www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 9, 2014

ဒီမိုကရေစီ သင်္ကြန်


ဒီမိုကရေစီ သင်္ကြန်

ရှေးခေတ် သင်္ကြန် ရေပက် ကစားပုံမှာ ယဉ်ကျေး သိမ်မွေ့ လှသည်။ အကြမ်းပတမ်း စိုအောင် ရွှဲအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ကြသည် ဟူ၍မရှိ။ သပြေခက်၊ ပိတောက်ခက် တို့နှင့် ငွေဖလားနှင့် ရေကစား ခဲ့ကြသည်။ နောက်ပိုင်း အစဉ်အဆက် သင်္ကြန်ပွဲ များသည် မြန်မာ့ရိုးရာ မပျက် သင်္ကြန် သံချပ်များ၊ အကအလှ ယိမ်းအဖွဲ့များ၊ ယဉ်ကျေးပျူငှာ ရေပက် ကစားခြင်း များဖြင့် ဂုဏ်ယူဖွယ် ဖြစ်ခဲ့သည်။

လူကြီးသူမ များအား ကိုယ်လက် သန့်စင် ပေးခြင်းဖြင့် ဂါရဝတရား အလေးထား ခဲ့သည်။ တိရစ္ဆာန်များ ဘေးမဲ့ ပေးခြင်းဖြင့် ကုသိုလ် ယူကြသည်။ သင်္ကြန် အခါတော်သည် နှစ်သစ် ကူးပြောင်းခြင်း အမှတ် လက္ခဏာ ဖြစ်ပြီး မကောင်းမှု မှန်သမျှကို အတာရေဖြင့် ဆေးကြော သန့်စင် ကြသည်။ ကြည်လင် သန့်ရှင်း အေးမြခြင်း ဖြင့် နှစ်သစ်ကို ကြိုဆို ကြသည်။ နှစ်သစ်ကူး ပွဲကား လူကြီး၊ လူငယ် အရွယ်စုံ ပျော်ရွှင် မြူးတူးသည့် အခါသမယ ဖြစ်သည်။

မြန်မာ့သင်္ကြန် ၏ အမှတ်တရ သင်္ကေတ တစ်ခုမှာ သင်္ကြန် သံချပ်များ ဖြစ်သည်။ သံချပ်များသည် လူမှုဝန်းကျင် သဘာဝ စရိုက်များ၏ အလှအပကို ဖော်ကျူး၏။ ယခုအခါ သင်္ကြန်သံချပ် များကို နားဆင် ခံစားခွင့် ပြန်လည် ရကြပြီ ဖြစ်သည်။ သင်္ကြန်သံချပ် များသည် တိုင်းပြည် တည်ဆောက် ရေးတွင် အရေးပါသည်။ နှစ်တစ်နှစ် အတွင်း တွေ့ကြုံ ဖြစ်ပျက်ခဲ့သည့် အားနည်းချက်၊ အားသာချက် များ၊ ဝေဖန် အကြံပြုချက် များမှာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ များ ဖြစ်သောကြောင့် ဟု ဆိုရပါမည်။

ဒီမိုကရေစီ ခေတ်အတွင်း ကျင်းပသည့် မဟာသင်္ကြန် ပွဲများ ကျင်းပ လာခဲ့ရာတွင် လွတ်လပ် ပွင့်လင်းမှု များကို မြင်တွေ့ လာရပြီ ဖြစ်သည်။ ထိုနည်းတူ စည်းမဲ့၊ ကမ်းမဲ့၊ ယဉ်ကျေးမှု ဖျက်သည့် သရုပ်ပျက် ယဉ်ကျေးမှု များကိုလည်း မြို့ကြီးများ၏ မဟာသင်္ကြန် ပွဲတော်တွင် တွေ့မြင် လာရသည်။

သင်္ကြန်မဏ္ဍပ်ကြီး များပေါ်မှ ယဉ်ကျေးမှု ဖီလာ သရုပ်ဖော်ပုံများ၊ ဝတ်စား ဆင်ယင်မှုများ၊ နားကွဲလု မတတ် အသံချဲ့စက်၊ ဆောင်းဘောက် များဖြင့် အနောက်တိုင်း တေးဂီတ သီချင်းများ၊ မြန်မာ ပြည်တွင်းဖြစ် အနောက်တိုင်း သံစဉ်များ၊ ဝတ်စား ဆင်ယင်မှုများ၊ ဖျော်ဖြေ တင်ဆက်မှု များသည် ရိုးရာမဟာ သင်္ကြန်၏ ဂုဏ်ပုဒ်ကို ဖျက်လို ဖျက်ဆီး လုပ်လျက် ရှိနေသည်ကို တွေ့နေရသည်။

ရိုးရာမဟာ သင်္ကြန် မဏ္ဍပ်များ ပေါ်မှ အရုပ်ဆိုး အကျည်းတန် မြင်ကွင်းများ နှင့် လိုက်ဖက်စွာ နေပူရေရွှဲ အကဲပို နေသည့် စုံတွဲများ၊ ဘီယာ အရက်သောက်၊ ဆိုဂျူး သောက်သူ အမျိုးသား၊ အမျိုးသမီးများ တစ်နေကုန် မနားတမ်း အပျော်ကြူး ကြပုံများမှာ အင်တာနက်၊ ဖေ့စ်ဘုတ်မှ တစ်ဆင့် ကမ္ဘာကို ခရီးဆန့်နေပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန် ၏ သိက္ခာကို ကျဆင်း စေလျက် ရှိသည်။

ထို့ကြောင့် ယခုနှစ် သင်္ကြန်သည် အပျော်ကြူးသည့် သင်္ကြန်၊ အရူးအမူး ပေါသည့်သင်္ကြန်၊ ဝတ်စား ဆင်ယင်မှု အပျံအလန်များဖြင့် လွတ်ချင်တိုင်း လွတ်နေသည့် သင်္ကြန်၊ ရိုးရာပျက် နေသည့် သင်္ကြန်၊ ခေတ်လွန် သင်္ကြန်၊ ရေဖြုန်းတီးသည့် သင်္ကြန် စသည့် ပုံရိပ် မလှပသည့် သင်္ကြန် မဖြစ်ပေါ် စေရန် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်း သွားကြရမည် ဖြစ်သည်။

သို့မှသာ မြန်မာတို့၏ ကြည်နူး ဖွယ်ရာ၊ မြတ်နိုးဖွယ်ရာ၊ နှစ်လိုဖွယ်ရာ ချစ်စရာ အတာသင်္ကြန် သည် ယဉ်ကျေးမှုနှင့် အညီ ခေတ်မီသော သင်္ကြန်၊ ပြည်သူ့ဆန္ဒ များ ထင်ဟပ် နေသည့် စည်းကမ်းရှိသော ဒီမိုကရေစီ သင်္ကြန် ဖြစ်လာမည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger