www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 19, 2018

ပြင်ဦးလွင်မြို့နယ်အတွင်းမှ အပန်းဖြေစရာ သုံးထပ်ရေတံခွန်သစ် တွေ့ရှိ



ပြင်ဦးလွင် ၁၉-၉-၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာ၏ အရှေ့ဘက်တစ် မိုင်ခန့်အကွာ ပွဲကောက်ရေတံခွန်၏ အောက်ဘက်တွင် အပန်းဖြေနားနေစရာ သုံးထပ် ရေတံခွန်သစ် တစ်ခုတွေ့ရှိကြောင်း ဒေသခံများထံမှ သိရ သည်။ 

အဆိုပါ သုံးထပ်ရေတံခွန်သစ်သည် ပြင်ဦးလွင်မြို့အနီး ပွဲကောက်ရေတံခွန် အောက် ပွဲကောက်ရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်သာ ကွာဝေးသော်လည်းပွဲကောက်ရွာမှ ရေတံခွန်သို့ တောလမ်း(မြေသားလမ်း)အတိုင်း တောအုပ်များကို ဖြတ်သန်းသွားရသဖြင့် အလည်အပတ် လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။

အဆိုပါ ရေတံခွန်၏ဘေးတွင် မင်္ဂလာသုခ တောရကျောင်းတိုက် တည်ရှိပြီးအဆိုပါ ကျောင်းဘေးတွင် ဆရာတော်များ တရားထိုင်သည့် ဂူပေါက်ကြီးများလည်း ရှိကြောင်း၊ ရေတံခွန်၏ဘေးတွင် တောင်များကာရံနေပြီး သဘာဝအတိုင်း စိမ်းလန်းလှပကြောင်း သိရ သည်။ မင်္ဂလာသုခတောရ ကျောင်းတိုက်ဝင်းထဲတွင် ရပ်တော်မူ၊ လျောင်းတော်မူ ဘုရားများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ကျောင်းဇရပ်များဖြင့် ကြည်ညိုဖွယ်ကောင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။

''ရေတံခွန်သို့သွားရင်း အပြန်မှာ မင်္ဂလာသုခတောရ ကျောင်းအတွင်း ဘုရားဝင်ဖူးနိုင်ပါတယ်။ ဒါ့ပြင် ခရီးသွားများ ညအိပ်တည်းခိုဖို့ ကျောင်းဆောင်တွေလည်း ရှိပါတယ်။ တောထဲမှာဆိုပေမယ့် ရေမီးအပြည့်အစုံ ရှိပါတယ်။ အေးအေးဆေးဆေး နားနေနိုင်တဲ့အပြင် တိတ်ဆိတ်ပြီး အေးချမ်းသာယာတဲ့အတွက် တရားအားထုတ်လိုသူတွေအတွက် နေရာကောင်းလေး တစ်ခုဖြစ်ပြီး စိတ်နှလုံးချမ်းမြေ့စေနိုင်မှာပါ''ဟု မင်္ဂလာသုခတောရ ကျောင်းဆရာတော်က မိန့်ကြားတော်မူသည်။ 

သုံးထပ်ရေတံခွန်၏ ပထမအဆင့်မှာ ရေမနက်သည့်အတွက် မိသားစုလိုက် အပန်းဖြေ အနားယူခြင်း၊ ရေချိုးခြင်း၊ ကလေးငယ်များ ဆော့ကစားခြင်းများ ပြုလုပ်နိုင်သည်။ ရေတံခွန်ဒုတိယအဆင့်၌ လှပသော ရေတံခွန် အဆင့်ဆင့်လေးများနှင့် ကြည်လင်သည့် ရေ၊ အေးမြသည့် သစ်ရိပ်၊ ဝါးရိပ်တို့၏ အောက်တွင် အပန်းဖြေ အနားယူနိုင်သည်။ ရေတံခွန်၏ တတိယအဆင့်မှာမူ ရေစီးဆင်းသည့် ပမာဏများပြား၍ လာရောက် လည်ပတ်သူ ခရီးသွားများ သတိပြုသင့်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger