www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 1, 2018

ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် သဘာဝဘေးတို့ကြောင့် အခြေခံပညာစာသင်ကျောင်း ၉၀၀ ကျော် ပိတ်ထားရဆဲဖြစ်


တနင်္သာရီမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းရေနစ်မြုပ်နေမှုကို တွေ့ရစဉ်။

နေပြည်တော် ၁-၈-၂ဝ၁၈

ယခုဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုစသည့် သဘာဝဘေးတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝခုရှိ အခြေခံပညာကျောင်း ၁ဝဝဝကျော်ကို ယာယီပိတ်ထားခဲ့ရပြီး အချို့ကျောင်းများမှာ ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ကာ ယနေ့ထိ ကျောင်း ၉ဝဝကျော်ကို ပိတ်ထားရဆဲ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့သို့ သဘာဝဘေး ဖြစ်ပေါ်ခဲ့သည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ သွားလာရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများလည်း ရေဘေးဒုက္ခများဖြင့် ရင်ဆိုင်နေကြရသဖြင့်
အခြေခံပညာကျောင်း ၁၁၅၇ကျောင်းမှာ ယာယီပိတ်ထားခဲ့ရကာ လက်ရှိအချိန်ထိ ကျောင်း ၂၁၂ကျောင်းကို ပြန်လည် ဖွင့်လှစ်သင်ကြား နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုရှိ ပိတ်ထားရဆဲ အခြေခံ ပညာကျောင်းပေါင်း ၉၄၅ကျောင်းရှိနေ သေးကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

"ကျောင်းတွေကတော့ ပိတ်ထားရတဲ့အထဲက အခုဆိုပြန်ဖွင့်တဲ့ ကျောင်းတွေရှိသလို ဒီနေ့ဆို ပဲခူးတိုင်း ဒေသကြီး အရှေ့ဆိုရင် ၄၄ကျောင်း ထပ်ပိတ်လိုက်ပါတယ်။ ဒီနေ့ပြန်ဖွင့်တဲ့ ကျောင်းတွေရှိသလို ပိတ်ရတဲ့ ကျောင်းတွေလဲရှိ နေပါတယ်"ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြောပြသည်။

လက်ရှိအချိန်ထိ ပိတ်ထားရပြီး ပြန်ဖွင့်ရန် ကျန်ရှိသည့် အခြေခံပညာကျောင်း ၉၄၅ ကျောင်းမှာ ကရင်ပြည်နယ်မှ ၃၉၆ ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၈ ကျောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ၃၉၃ကျောင်း၊ မကွေးတိုင်းဒေသကြီးမှ ခြောက်ကျောင်း၊ မန္တလေးတိုင်းဒေသကြီးမှ နှစ်ကျောင်း၊ မွန်ပြည်နယ်မှ ၁၂၉ကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ကျောင်းတို့ ဖြစ်ပြီး အထက်တန်းအဆင့်ကျောင်းပေါင်း ၈၉ကျောင်း၊ အလယ်တန်းအဆင့် ကျောင်းပေါင်း ၁၉၁ကျောင်းနှင့် မူလတန်းအဆင့် ကျောင်းပေါင်း ၆၆၅ ကျောင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ရေကြီးနစ်မြုပ်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ အစရှိသည့် လိုအပ်သည့်ပစ္စည်းများနှင့် ထောက်ပံ့ကြေး များကို ကူညီပေးအပ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger