www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌ ခြင်္သေ့နှစ်ကောင်မုခ်ဝမှ ရွှေနန်းကျင် ဓမ္မာရုံအထိ လူသွားလမ်း တိုးချဲ့နေ

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌ ခြင်္သေ့နှစ်ကောင်မုခ်ဝမှ ရွှေနန်းကျင် ဓမ္မာရုံအထိ လူသွားလမ်း တိုးချဲ့နေ
-
ကျိုက်ထို   ဒီဇင်ဘာ   ၃ 
-
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် ဘုရားဖူးလာ ပြည်သူများ  အဆင်ပြေစွာ သွားလာနိုင်စေရေးအတွက်  ခြင်္သေ့နှစ်ကောင် မုခ်ဝအနီးမှ ရွှေနန်းကျင်ဓမ္မာရုံအထိ လူသွားလမ်းတိုးချဲ့လျက် ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးမြင့်သိန်း ထံမှ သိရသည်။
-
အဆိုပါလူသွားလမ်းကို အကျယ် ပေ ၂ဝ၊ အရှည် ၁၇၅ ပေ တိုးချဲ့လုပ်ကိုင်နေခြင်း ဖြစ်သည်။''အဲဒီနေရာကအတက်မှာ တော်တော်လေး ကျဉ်းပါတယ်။ အရင်က ၁၅ ပေလောက်ပဲ ရှိတယ်။ နောက်ပြီး ဈေးထိုင်ရောင်းတဲ့သူတွေနဲ့ ဟိုတယ်တွေက ထိုင်ခုံတွေကို ထုတ်ထားတာတွေကြောင့် ဘုရားဖူးတွေများတဲ့ အချိန်ဆိုရင် မနည်းတိုးပြီး ကျပ်ကျပ်တည်းတည်း သွားရတော့ ခါးပိုက်နှိုက် အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် လမ်းချဲ့တာကို အလျင်အမြန်လုပ် ဆောင်နေတာပါ'' ဟု ဦးအေးမြင့်သိန်းက ပြောသည်။ 
-
ဘုရားဖူးများပြားသည့် အချိန်တွင် တာဝန်ရှိသူများက လုံခြုံရေး ကင်မရာမှ စောင့်ကြပ် ကြည့်ရှုနေသော်လည်း ယင်းနေရာ၌ မြင်ရသည့်မြင်ကွင်းမှာ ရှင်းလင်းမှု မရှိသဖြင့် မလိုလားအပ်သော အခြေအနေများ မဖြစ်စေရန် ကြိုတင် စီစဉ်သည့် အနေဖြင့် လူသွားလမ်း တိုးချဲ့နေခြင်းဖြစ်သည်။ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သော ဘုရားဖူးများသည် ဒီဇင်ဘာ ၁ဝ ရက်နောက်ပိုင်းတွင်  ပိုမိုများပြားလေ့ရှိပြီး အခါကြီးရက်ကြီးများနှင့် ပွဲတော်ရက်များတွင်  တစ်ရက်လျှင်ဘုရားဖူးဦးရေ ပျမ်းမျှနှစ်သိန်းကျော်ခန့် ရှိကြောင်း၊ ဘုရားဖူးများ  စိတ်ချမ်းမြေ့စွာ  ဖူးမြော်သွားလာနိုင်ရေး အတွက် ဂေါပကအဖွဲ့မှ လုံခြုံရေး ဝန်ထမ်းများအပြင်နယ်မြေခံ လုံခြုံရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ကလည်း  ၂၄  နာရီ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger