www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 11, 2015

မိုးဦးကာလ နှင့် မိုးသက်လေပြင်း


မိုးဦးကာလ နှင့် မိုးသက်လေပြင်း

မိုးဦးအကြို ယခု ကဲ့သို့သော ကာလမျိုးတွင် မြန်မာနိုင်ငံ တစ်ဝန်း နေရာအနှံ့ တွင် မိုးသက် လေပြင်းများ တိုက်ခတ်စမြဲ ဖြစ်သည်။ တစ်နွေလုံး ပူပြင်း လာခဲ့မှုသည် ရာသီဥတု ကူးပြောင်းသော အခါ မိုးသက် လေပြင်းများ တိုက်ခတ်ကာ နေရာကွက်၍ မိုးထစ်ချုန်း ရွာတတ်သည်။

ယခုနှစ်သည် နွေရာသီတွင် သာမန်ဖြစ်ရိုး ဖြစ်စဉ် အပူချိန်ထက် ပိုမိုပူပြင်း ခဲ့သောကြောင့် ယခင်နှစ် များထက် မိုးသက် လေပြင်းဒဏ် ပိုမို ခံရဖွယ် ရှိမည်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန် ရာသီဥတု၏ အကျိုးဆက် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ သဘာဝလွန် ဖြစ်ရပ်များကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့တွင် ဖြစ်ပေါ်လျက် ရှိသည်။

မိုးသက်လေပြင်း တို့၏ သဘာဝ မိုးရောလေပါ အတူတွဲလာ တတ်သောကြောင့် မိုးရွာချ သကဲ့သို့ လေပြင်းကလည်း ပြင်းထန် လွန်းသည်။ ထို့ကြောင့် မေ ၈ ရက်ညပိုင်းက တိုက်ခတ်သော မိုးသက်လေပြင်း သည် မြန်မာနိုင်ငံ အတွင်းရှိ အချို့ဒေသ များတွင် အိမ်များ၊ ကျောင်းများ အမိုးလန် ပြိုပျက်ခြင်း၊ အချို့ သစ်ပင်ကြီးများ ကိုင်းပြတ်ကျခြင်း၊ အမြစ်မှ ပြုတ်၍ အဆောက်အအုံ များပေါ်တွင် ပိခြင်း၊ စေတီတော် များရှိ ထီးတော်များ ပြိုကျ၍ မြေခခြင်း စသည့် မိုးဦးကာလ ၏ အဝင်ကြမ်း မှုများကို မြင်တွေ့ရသည်။

ဤကဲ့သို့ အမြစ်ကျွတ် ပြိုလဲနိုင်သည့် နှစ်ချို့ သစ်ပင်ကြီး များသည် မြို့ပြနှင့် လမ်းဘေးများတွင် ရှိနေခြင်းမှာ တစ်ဖက်ကို ကြည့်လျှင် အရိပ် ရရှိရန်အတွက် ကောင်းသည်ဟု ဆိုနိုင် သော်လည်း ယခု ကဲ့သို့သော မိုးသက် လေပြင်းများ တိုက်ခတ် ချိန်တွင် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အတွက် စိုးရိမ်ရသော ကြောင့် အထူး သတိပြု ကြရမည် ဖြစ်သည်။

ယခုကဲ့သို့ ပုံမှန်ရာသီလေ မဟုတ်သော အနောက်ဘက်မှ ရွေ့လျား လေပွေလှိုင်း များနှင့် အရှေ့ဘက်မှ တိုးဝင်လာသည့် လေပွေလှိုင်းများ မျက်နှာချင်းဆိုင် ဆုံတွေ့ကြ ရာမှ မိုးရွာသွန်း ခြင်းများ ဖြစ်ပေါ်ပြီး မိုးသက် လေပြင်းများ တိုက်ခတ်သည်။ သို့သော် အဆိုးထဲက အကောင်းဟု ဆိုရပေမည်။ နိုင်ငံအနှံ့တွင် မိုးရေ လှောင်ကန်များ၊ ဆည်များ လွန်ကဲ အပူဒဏ်ကြောင့် ရေခန်းခြောက် ပြီး သောက်သုံးရေ အခက်ကြုံတွေ့ နေရချိန်တွင် ဤမိုးက အကျိုးပြု နိုင်မည် ဖြစ်သည်။

ထို့ပြင် စပါး ရိတ်သိမ်း သိုလှောင်ပြီး ချိန်မှစ၍ တစ်နွေလုံး နားခဲ့သမျှ ကျေးလက်ဒေသ တောင်သူများ မိုးသံကြား လာရသောကြောင့် တောင်ယာ လုပ်ငန်းခွင် ဝင်ရန် ပြင်ဆင်ကြ ရတော့မည်။ တစ်မိုး၊ တစ်ဆောင်း နားချိန်မရှိ ပင်ပန်းကြ ရတော့မည်။ သို့သော် မိသားစု ဝမ်းရေးအတွက် လုပ်ကိုင် ကြရန် ပင်ပန်းသည် ဟူ၍မရှိ။ ကျေးလက် တောင်သူများ အတွက် ပုံမှန် လည်ပတ်ရသည့် လုပ်ငန်း ဖြစ်သည်။

သို့ဖြစ်ရာ မိုးဦး ကာလသည် မိုးသက် လေပြင်းများ တိုက်ခတ်ခြင်းသည် အကောင်းဘက်က ကြည့်မည် ဆိုလျှင် တစ်နွေလုံး ပူပြင်းခဲ့သော အပူဒဏ်ကို သက်သာစေပြီး ကျေးလက် တောင်သူ များ လုပ်ငန်းခွင် ဝင်ရ သောကြောင့် ဖြစ်သည်။ အဆိုးဘက်က ကြည့်မည် ဆိုပါကလည်း မိုးနှင့် အတူ လေပြင်း တိုက်ခတ်မှုကြောင့် လူနေ အဆောက်အအုံနှင့် ဘုရားစေတီ ပုထိုးများ ပျက်စီးမှု တို့ကို ဖြစ်ပေါ် စေသောကြောင့် အထူး သတိပြုကြ ရမည် ဖြစ်ပါကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger