ရန်ကုန် ၂၆-၂-၂ဝ၁၈
မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးဥပဒေ ရေးဆွဲနေပြီး ယခုနှစ်အတွင်း ထွက်ရှိလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။
''ဆန်စပါးနဲ့ ပတ်သက်လို့ လက်ရှိက တခြားဥပဒေနဲ့ သွားနေတာပါ။ ဒီအတွက် သီးခြားဆန်စပါး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဆန်စပါးလုပ်ငန်း ကဏ္ဍတွေ ပိုစနစ်ကျအောင် ဥပဒေနဲ့ အညီလုပ်နိုင်ဖို့ မြန်မာ့ဆန်စပါး ဥပဒေတစ်ရပ် ရေးဆွဲနေပါတယ်'' ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သည် ပညာရှင်များနှင့် ပူးပေါင်း၍ မြန်မာ့ဆန်စပါး ဥပဒေကို ပြီးခဲ့သည့်နှစ်မှ စတင်ရေးဆွဲခဲ့ပြီးယခု မူကြမ်းအဆင့်ထိ ပြီးစီးပြီးဖြစ်ကာ ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ပထမအဆင့် မူကြမ်း၊ ဒုတိယ အဆင့်မူကြမ်း၊ တတိယအဆင့် မူကြမ်းပြီးစီးပါက ပြည်သူသို့ ချပြပေးမည် ဖြစ်ကြောင်း သိရသည်။
''အခုလို ဥပဒေပြဋ္ဌာန်းနိုင်ဖို့က လွှတ်တော်ပိုင်းနဲ့ လည်းဆိုင်လို့ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နိုင်ငံတော်အစိုးရ နဲ့ပူးပေါင်းပြီး ပိုပြီးစနစ်ကျနိုင်အောင် ကြိုးစားနေပါတယ်။ အခုလိုတွေ ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မတ် ၆ ရက်မှာကျင်းပမယ့် မြန်မာ့ဆန်စပါး နှီးနှောဖလှယ်ပွဲမှာ ဒါတွေကိုချပြ ဆောင်ရွက်မှာပါ''ဟု ဦးရဲမင်းအောင်က ပြောသည်။
ထို့ပြင် ဆန်အရောင်းအဝယ် များလာသည်နှင့်အမျှ လူအများစု ပါဝင်ပတ်သက်လာပြီး ဆန်အရည်အသွေး လိမ်လည်ခြင်း၊ မမှန်မကန် စည်းကမ်း ဖောက်ဖျက်ခြင်းများ ရှိလာနိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေသည့် ကိစ္စရပ်များမှာ နှေးကွေးနိုင်သဖြင့် ဆန်စပါးနှင့် ပတ်သက်သော ဥပဒေတစ်ရပ်ကို ဆောင်ရွက်ရန် စီစဉ်ရေးဆွဲရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေတွင် သီးနှံအာမခံစနစ်၊ သိုလှောင်ရုံအာမခံစနစ်၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ်၊ တောင်သူလယ်သမား အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၊ စက်ပိုင်ကုန်သည်များ လိုအပ်မည့်ကိစ္စများ၊ စိုက်ပျိုးချိန်မှ တင်ပို့ရောင်းချ နိုင်သည်အထိ နောက်ဆုံး စားသုံးသူပြည်သူများ အထိပါ လက်လီလက်ကား ရောင်းချသည့် ပုံစံများကို ဥပဒေမှစ၍ စနစ်တကျ မှတ်ပုံတင်နိုင်စေရန် ပါရှိမည်ဖြစ်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment