www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 9, 2018

မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော မြောက်ကျောင်းတော်ကြီးသို့ လာရောက်လေ့လာသူ နည်းပါး



က​ဝ ၉-၁-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် နိဗ္ဗာန်ရွာရှိ နှစ်ပေါင်း ၂ဝဝ ကျော်သက်တမ်းရှိသည့် မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော မြောက်ကျောင်းတော်ကြီးသို့ လာရောက်လေ့လာသူ နည်းပါးနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ကျောင်းတော်ကြီး စာသင်တိုက်ကို ကျောင်းထိုင်ဆရာတော် ဦးဥတ္တမက စတင်ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာလာ၍ ကျောင်းဆောင်ကြီးသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသဖြင့် ၁၉၂ဝ ပြည့်နှစ်တွင် လယ်တီဆရာတော်၏ တပည့်အရင်းဖြစ်သော ဆရာတော်ဦးဇာနေယျ ဦးဆောင်ကာ နှစ်ထပ်ကျောင်းဆောင် ကြီးအဖြစ်ပြောင်းလဲ ဆောက်လုပ်ခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် နှစ် ၁ဝဝ အထက် သက်တမ်းရှိသော အဆောက်အအုံများကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ပေး ထားသဖြင့် မြောက်ကျောင်းတော် ကြီးစာသင်တိုက်သည်လည်း ရှေးဟောင်းသုတေသန ဦးစီးဌာန၏ ကာကွယ်စောင့်ရှောက်မှု အောက်တွင်ရှိကြောင်း သိရသည်။

ကျွန်းတိုင်လုံး ကြီးပေါင်း ၁၂ဝ ကျော်ဖြင့် တည်ဆောက်ထားသော အဆိုပါနှစ်ထပ်ကျောင်းတော်ကြီးရှိ အပေါ်ထပ်နံရံများတွင် မြန်မာ့ဇာတ်တော်ကြီးများကို ပန်းကနုတ် ဖော်ထားသည့်အပြင် တခြားသော မြန်မာ့ရှေးဟောင်း လက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ကျောင်းဆောက်လုပ် ရာတွင်အသုံးပြုသော ကျွန်းတိုင်လုံးကြီးများကို ဘိုးတော်မင်းက လှူဒါန်းခဲ့ပြီး ယင်းသို့ လှူဒါန်းရခြင်းသည် နိဗ္ဗာန်ရွာသူရွာသားများက ဘိုးတော်မင်းထံ ဆင်ဖြူတော်ဆက်သ သည့်အတွက်ကြောင့် ထိုကျွန်းတိုင်လုံးများကို ပြန်လည်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော သမိုင်းဝင်ဘုန်းကြီးကျောင်း ဖြစ်သော်လည်း လာရောက်လေ့လာသူ နည်းပါးနေပြီး လက်ရှိတွင် ကျောင်းတော်ကြီးကို ကျောင်းရှိရဟန်းသံဃာများနှင့် ရွာသူရွာသားများက ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger