www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 9, 2018

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်မောင်မယ် သစ်များခေါ်ယူ



ရန်ကုန် ၉-၁-၂ဝ၁၈

မြန်မာနိုင်ငံ၏ လေကြောင်းလောက တိုးတက်စေရေး ပြည်တွင်း၌သာမက ဒေသတွင်းနိုင်ငံများ၌ပါ ဝန်ဆောင်မှုကောင်းများ ပေးနိုင်သည့် လေကြောင်းလိုင်း ဖြစ်စေရန်နှင့် လေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline) မှ လေယာဉ်မောင်၊ လေယာဉ်မယ်အသစ်များ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

လေယာဉ်မောင်၊ လေယာဉ်မယ်များအတွက် သတ်မှတ် အရည်အချင်းများမှာ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်း လူပျို၊အပျိုဖြစ်ရမည် ဖြစ်ကာ ပညာအရည်အချင်းမှာ အနည်းဆုံး ဒုတိယနှစ် အောင်မြင်ထားသူ ဖြစ်ရမည် ဖြစ်သည်။ 

အမျိုးသားများအတွက် အရပ် ၅ ပေ ၆ လက်မနှင့် အမျိုးသမီးများအတွက် အရပ် ၅ ပေ ၄ လက်မ အနည်းဆုံး ရှိရမည်ဖြစ်ပြီး ရေကူးတတ်ရမည် ဖြစ်သည်။ 

မျက်မှန်တပ်ဆင်သူ မဟုတ်ဘဲ အင်္ဂလိပ်စကား သင့်တင့်စွာ ပြောဆိုနိုင်သူ ဖြစ်ရမည်ဖြစ်ပြီး ရွေးချယ်ခံရပါက မြန်မာအမျိုးသား လေကြောင်းလိုင်းတွင် ငါးနှစ်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် ကိုယ်တိုင်ရေး ကိုယ်ရေးရာဇဝင်အကျဉ်း၊ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာ၊ ရှေ့နောက် ဝဲယာရိုက်ကူးထားသည့် ကိုယ်လုံးပြည့် ဓာတ်ပုံတစ်ပုံစီ၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံသုံးပုံနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲလျက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာအမျိုးသား လေကြောင်းလိုင်း (ရုံးချုပ်) သို့ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်း၌ မြို့ပေါင်း ၃ဝ ခန့်သို့ ပျံသန်းလျက်ရှိပြီး နိုင်ငံတကာပျံသန်းမှု အနေဖြင့် စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့သို့ ပျံသန်းလျက်ရှိသည်။ အဆိုပါ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အကျယ်ပြန့်ဆုံး ခရီးစဉ်ကွန်ရက်ဖြင့် ရှင်သန်ရပ်တည်ခဲ့သည်မှာ နှစ် (၇ဝ) ပြည့်ပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger