ်မီးများ ထွန်းညှိစေရေး စသည်တို့ကို အသီးသီး တင်ပြကြသည်။

ထို့နောက် တင်ပြချက် များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး က ချက်ချင်း လုပ်ဆောင်၍  ရသော လုပ်ငန်း စဉ်များကို အမြန်ဆုံး ဆောင်ရွက် ပေးမည် ဖြစ်ပြီး ရေရှည် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ် များကို အချိန်ယူ ဆောင်ရွက် ရမည် ဖြစ်သဖြင့် စိတ်ရှည် သည်းခံ စောင့်ဆိုင်းရန် ပြောကြားကာ ကဏ္ဍ အလိုက် ပြန်လည် ရှင်းလင်း ဖြေကြားကာ နိဂုံးချုပ် စကား ပြောကြားပြီး အခမ်းအနား ကို ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment