www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 21, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားများအား ဂုဏ်ပြု

(၁၉)ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့်  နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားများအား ဂုဏ်ပြု
-
နေပြည်တော် ဒီဇင်ဘာ ၂ဝ 
-
(၁၉)ကြိမ်မြောက်    အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား များ အား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  အဖွင့်အမှာစကား ပြောကြားရာတွင် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရယူဆွတ်ခူး နိုင်ခြင်းသည်    မိမိနိုင်ငံ မိမိလူမျိုးအတွက်   ဂုဏ်သိက္ခာ အဆင့်အတန်းကို မြှင့်တင်ပေးခြင်း ဖြစ်သလို  နိုင်ငံတော်၏ အားကစားအဆင့် အတန်း တိုးတက်မြင့်မားခြင်း ဂုဏ်ကို ဖော်ဆောင် ခြင်းလည်း ဖြစ်ကြောင်း။ 
-
အားကစားသမားများသည် အားကစားနည်း ၁၇ နည်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခု၊  ကြေး တံဆိပ်  ၂၉ ခု စုစုပေါင်းဆုတံဆိပ် ၇၉ ခုရရှိခဲ့ကြောင်း၊ ယခုအခါ အဆင့်(၄)တွင် ရပ်တည်နိုင်သည်အထိ အောင်မြင်မှု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အားကစား မောင်မယ်များအနေဖြင့်  အားကစားစည်းမျဉ်း စည်းကမ်း ဥပဒေဘောင် အတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့်  တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး  နိုင်ငံတော် အတွက်  ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် များဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက်   ချီးကျူး ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်မှုအနေဖြင့် B.Sc(Sport) ကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ် တို့တွင် သင်ကြား ပေးနေသည့်အတွက်   အားကစားဆိုင်ရာ ထူးချွန်လူငယ်များ ပေါ်ထွက်လာရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲအတွေ့ အကြုံများကိုအခြေခံ၍   နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်အားကစားသမားမောင်မယ်များ အနေဖြင့် ယခုထက် ပိုမိုအောင်မြင်ရေး အတွက် ဆက်လက်ကြိုးစား နေကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ  ဒေါက်တာ ဝင်းသိန်းတို့က (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် အားကစား သမားများနှင့်   အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုဆုကြေးငွေနှင့်  ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။
-
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းမော်ထွန်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်တို့က ဆုတံဆိပ်များရရှိအောင်    ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည့် အားကစား အဖွဲ့ချုပ် များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေး အပ်သည်။ ဆက်လက်၍ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် များရရှိခဲ့သည့်   အားကစားအဖွဲ့များအား  ဂုဏ်ပြုဆုကြေးငွေများ ပေးအပ် ရာတွင် ပညာရေး ဝန်ကြီးဌာနနှင့် အလှူရှင်များက ရွှေတံဆိပ် ဆုရှင်များအား ငွေကျပ်သိန်း ၅ဝ၊ ငွေတံဆိပ် ဆုရှင် များအား ငွေကျပ်သိန်း ၃ဝ၊ ကြေးတံဆိပ် ဆုရှင်များအား ငွေကျပ်သိန်း ၂ဝအားလည်းကောင်း၊ အားကစား အဖွဲ့ချုပ် များက ရွှေတံဆိပ် ဆုရှင်များအား ငွေကျပ်သိန်း ၃ဝ၊ ငွေတံဆိပ်ဆုရှင်များအား ငွေကျပ်သိန်း ၂ဝ၊ ကြေးတံဆိပ်ဆုရှင် များအား ငွေကျပ် ၁ဝ သိန်းအားလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။ 
-
ယင်းနောက်    နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းက တက္ကသိုလ်များမှ စေတနာ့ ဝန်ထမ်း လုပ်အားပေး (Liaison Officer) များ၊ အခမ်းအနားမှူးများနှင့် ဆုဗန်းကိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်သည်။ ထို့နောက် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက  နိုင်ငံတကာ အားကစားသမားများ သွားလာ နေထိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးကြသော ဟိုတယ် လုပ်ငန်းရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ရာ ကိုယ်စားလှယ် တစ်ဦးက လက်ခံရယူသည်။ အခမ်းအနား အပြီးတွင်  ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့် ခံ ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger