www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လီဆူခရစ်ယာန် အသင်းတော်ချုပ်က UNHCR, UNOCHA နှင့် ICRC တို့သို့ တင်ပြစာပေးပို့




နေပြည်တော် ၁၆-၅-၂ဝ၁၈

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က အများပြည်သူ အလုပ်လုပ်ရန် နေရာများတွင် မိုင်းထောင်ထားမှု များကြောင့် ဒေသခံလီဆူ တိုင်းရင်းသားများ မိုင်းထိဒဏ်ရာများရရှိပြီး အဓမ္မဖမ်းဆီး ခံရမှုများနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့၊ အလယ်ကုန်းရပ်ကွက်ရှိ အထက် မြန်မာပြည် လီဆူခရစ်ယာန်အသင်း တော်ချုပ်နာယက သိက္ခာတော်ရဆရာကြီး ဦးဒေးဗစ်ဖစ်ရှ်က ၂၀၁၈ ခုနှစ်၊ မေ ၉ ရက် ရက်စွဲဖြင့် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) များသို့ လိပ်မူ၍ တင်ပြစာပေးပို့ ထားကြောင်း သိရှိရသည်။

အဆိုပါ တင်ပြချက်တွင် အထက်မြန်မာပြည် လီဆူခရစ်ယာန် အသင်းတော်ချုပ် နာယကအနေဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် ကိစ္စရပ်များကို သက်ဆိုင်ရာရုံးများမှ တာဝန်ရှိသူ များသိရှိနိုင်ရန်နှင့် သမိုင်းမှတ်တမ်းများ ကျန်ရှိစေရန် လစဉ်ရေးသား ပေးပို့တင်ပြလျက်ရှိကြောင်း၊ မြေပြင်တွင်ဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ်များ အားသိရှိ ခံစားနားလည် ကြလိမ့်မည်ဟု ယူဆကြောင်း၊ တင်ပြခဲ့သည့်အကြောင်း အရာများနှင့် ပတ်သက်၍ သောင်းကျန်းသူ အဖွဲ့ထံသို့ အကြောင်းကြားခြင်း၊ နိုင်ငံတကာသို့ တင်ပြခြင်း ရှိ/မရှိ မသိရှိရဘဲ ဒေသခံတိုင်းရင်းသား များအနေဖြင့် ယနေ့အချိန်အထိ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်သည့် လုပ်ရပ်များကို ခံစားနေရဆဲဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖော်ပြရာတွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘော်ဒီးကျေးရွာနေ လီဆူလူမျိုး ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည့် ဦးယောဟနနှင့် သားဖြစ်သူ မောင်အားတာတို့ ၂ ဦးသည် တောအတွင်း၌ ဆေးမြစ်ရှာဖွေစဉ် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်း ၂ လုံးအား နင်းမိပေါက်ကွဲပြီး ဦးယောဟန်မှာ မိုင်းထိ ဒဏ်ရာကြောင့် နေရာ၌ပင်သေဆုံးခဲ့ကြောင်း၊ မေ ၂၉ ရက်တွင် မြစ်ကြီးနားမြို့၊ စီတာပူ၊ သီတာအေး ရပ်ကွက်နေ လီဆူလူမျိုး မောင်အလေးနှင့် မောင်ဒါဝိဒ် တို့ ၂ ဦးသည် ခရီးသွား လာစဉ် တယန်ဇွပ်အထက်၊ အူရှီဇွပ် စက်လှေဆိပ်အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြထားသည်။

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် တပ်မတော်မှ သွားလာနေသည့် နေရာများကို တားဆီးရန် မိုင်းထောင်သည်ဟု အကြောင်းပြချက်များပေးပြီး နေရာအနှံ့တွင် မိုင်းထောင်ထားမှုများ ကြောင့် ရိုးသားစွာလုပ်ကိုင် စားသောက်နေကြသည့် လီဆူတိုင်းရင်းသား ၁ ဦး မိုင်းထိသေဆုံး ခဲ့သည့်အတွက် သေဆုံးသွားသူ၏ မိသားစုများအား လူသားချင်းစာနာ ထောက်ထားမှုအရ ကူညီ ထောက်ပံ့ပေးရန်နှင့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ကအများ ပြည်သူလုပ်ကိုင်စား သောက်သော နေရာများတွင် မိုင်းထောင်နေမှုများနှင့် အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းများကို တားဆီးပေးရန် တင်ပြကြောင်း ၎င်းစာတွင် ဖော်ပြပါရှိသည်။

အဆိုပါတင်ပြစာ မိတ္တူများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြစ်ကြီးနား မြို့ရှိ UNHCR ရုံးနှင့် ICRC ရုံးများသို့လည်း မိတ္တူပေးပို့ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger