www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 8, 2018

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦး ပြန်လည်လက်ခံ


ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကျောက်လုံးကြီး ပြန်လည်ကြိုဆို လက်ခံရေးစခန်း၌ တွေ့ရစဉ်။

မြ၀တီ ၈-၅-၂ဝ၁၈

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦးကို နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီးပြန်လည်ကြိုဆို လက်ခံရေးစခန်း၌ လက်ခံခဲ့သည်။

ယနေ့ ကရင်ပြည်နယ် မြဝတီမြို့ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆို လက်ခံရေးစခန်းသို့ မြန်မာနိုင်ငံအတွင်း ပြန်လည်ရောက်ရှိ လာသူများမှာ ကရင်ပြည်နယ်အတွင်း နေထိုင်သော အိမ်ထောင်စု ၁၅စု၊ အမျိုးသား ၂၄ဦး၊အမျိုးသမီး ၂၈ဦး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းနေထိုင်သော အိမ်ထောင်စု နှစ်စုစီမှ အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၆ဦးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သော အိမ်ထောင်စု တစ်စုမှ အမျိုးသား နှစ်ဦး၊အမျိုးသမီး သုံးဦးစုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၇၃ ဦးတို့ကိုလက်ခံကာ သက်ဆိုင်ရာ တာဝန်ရှိသူများက နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ထိုသို့ပြန်လည် ဝင်ရောက်ရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဦးနှင့် နေရပ်ပြန် မြန်မာမိသားစုများကို ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာဝန်ရှိသူများက မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားသို့ သွားရောက် ကြိုဆိုကြသည်။ ယင်းနောက် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်း၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံကြိုဆိုကာ အားပေးစကားပြောကြား ကြသည်။

ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က "တစ်ဖက်နိုင်ငံက ကျွန်မတို့နိုင်ငံ သားတွေကို ကူညီစောင့်ရှောက် ထားပေးတဲ့အတွက် အထူးပဲကျေးဇူး တင်ရှိပါတယ်။ ပြန်လာတဲ့ ကျွန်မတို့နိုင်ငံသားတွေကို တစ်ခုလောက် မေတ္တာရပ်ခံချင်တာက မသွားခင်က အခြေအနေနဲ့ ပြန်လာတဲ့အခြေအနေ ကွာနေပြီဆိုတာ သိပါလိမ့်မယ်။ နောက်ပိုင်းအခက်အခဲ တွေတွေ့တဲ့အခါ အေးအတူ၊ ပူအမျှ ရင်ဆိုင်ဖြေရှင်းရင်းနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒါတို့ပြည်၊ ဒါတို့မြေဆိုပြီး ခိုင်ခိုင်မာမာနဲ့ရပ်တည် သွားကြဖို့လိုပါတယ်။ အစိုးရအဖွဲ့အနေနဲ့လဲ တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှာပါ။ ကလေးတွေ ပညာရေး၊ ကျန်းမာရေးကအစ အခက်အခဲရှိရင် သက်ဆိုင်ရာကနေ အကြောင်းကြားပါ။ အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးပါမယ်။ အခုလို ပြန်တွေ့ရတာ ဝမ်းသာပါတယ်"ဟု အားပေးစကား ပြောကြားသည်။

ယနေ့ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် မိသားစုဝင်သုံးဦးနှင့်သုံးဦးထက်ပိုလျှင် ငွေကျပ် သုံးသိန်းစီနှင့် အသုံးအဆောင်ပစ္စည်း ၂၂မျိုးပါသော ဘူး တစ်ဘူး၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့ချုပ်က တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တစ်ဦးလျှင်ငွေကျပ် တစ်သောင်းခုနစ်ထောင်စီ အသီးသီးကူညီထောက်ပံ့ကာ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိရေး မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အိမ်ထောင်စု ကိုးစုမှ မိသားစုဝင် ၃၄ဦးသည်စခန်းမှ မိမိနေရပ်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦးကို ယနေ့ပြန်လည် လက်ခံခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သော၂ဝ၁၆ခုနှစ် အောက်တိုဘာ ၂၆ရက်က အိမ်ထောင်စု ၁၉စု မှ အမျိုးသားဦးရေ ၃ဝနှင့် အမျိုးသမီး ၃၅ဦးတို့ကို လက်ခံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger