www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 7, 2014

နိုင်ငံကြီးသားပီသရေး ကောင်းသော ကုန်သွယ်မှုဖြင့် အသက်မွေး


နိုင်ငံကြီးသားပီသရေး ကောင်းသော ကုန်သွယ်မှုဖြင့် အသက်မွေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌ ဈေးကွက် စီးပွားရေး စနစ်ပီပြင်စွာ ဖြစ်ပေါ် လာရေးအတွက် ဖြေလျှော့မှုများ ပြုလုပ်ပေး ခဲ့ပြီး လူတိုင်း အလုပ်လုပ် နိုင်အောင် ဖန်တီးပေး ထားသည်။ ကုန်စည် စီးဆင်းမှု သွက်လက် မြန်ဆန်ရေး အတွက် ဥပဒေနှင့် အညီ လွတ်လပ်စွာ သယ်ယူ ရောင်းချခွင့်ပြု ပေးထားသည့် အပြင် အပိတ်အဆို့ အဟန့်အတား များကိုလည်း ဖယ်ရှား ပေးခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများအား နေပြည်တော် ရှိ နိုင်ငံတော် သမ္မတရုံး ခန်းမဆောင်၌ ၂ဝ၁၁ ခုနှစ် ဧပြီ ၆ ရက်က အမှာစကား ပြောကြားရာ၌ ''ပြည်သူများ ကိုလည်း မိမိတို့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရကိုချည်း အားကိုး မနေဘဲ ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အား ကိုယ်ကိုး လုပ်ကိုင်ကြရေး တိုက်တွန်း ကြရန် လိုပါကြောင်း၊ အလုပ်လုပ် ကြရမှာက ပြည်သူများသာ ဖြစ်ပြီး အလုပ်လုပ် နိုင်အောင် ဖန်တီး ပေးရန်နှင့် အခွန်အတုတ် ရအောင် ကောက်ခံရန်မှာ အစိုးရ၏ အလုပ် ဖြစ်ပါကြောင်း ... '' ဖြင့် ထည့်သွင်း ပြောကြား ခဲ့သည်။

ဈေးကွက် စီးပွားရေး စနစ်ဖော်ဆောင်ရေး တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန မှ အကောက်ခွန် ဦးစီးဌာန သည် အဓိက တာဝန်ဖြစ်သော သွင်းကုန် နှင့် ပို့ကုန်များ အပေါ် တည်ဆဲ ဥပဒေများ နှင့်အညီ အခွန်အကောက် များ စည်းကြပ် ကောက်ခံခြင်း၊ သွင်းကုန် နှင့် ပို့ကုန်များကို ဥပဒေ၊ စည်းမျဉ်း၊ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုရှိ၊ မရှိ စိစစ် ကြီးကြပ်ခြင်း၊ တရားမဝင် တင်သွင်း၊ တင်ပို့မှု များကို ကာကွယ် တားဆီး စုံစမ်း ဖော်ထုတ် အရေးယူခြင်း၊ ပြည်ပ ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက် အကူပြုခြင်း တို့ကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် ကုန်သွယ်မှု လုပ်ငန်းများ မြန်ဆန် မှန်ကန်ရေး အတွက် တစ်နေရာ တည်း၌ တစ်ချိန်တည်း လိုအပ်သော ကိစ္စများ ဆောင်ရွက် နိုင်ရန် One Stop Service ဆောင်ရွက်ပေး နေသကဲ့သို့ မှန်ကန်ရေး အတွက် အကောက်ခွန် ဦးစီးဌာန နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော လှုပ်ရှား စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ သို့သော် ဝိသမ စီးပွားရေး သမားများက အတားအဆီးများ ဖယ်ရှား ပေးထားခြင်း နှင့် တစ်နေရာ တည်း၌ တစ်ချိန်တည်း ပြီးပြတ်အောင် ဆောင်ရွက် ပေးသည်တို့ကို အခွင့်ကောင်း ယူကာ မမှန်မကန် ပြုလုပ်မှုများ တွေ့နေ ရသည်။

တရားမဝင် တင်သွင်း လာသော မော်တော်ယာဉ်များ ဖမ်းဆီးရမိခြင်း၊ ခွင့်ပြုထားသော သွင်းကုန်/ ပို့ကုန် များနှင့် ခွင့်ပြုချက်တွင် မပါဝင်သော ကုန်ပစ္စည်းများ ရောနှော ပါဝင်လာခြင်း၊ ခွင့်ပြုထားသော သွင်းကုန်/ ပို့ကုန် များနှင့် အမျိုးအစား ကွဲပြား ခြားနားနေခြင်း စသည်တို့ကို စစ်ဆေး တွေ့ရှိရခြင်း စသည့် မသမာသော နည်းဖြင့် ကုန်သွယ်မှု သတင်းများ တွေ့နေရသည်။

နိုင်ငံကြီးသား ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ တည်နေရာ နှင့် အကျယ်အဝန်း၊ ဓနဥစ္စာ ပိုင်ဆိုင်မှု၊ နေထိုင်သည့် လူဦးရေ စသည်တို့ကို စံထား သတ်မှတ်ခြင်း မဟုတ်ဘဲ ထို နိုင်ငံသူ၊ နိုင်ငံသား တို့၏ စည်းကမ်း လိုက်နာမှုနှင့် ကိုယ်ကျင့် သိက္ခာ စောင့်ထိန်း လိုက်နာမှု တို့ကို စံထား သတ်မှတ်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ မြန်မာပြည်သူ အပေါင်းတို့သည် နိုင်ငံကြီးသား ပီသရေး အတွက် ကောင်းသော ကုန်သွယ်မှုဖြင့် အသက်မွေး သူများ ဖြစ်ကြစေရန် ဥပဒေ၊ စည်းမျဉ်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger