www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 7, 2014

အဆွဲခံလိုက်ရသော လက်များ


အဆွဲခံလိုက်ရသော လက်များ

မဒါလေး

စနေနေ့ ဆိုတော့ ပေါ့ပေါ့ပါးပါး အလုပ် နားရက်မှာ လိုအပ်တာတွေ ဝယ်ဖို့ နာမည်ကြီး အလှကုန်ဆိုင် တစ်ဆိုင်ကို ရောက်ခဲ့တယ်။ ဆိုင်ရှေ့ ရောက်တယ် ဆိုရင်ပဲ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ ရှိတဲ့အတွက် သီချင်းသံ တွေနဲ့အတူ လူစည်ကား နေတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လူအများ အနားယူ ဈေးဝယ်ထွက် တဲ့ရက်မှာ အရောင်း မြှင့်တင်ပွဲတွေ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲတွေ လုပ်တဲ့ အိုင်ဒီယာ ကိုတော့ ချီးကျူး မိတယ်။ မဟုတ်ရင် ကျွန်မတို့လို စနေနဲ့ တနင်္ဂနွေသာ နားရသူတွေ အတွက် ဒီလို အခွင့်အရေး တွေ့ဆုံရဖို့ မလွယ်ပါ။ အလုပ်နားရက် ဆိုတော့ အလုပ်ခွင် ငါးရက်မှာ ကြုံတွေ့ဖြေရှင်းရသမျှ စိတ်ပင်ပန်းမှု တွေကို မေ့ထားပြီး စိတ်ပေါ့ပါး ကြည်လင်စွာ နဲ့ ဈေးဝယ် ထွက်ရတာ အပန်းဖြေမှု တစ်မျိုး ပါပဲ။ ဒီလို အပန်းဖြေ ဈေးဝယ်ရင်း ပစ္စည်း ကုမ္ပဏီတွေက အရောင်း ဝန်ထမ်းတွေရဲ့ ပစ္စည်းနဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြားမှု တွေကို နားထောင်ရ တာကိုက တစ်မျိုး စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မိမိတို့ ပစ္စည်းကို ဝယ်ယူချင် စိတ်ဖြစ်အောင် ရှင်းလင်း နိုင်ကြသော ထိုသူတို့၏ စွမ်းရည်ကို မချီးကျူးဘဲ မနေနိုင်။ တစ်ခါတလေ မမောနိုင် မပမ်းနိုင် ဝယ်သူ စိတ်ဝင် စားအောင် ဝယ်ချင် လာအောင် ပြောပြ စမ်းသပ် ပေးသော သူတို့၏ဇွဲ က အာဂ ပါလားဟုပင် ချီးကျူးမိသည်။ ယဉ်ကျေး ပျူငှာမှု၊ ဖော်ရွှေမှု၊ တစ်ဖက် လူအပေါ် အရေးထား လေးစားမှု၊ စေတနာ တို့နှင့် ထပ်ဆင့် ထားသော အဝတ်အစား နှင့် အပြုံးတို့မှာ မြင်ရသူအဖို့ အားနာ ပြီး ဝယ်ချင်စရာပင် ကောင်းလှသည်။

မျှော်လင့်သော စိတ်တို့ဖြင့် လျှောက်လှမ်း လာသော ခြေလှမ်း တို့သည် ဆိုင်ဝ အရောက်တွင်ပင် ယိုင်နဲ့ သွားခဲ့ရသည်။ ဝင်ဝင် လာချင်းပင် လက်ကမ်း စာစောင် တစ်ခု လက်ထဲကို ထည့်ပေးသည်။ '' အစ်မ ပစ္စည်းအသစ် မိတ်ဆက် တာပါ။ ဈေးလဲ သက်သာတယ်။ တစ်ဆက်လုံးမှ နှစ်သောင်းကျော် ပဲ ရှိတယ်။ ပစ္စည်းလဲ ကောင်းတယ်။ ကိုရီးယားထုတ်။ အစ်မတို့ သုံးနေကျ မိတ်ကပ်တွေနဲ့ ယှဉ်သုံး ကြည့်ပါ .. .. ''။ ဒီအထိ ကတော့ ဘာမှ မဖြစ်သေးပါ။ ထုံးစံအတိုင်း ပစ္စည်းလေးတွေ သိချင်တာတွေ မေးကြည့် မိသည်။ ပစ္စည်းတစ်ခု မေးလိုက်တိုင်း လက်ကို ဆွဲပြီး စမ်းတော့သည်။ အနံ့၊ အရောင် စသည်ဖြင့် သိချင်တာကို မေးခွင့်မရ။ '' Toner ရှိလားညီမ'' မေးခွန်း မဆုံးသေးပါ။ လက်ကို ဆွဲကာ Toner ပုလင်းယူပြီး စမ်းတော့သည်။ ပါးစပ်ကလည်း ထိုပစ္စည်း ကောင်းကြောင်း တွေပြော နေရင်း ထိုအရည်များ လက်ပေါ်မှ တစ်ဆင့် စီးကျပြီး အဝတ်အစားများ ပေါ်ပါကျ ကုန်သည်။ 

''များသွားတယ်။ အမွေးရည် တွေပဲ ခဏနေ ခြောက်ပါတယ်။ ဘာမှ မဖြစ်ပါဘူး'' သူ့ကိုယ်သူ ပြန်ပြောတာလား တစ်ဖက်ကို တောင်းပန် တာလားမသိ တော့ပါ။ နောက်ပစ္စည်း တစ်ခု ထပ်မေးရမှာ ကြောက်မိသည်။ ''အစ်မမျက်နှာက အဆီပြန်တယ် ဒီပစ္စည်း သုံးရင်ရ တယ်။ ဒါ အစ်မတို့လို့ လူတွေအတွက်'' အော် ခက်ပါတယ်။ အစောက လွန်သွားတဲ့ မိတ်ကပ်ရည် တွေကြောင့် ချွဲကျိကျိ နှင့် စိတ်မကြည်ရတဲ့ အထဲ။ ''အစ်မက ဘာရှာတာလဲ ပစ္စည်းက အသစ်မို့လို့ ဒီဈေးနဲ့ရတာ ဒီလောက် ပိုက်ဆံနဲ့ ဘယ်ပစ္စည်းမှ မရဘူး ဈေးသက်သာ တယ်'' ဒီစကား ကြားရတော့ ဟိုးအရင့်အရင် ကတော့ ဟုတ်ပါသည်။ နာမည်ကြီး တံဆိပ် များကို ဈေးကြီးကြီး ပေးမှ ကျွန်မတို့ သုံးခဲ့ကြ ရသည်။ နိုင်ငံခြားမှ လာသော မိတ်ကပ်ဟု ဆိုလျှင် စမ်းသုံးကြည့်ဖို့ အခွင့်အရေး များလည်း မရှိခဲ့။ မိမိနှင့် လိုက်သည် အဆင်ပြေ သည်ဟု ရွေးပေးလိုက်သော ပစ္စည်းကို ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ တန်ကြေးနှင့် ညီအောင် ကုန်သည် အထိ သည်းခံ သုံးကြရသည်။ ယခုတော့ မိမိနှင့် အဆင်ပြေ မပြေ စမ်းသပ် နိုင်သည်။ အစမ်းသုံးကြည့် လို့ရအောင် နမူနာလေး များပေးသည်။ ထို နမူနာပစ္စည်း သုံးရက်လောက် သုံးကြည့်ပြီး ကြိုက်နှစ်သက် သည်၊ အဆင်ပြေသည် ဆိုလျှင် ဝယ်သုံး နိုင်သည်။ မှားစရာ အကြောင်း မရှိတော့။ ယနေ့ ဒီလိုအချိန်မှာ ပစ္စည်းထက် ပစ္စည်း တန်ဖိုးမှာ ပြောသလောက် အရေးပါမှု မရှိတော့ပါ။ မိမိနှင့် အဆင်ပြေသော ပစ္စည်းကို အမှားအယွင်း မရှိ စိတ်တိုင်းကျ ဝယ်ယူနိုင်သည့် အတွက် ဈေးများလျှင်ပင် စိတ်တိုင်းကျမှု ရှိသည်။ ရေရှည် သုံးရမည့် မရှိမဖြစ်ပစ္စည်းအတွက် နေ့စဉ် သောကမှ ကင်းဝေးခြင်းက ပင်လျှင် တန်ရာတန်ကြေး ဟု ပြောလို့ရသည်။ ဈေး သက်သာသည် နှင့်အမျှ ပစ္စည်း အရည်အသွေး နိမ့်ကျသည် များလည်း ကြုံဖူးသည်။ အသားအရေပေါ် တင်မည့် ပစ္စည်းသည် ကောင်းမွန်သော အရာတစ်ခုသာ ဖြစ်သင့်သည်။ ဒီလိုနှင့် နောက်ထပ် နေရာ တစ်ခုရောက် တော့လည်း အရောင်း ဝန်ထမ်း မိန်းကလေးက လက်ကို အတင်းဆွဲကာ ပစ္စည်းကို စမ်းပေးသည်။ တစ်ဖက်က စမ်းပြီးသား ဆိုတော့ နောက် တစ်ဖက်ကို စမ်းသည်။ သုံးနေကျ ပစ္စည်းလေးတွေ ဒီ အမျိုးအစားမှာ ဘယ်လိုရှိမလဲ မေးကြည့် မိသည်။ ''နမူနာထုပ် တွေရော ထုတ်လား ညီမ'' ''ထုတ်တယ် အစ်မ အစ်မကို လက်ဆောင် ပေးလိုက်ပါ့မယ်။ အစ်မမျက်နှာ အသားအရေ နဲ့က ဒီပစ္စည်းနဲ့ အဆင်ပြေမှာပါ စကားပြောရင်း ကျွန်မ လက်ထဲကို အထုပ်တစ်ထုပ် ထည့်ပေးပါတယ်။ ''လေးသောင်း ကျပါတယ် အစ်မ'' ကျွန်မ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဘာတွေက ဒီလောက်ကျ တာလဲ။ ''ညီမနမူနာ ပေးမှာဆို၊ မရောင်းဘူးဆို'' ထိုမိန်းကလေး မျက်နှာ ချက်ချင်း ပျက်သွားသည်။ အစောက မြင်ရသော အပြုံးတို့မှာ ပျောက်လုနီးနီး ဖြစ်သွားသည်။ လေသံကအစ နည်းနည်း ပြောင်းသွားသည် ''အစ်မယူမှာ မဟုတ်ဘူးလား'' ''အစ်မက မေးကြည့်တာ ပါ အဆင်ပြေရင် နောက်သုံး ရအောင် နမူနာ ရှိလား မေးတာ'' ကျွန်မ စကားအပြီး မှာတော့ ''ကျွန်မတို့က ဒီနမူနာ အထုပ်တွေကို ရောင်းတာ အစ်မ'' အစောက လက်ဆောင် ပေးသည် ဆိုသည့် လေသံနှင့် မျက်နှာ မဟုတ်တော့။ ဒါဆိုလည်း ဒါကိုပဲ ကျသလောက်ယူ လိုက်ပါ ဆိုတော့လဲ မကြည်မသာဖြင့် ပေးလိုက် ပါ့မယ်တဲ့။

ဈေးကွက် စီးပွားရေး စနစ် တိုးတက် လာသည်နှင့် အညီ အပြိုင်အဆိုင် တွေကြားမှာ ဝန်ထမ်းများ ကိုလည်း သူ့ထက်ငါ အပြိုင်အဆိုင် ခန့်ထား ကြသည်။ ဝတ်စုံ ဒီဇိုင်းကအစ အလှအပတွေ အပြိုင်အဆိုင် ဆင်ကြသည်။ ဒါပေမဲ့ တတ်နိုင် လျှင်တော့ သူတို့တွေရဲ့ စိတ်ထဲကို တာဝန် ဆိုသည့် အရာ မဟုတ်ဘဲ၊ ရောင်းအား ကောင်းရေး ဆိုသည့် အရာ မဟုတ်ဘဲ စေတနာ နှင့် စိတ်ရှည် သည်းခံမှုကို ထည့်ပေး စေချင်သည်။ မိမိပစ္စည်း ရောင်းရရေး ထက် ဒီပစ္စည်း သုံးတဲ့သူ အဆင်ပြေ ပါစေ ဆိုသည့် စေတနာ မျိုးနှင့်တော့ အနည်းဆုံး စိတ်ရှည် သည်းခံရန် လိုအပ်သည်။

လှည့်ထွက် လိုက်သော ခြေလှမ်း၏ နောက်တွင် ကျွန်မ၏ အဆွဲခံရသော လက်အတွက်၊ ထိုလက်တွင် စမ်းသပ် လိုက်သည့် မိတ်ကပ်များ အတွက် မည်သူက တာဝန်ယူ ပေးမလဲဟု တွေးရင်း ဧည့်သည်ကို လှည့်မကြည့် နိုင်တော့ဘဲ ပစ္စည်း သိမ်းနေသူများ၊ ဧည့်သည် မပြန်ခင် ရောင်းရငွေ များကို ရေတွက်ရင်း ကျောခိုင်း ထားသူများ၊ ထိုသူများကို ဖြတ်ကျော်ရင်း မိမိလက်မှာ ပေကျံ နေသော အရောင်သွေး စုံသည့် မိတ်ကပ် များကို ကြည့်ရင်း ဖြင့်သာ . . . ။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger