www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

ပျဉ်းမနားမြို့နှင့် တပ်ကုန်းမြို့တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ပျဉ်းမနားမြို့နှင့် တပ်ကုန်းမြို့တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင်    နေပြည်တော် ကောင်စီနယ်မြေ စစ်မှုထမ်းဟောင်းအဖွဲ့ တိုင်းကြီးကြပ် ဒုတိယဗိုလ်မှူးကြီးအေးမင်း (ငြိမ်း) ဦးစီး၍ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် ၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အင်အား ၄ဝဝ ဦးနှင့် တပ်မတော်ကို ချစ်မြတ်နိုးသူ  ဒေသခံပြည်သူ ၁ဝဝ ဦး စုစုပေါင်းအင်အား ၅ဝဝ ဦးတို့က နိုင်ငံတော်အလံများ၊  စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ ''မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏  မမျှမတတစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ''ဟူသော  ဆိုင်းဘုတ်များ ကိုင်ဆောင်၍    ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။ 
-
အလားတူ ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိခရိုင် နေပြည်တော် တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ကြီးမှူး၍ အဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင် ဇနီး၊ သား၊ သမီးများ၊ပြည်သူများ ပါဝင်သည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့မြို့နယ် အားကစားကွင်းပြင်၌ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင် နေပြည်တော် တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးသိန်းမြင့်(ငြိမ်း)နှင့် အမှုဆောင်များ ဦးဆောင်၍ အင်အား ၄၁၂ ဦးပါဝင် ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၅၄ ကြိမ် စုစုပေါင်း အင်အား ၇ဝ၉၇၆၇ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း  တပ်မတော် ထောက်ခံပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger