www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 1, 2018

လမ်းနယ်ကျူးကျော်ခြံခတ်သည်ဟုဆိုကာ တရားဆွဲဆိုခံထားရသူ တောင်သူသုံးဦး ပုသိမ်ကြီးမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံ အာမခံမရ



မန္တလေး ၁-၈-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် ဒဟေတ္တာကျေးရွာအုပ်စု အောင်သပြေကျေးရွာတွင် လမ်းနယ်ကျူးကျော် ခြံခတ်သည်ဟု ဆိုကာတရားစွဲဆို ခံထားရသော ဒေသခံဦးသိန်းပိုင်၊ ဒေါ်မြမြ၊ ဒေါ်အေးတို့ကို ဖမ်းဝရမ်းထုတ်မည်ဟု ပြောဆိုလာခြင်းကြောင့် ယနေ့နံနက် ၁ဝ နာရီမိနစ် ၃ဝ က ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ရာ အာမခံလျှောက်ထား ခဲ့သော်လည်း အာမခံမရကြောင်း သိရသည်။

"ခြံစည်းရိုးခတ်တာကလဲ အမေ့မြေပါ။ ဒါကို အမေ့ကိုအမှုဖွင့် ဖမ်းဆီးတာ စိတ်မကောင်းပါဘူး။ ခြိမ်းခြောက်ပြီး တရားစွဲ၊ ဖမ်းဆီးလိုက်တာနဲ့ ဒီကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး"ဟု အသက် ၇ဝကျော်ဒေါ်အေးက ပြောပြသည်။

မန္တလေးတိုင်းဒေသကြီး လမ်းများတံတားများ ဥပဒေပုဒ်မ ၂၂ ဖြင့် သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြ၊ အောင်သပြေကျေးရွာမှ ဦးသိန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြတို့ လေးဦးကို တရားစွဲခဲ့ရာ ဇူလိုင်၂၂ရက်က သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ကျန်ရှိနေသော ဒေသခံတောင်သူ သုံးဦးသည် ယနေ့တွင် သွားရောက်အဖမ်းခံခြင်း ဖြစ်သည်။

အဖမ်းခံခဲ့သော ဒေသခံတောင်သူ သုံးဦးကို ယနေ့ညနေပိုင်းက ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရုံးတင်ခဲ့ရာ အာမခံလျှောက်ထား ခဲ့သော်လည်း အာမခံမရသဖြင့် ဒေသခံတောင်သူများဘက်က မကျေနပ်သဖြင့် အခြေအနေ တင်းမာမှုများ ရှိခဲ့သည်။

လာရောက်အဖမ်းခံသူ သုံးဦးကို လုပ်ထုံးလုပ်နည်းအတိုင်း တရားရုံးတင်ခဲ့ကြောင်း၊ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

"နေမကောင်း ဖြစ်နေတဲ့အသက် ၇ဝ ကျော် အဘွားအိုကြီးကို မတရားဖမ်းကြ တော့မှာလား။ တရားမျှတမှုရှိရဲ့လား။ ဒါက ဥပဒေလား" ဟု အာမခံမရမှုအပေါ် အောင်သပြေ ဒေသခံတစ်ချို့က ဝေဖန်ပြောဆိုခဲ့ ကြသည်။

ပုသိမ်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် နေမကောင်းဖြစ်နေသော အသက် ၇ဝအရွယ် ဒေါ်အေး၏ အာမခံလျှောက်ထားမှု အတွက်ပုသိမ်ကြီးဆေးရုံသို့ သွားရောက်မှု များရှိခဲ့သော်လည်း ညနေပိုင်းထိ အာမခံမရရှိခဲ့ကြောင်း၊ ညပိုင်းတွင် သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြ၊ အောင်သပြေကျေးရွာမှ ဦးသိန်းပိုင်၊ ဒေါ်မြမြတို့ သုံးဦးကို ညနေပိုင်းတွင် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး အသက် ၇ဝအရွယ် ဒေါ်အေးအား ပုသိမ်ကြီးမြို့မ ရဲစခန်းအချုပ်တွင် ထားရှိကြောင်း တောင်သူအရေး လိုက်ပါဆောင်ရွက် နေသူများက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger