www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 21, 2015

အင်းဝမြို့ဟောင်းရှိ နိုင်ငံခြားခရီးသွား ဧည့်သည်အများစု စီးလေ့ရှိသည့် မြင်းလှည်းခများကို စက်တင်ဘာ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည်



တံတားဦး ၊ ၂၁-၈-၂ဝ၁၅

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်းရှိ ရှေးဟောင်း အမွေအနှစ် များစွာရှိသော အင်းဝ မြို့ဟောင်း၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ စီးလေ့ရှိသည့် မြင်းလှည်းခ များကို စက်တင်ဘာ ၁ ရက်မှစ၍ တစ်စီးလျှင် ကျပ် ၁ဝဝဝဝ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကောက်ခံ နေသော မြင်းလှည်းခ ကျပ် ၈ဝဝဝ မှာ မြင်းအစာစရိတ် မျှသာ ရှိသောကြောင့် ကျပ်၂ဝဝဝ တိုး၍ ကောက်ခံရခြင်း ဖြစ်သည်။ မြင်းလှည်း တစ်စီးလျှင် ခရီးသည် နှစ်ဦးသာ တင်ဆောင်၍ မယ်နု အုတ်ကျောင်း၊ မျှော်စင်၊ ဗားကရာ ကျောင်းတိုက် နှင့် ရတနာဆီမီး နေရာများသို့ လိုက်လံပို့ဆောင် ပေးကာ အချိန်အားဖြင့် သုံးနာရီခန့် ကြာမြင့် တတ်ကြောင်း မြင်းလှည်း အသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်း က ပြောသည်။

လက်ရှိတွင် မြင်းအစာ ဈေးနှုန်း မြင့်တက် လာသည့်အပြင် မြင်းခွာ ရိုက်ခများ၊ မြင်းလှည်း ကို လှပခိုင်ခံ့အောင် ပြုပြင်ခများ၊ မြင်းလှည်း ဆေးသုတ်ခနှင့် စည်ပင်သာယာ ဌာနသို့ လိုင်စင် သက်တမ်းတိုး ပြသရခြင်း စသည့် ကုန်ကျမှု များကြောင့် ယခုကဲ့သို့ တိုးမြှင့် ကောက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

''အခုရက်ပိုင်းမှာ မြင်းအစာစရိတ် တွေကလည်း ဈေးတက်တော့ မြင်းလှည်း မောင်းတဲ့သူတွေ နေ့တွက် မကိုက်ဘူး ဖြစ်နေတယ်။ ပြီးတော့ ခရီးသွားရာသီ မဟုတ်လို့ တစ်နေ့မှ တစ်ခေါက်တောင် မရကြ ပါဘူး။ နေရာ လေးနေရာကို လိုက်ပို့ပေးတယ် ဆိုပေမယ့် တချို့ဆိုရင် သံသပိတ် လုပ်တဲ့ နေရာတွေ၊ သင်ဖြူးဖျာ ရက်တဲ့ နေရာတွေ၊ တချို့ ဘုရားစေတီ တွေအနား ရောက်ရင် ရပ်ခိုင်းပြီး လေ့လာတာတွေ ရှိပါတယ် '' ဟု မြင်းလှည်း မောင်းသူ တစ်ဦးက ပြောသည်။ 

အင်းဝမြို့ဟောင်း မြင်းလှည်းဂိတ် ၌ မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ လိုင်စင်ချထား ပေးသည့် မြင်းလှည်း အစီးရေ ၂ဝဝ ကျော်ရှိပြီး အလှည့်ကျ စနစ်ဖြင့် ပို့ဆောင်ပေး ရကြောင်း၊ ခရီးသွားရာသီ ရောက်ပါက တစ်ဦး လျှင် တစ်နေ့ နှစ်ခေါက်နှုန်း ပို့ပေးရကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ အမျိုးသမီး မြင်းလှည်း မောင်းသူများ ကိုပါ လိုင်စင် ချထားပေးရာ မြင်းလှည်း မောင်းသူ စုစုပေါင်း ၃၂ ဦး ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger