Pages

Wednesday, February 28, 2018

လာမည့် ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် ငွေကျပ်သန်း ၇ဝဝဝ သုံးစွဲ၍ လမ်း၊ တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်



မန္တလေး ၂၈-၂-၂ဝ၁၈

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက လာမည့်ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတာတွင် ငွေကျပ်သန်း ၇ဝဝဝ သုံးစွဲ၍ မြို့တော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်သော လမ်း၊တံတားနှင့် ရေနုတ်မြောင်းများပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောပြ၍ သိရသည်။

အဆိုပါ သုံးစွဲမည့် ဘတ်ဂျက်ငွေများကို လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်၍ လာမည့်ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတာဧပြီလမှ စက်တင်ဘာလအတွင်း မြို့နယ် ခြောက်မြို့နယ်အလိုက်ခွဲဝေသုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မန္တလေးမြို့သူ၊ မြို့သားတွေဆီက ကောက်ခံရရှိတဲ့ အခွန်အခတွေကို အလေအလွင့် မရှိစေဘဲ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ စနစ်တကျသုံးစွဲပြီး ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးတော့လဲ ရရှိတဲ့အခွန်ငွေတွေအပေါ်မူတည်ပြီး မြို့တော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့အတူ လုပ်ဆောင် ပေးသွားမှာပါ"ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခုဘဏ္ဍာနှစ် ကြားကာလ ခြောက်လအပြင် လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း မြို့နယ်ခြောက်မြို့နယ်ရှိ လမ်း၊ တံတား၊ ရေမြောင်းပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အလိုက် သတ်မှတ်ရန်ပုံငွေများ ခွဲဝေချထားပြီးဖြစ်၍ လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူကာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မန္တလေး ဈေးချိုတော်ကြီး၌ ဥရောပနိုင်ငံထုတ် စက်လှေကား၊ ဓာတ်လှေကား အသစ်တပ်ဆင်၍ အဆင့်မြှင့်တင်ရန် လျာထား



မန္တလေး ၂၈-၂-၂ဝ၁၈

လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးဈေးချိုတော်၌ ဥရောပနိုင်ငံထုတ် စက်လှေကား ခြောက်စင်းနှင့် ဓာတ်လှေကားတစ် စင်းအသစ်တပ်ဆင်၍ အဆင့်မြှင့်တင်သွားရန် လျာထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ဈေးနှင့်သားသတ် ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် ထုတ်ကုန်၊ သွင်းကုန်များအပြင် ကုန်ကြမ်းနှင့်ကုန်ချော ပစ္စည်းများကိုပါ လက်လီ၊လက်ကား ရောင်းချနေသည့် ဈေးပေါင်းမြောက်မြားစွာ ရှိကြောင်း၊ ၎င်းဈေးကြီးများထဲတွင် ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်းများအပြင် ပြည်တွင်းမှ ကုန်ပစ္စည်းများကိုပါ ရောင်းချနေသည့် ဈေးချိုတော်မှာလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ဈေးချိုတော်ကြီးတွင် ယခုလက်ရှိ မြေညီထပ်အပါအဝင် အထပ်လေးထပ်ရှိရာ ၎င်းအထပ်များပေါ်သို့ အများပြည်သူ သွားလာအသုံးပြုနိုင်ရန် စက်လှေကားခြောက်စင်း တပ်ဆင်ပေးထား သော်လည်း အချိန်ကြာမြင့် လာသည့်အတွက် အချို့စက်လှေကားများမှာ ဟောင်းနွမ်းပျက်စီး မှုများရှိနေကြောင်း သိရသည်။

မန္တလေးမြို့ ဈေးချိုတော်ကြီးတွင် ဟောင်းနွမ်းနေသည့် စက်လှေကား ခြောက်စင်းကို လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ ပြင်သစ် စသည့်နိုင်ငံများထံမှ အရည်အသွေး မြင့်မားသည့် စက်လှေကားများကို ဝယ်ယူတပ်ဆင် သွားမည့်အပြင် ဓာတ်လှေကား တစ်စင်းကိုပါ အသစ်လဲလှယ်သွားရန် လျာထားကြောင်း သိရသည်။

"ဈေးချိုဆိုတာက နေ့စဉ်ရောင်းသူ၊ ဝယ်သူနဲ့ စည်ကားနေတဲ့ ဈေးကြီးတစ်ခုပါ။ ဒီဈေးမှာ အများပြည်သူ သွားလာအသုံးပြုနေတဲ့ စက်လှေကားတချို့က ပျက်နေတယ်။ ဒါကြောင့် ရောင်းသူ၊ ဝယ်သူပါ အဆင်ပြေစွာ သွားလာနိုင်ဖို့ အတွက် အရည်အသွေး မြင့်တဲ့စက် လှေကားတွေကို လာမယ့်ဘဏ္ဍာနှစ်မှာ အဆင့်မြှင့်တင် ပေးသွားဖို့ရှိတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

City Taxi အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်သည့် အငှားယာဉ်များကို ဧပြီလကုန်မှစ၍ အရေးယူမည်



ရန်ကုန် ၂၈-၂-၂ဝ၁၈

ရန်ကုန် တိုင်းဒေသကြီး အစိုးရသည် မြို့တွင်းမြို့နယ်များ၌ ယာဉ်ကြော ရှုပ်ထွေးမှုများကို ဖြေရှင်းရန် အလေးထား ဆောင်ရွက်နေပြီး လက်ရှိတွင် City Taxi  အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်သည့် အငှားယာဉ်များကို ဧပြီလကုန်မှစ၍ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ သိရသည်။

''City Taxi အဖြစ် မှတ်ပုံတင်ဖို့ ကြေညာထားပြီး ကတည်းက ပျက်ကွက်ရင် အရေးယူမယ်ဆိုတာ ပါပြီးသားပါ။ အခု လက်ရှိအစီးရေနဲ့ မှတ်ပုံတင်ထားတဲ့ အစီးရေကို စိစစ်နေပါတယ်။ ဧပြီလကုန်လောက်မှာ စပြီး အရေးယူဖို့ ခန့်မှန်းထားပါတယ်'' ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသော အငှားယာဉ်အစီးရေ ရှစ်သောင်းခန့် ရှိပြီး City Taxi အဖြစ် မှတ်ပုံတင်ထားသော အစီးရေမှာ ခြောက်သောင်းခန့်သာ ရှိနေကြောင်း၊ ကျန်ရှိသည့်အစီးရေ နှစ်သောင်းကျော်ကို အရေးယူမည်ဖြစ်ပြီး ကနဦးတွင် အရည်ကျိုအပ်နှံ ဖျက်သိမ်းခဲ့သည့် မော်တော်ယာဉ်များအတွက် စာရင်းအတိအကျ ရရှိစေရန် စိစစ်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

အုန်းသီးပွဲရုံများ ဈေးကွက်ကျဆင်းနေ၍ ချင့်ချိန်ကာ ကုန်မှာယူနေရ



ရန်ကုန် ၂၈-၂-၂ဝ၁၈

အုန်းသီးပွဲရုံ လုပ်ငန်းများ အနေဖြင့် လက်ရှိတွင် ဈေးကွက်ကျဆင်း လျက်ရှိရာ ထပ်မံဝင်ရောက်လာမည့် ကုန်များအတွက် ချင့်ချိန်မှာယူပြီး လုပ်ကိုင်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာကုန်စည်ဒိုင်မှ သိရသည်။

အုန်းသီးဈေးကွက်အတွင်း ယခုနှစ် နှစ်ဆန်းပိုင်းက အနည်းငယ် အရောင်းအဝယ် ကောင်းသော်လည်း ယင်းကာလနောက်ပိုင်းမှ ယခုအချိန်ထိ ဈေးကွက် ကျဆင်းနေရာ အရောင်းအဝယ် နည်းပါးလာခဲ့သည်။

''ဒိုင်တွေမှာ အုန်းသီးတွေ အများကြီးပုံနေရင် ရှုံးတာပေါ့။ ကြာရင်ပုပ်သွားတော့ သုံးမရတော့ဘူးလေ။ ကုန်သည်တွေကတော့ များများပို့နိုင်လေ သူတို့အတွက် အကျိုးအမြတ်များများ ရလေဆိုတော့ တင်ပို့ကြတယ်။ ဒါပေမဲ့ ဒိုင်သမားတွေ အတွက်ကျတော့ ကိုယ်ရောင်းချနိုင်မယ့် အခြေအနေ တွေပေါ်မူတည်ပြီး ချိန်ဆနေရတာပေါ့''ဟု ဗားကရာကုန်စည် ဒိုင်ဥက္ကဋ္ဌ ဦးအောင်တင် ကပြောသည်။

ရန်ကုန်မြို့ ဗားကရာကုန် စည်ဒိုင်သို့ မြစ်ဝကျွန်းပေါ် ဒေသမှထွက်ရှိသည့် အုန်းသီးများ တင်ပို့ကြကြောင်းနှင့် တင်ပို့ထားသည့် အုန်းသီးများကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများသို့ ပြန်လည် ဖြန့်ဖြူးရောင်းချ ကြကြောင်း သိရသည်။

အုန်းသီးဈေးကွက်တွင် ဆွဲအုန်းမှာ ဒိုင်တွင် နှစ်ရက်သုံးရက် ထားသည့်အခါ ကြွက်မြီးများ ညိုလာတတ်သောကြောင့် အရောင်းအဝယ် မဖြစ်တော့ဘဲ အခွံချွတ်အုန်းအဖြစ်သာ အခွံချွတ်၍ ရောင်းကြရပြီး တစ်လုံးလျှင် ဒိုင်ဈေး ငွေကျပ် ၆ဝဝ မှ ၆၅ဝ ကြားရှိသကဲ့သို့ အခွံချွတ်အုန်းမှာ ငွေကျပ် ၃ဝဝ မှ ၄ဝဝ ကြားရှိကြောင်း သိရသည်။

#Themyawadydaily

ယခုနှစ်တွင် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ဆောင်ရန် လျာထား



ရန်ကုန် ၂၈-၂-၂ဝ၁၈

ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်မှု တိုးမြင့်လာစေရေးအတွက် ယခုနှစ်တွင် ချင်းပြည်နယ်၌ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးများ လုပ်ဆောင်ရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးထံမှ သိရသည်။

''ဒီနှစ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အနေနဲ့ ကယားပြည်နယ်မှာ လုပ်လက်စလေးတွေ ဆက်လုပ်မယ်။ အဲဒါပြီးမှ ချင်းပြည်နယ်မှာ လုပ်ဖြစ်ဖို့ ပိုများတယ်။ တိတိကျကျ ဆုံးဖြတ်ချက်တော့ မရသေးဘူး။ တခြားပြည်နယ် တချို့မှာလည်း လေ့လာနေတာတွေ ရှိသေးတယ်'' ဟု ဦးအောင်စိုးက ပြောသည်။

အဆိုပါ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း အစီအစဉ်ကို ယခင်နှစ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ လုပ်ဆောင်ပေးခဲ့သည်။ ယခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးစီး လုပ်ဆောင်ရန် လွှဲပြောင်းပေးထားပြီးဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

ချင်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ရန် လိုအပ်နေသေးကြောင်း၊ သို့ရာတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာကောင်းပြီး အောင်မြင်နိုင်သည့် အခြေအနေရှိကာ ဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်စေလိုသည့် အတွက် ချင်းပြည်နယ်ကို ခရီးသွားလုပ်ငန်း မြှင့်တင်ရန် လျာထားခြင်း ဖြစ်သည်။

''ချင်းပြည်နယ်ကို ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကတော့ အတည်မဖြစ်သေးပါဘူး။ ဒီလအတွင်း အတည်ပြုဆုံးဖြတ် ဆောင်ရွက်သွားဖို့ရှိပါတယ်'' ဟု ဦးအောင်စိုးက ပြောသည်။

အဆိုပါ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အဖြစ် လုပ်ဆောင်မည်ဆိုပါက သုံးနှစ်ချမှတ် အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ပြီး အဆိုပါသုံးနှစ်တာ ကာလအတွင်း ချင်းပြည်နယ်၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရုံးများတည်ဆောက်ခြင်း၊ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသများ လွယ်ကူအဆင်ပြေစေရေး အစီအစဉ်များစသည့် ဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများကို လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

အောင်ဓမ္မရာဇာ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ










နေပြည်တော် ၂၈-၂-၂ဝ၁၈

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း တည်ထားကိုးကွယ်သည့် ရွှေစည်းခုံပုံတူ အောင်ဓမ္မရာဇာ စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အလှူတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အေလာမြို့၊ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ၀ိမလအမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော် မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အေလာတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ကျောင်းတိုက် ဆရာတော် မဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိစက္ခဏ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော် ၀တ္တုကံနေရာတွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိ ကြီးများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ် များထံဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် အေလာမြို့၊ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ၀ိမလထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ဗုဒ္ဓရုပ်ပွားတော်များကို ဌာပနာသွင်းလှူ ပူဇော်ကြသည်။ ဆက်လက်ပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေထီး တော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး ရွှေထီးတော်တင်လှူ ပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ယင်းနောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းတော် မူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ကစေတီတော်ကြီး ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က အခမ်းအနားတက် ရောက်လာကြသူများ၊ နယ်မြေခံ တပ်ရင်းမှအရာရှိ၊ စစ်သည်မိသားစုများနှင့် ဒေသခံပြည်သူများအား ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များနှင့် ပရိတ်ကြီး ပါဠိတော်မြန်မာ ပြန်စာအုပ်များအား ဓမ္မဒါနလက်ဆောင် အဖြစ်ပေးအပ်သည်။

အဆိုပါ စေတီတော်ကြီးအား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် မြေသန့်မင်္ဂလာ အခမ်းအနား ပြုလုပ်ခြင်း၊ စက်တင်ဘာလ ၉ ရက်တွင် ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်း၊ အောက်တိုဘာ လ ၈ ရက်တွင် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပခြင်း၊ နိုဝင်ဘာလ ၁၁ ရက်တွင်ပိန္နဲတိုင် စိုက်ထူခြင်း နှင့် မဟာပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ၂၀၁၈ ခုနှစ်ဇန်န၀ါရီ ၂၇ ရက် တွင်ဌာပနာသွင်း လှူပူဇော်ခြင်းနှင့် ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင်ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အလှူတော်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၂-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၂-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၈-၂-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၈-၂-၂ဝ၁၈)

Download Links

Tuesday, February 27, 2018

ငှက်ဖျားသုတေသနအတွက် လူဦးရေ ၁ဝဝဝဝ ကို နမူနာသွေးဖောက် စစ်ဆေးမည်



မန္တလေး ၂၇-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ်တွင် ငှက်ဖျားသုတေသန လုပ်ငန်းအတွက် လူဦးရေ ၁ဝဝဝဝ ကို နမူနာသွေးဖောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။

ငှက်ဖျားသုတေသန လုပ်ငန်းအတွက် နမူနာ သွေးဖောက် စစ်ဆေးခြင်းကို ယခု ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ဆောင်ရွက်နေပြီး ခြောက်လအတွင်း သုတေသနလုပ်ငန်းကို အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေက ပြောပြသည်။

"သွေးဖောက်စစ်ဆေး သုတေသန လုပ်တာက နှစ်ပိုင်းရှိပါတယ်။ ပထမက အခုလက်ရှိတစ်နိုင်ငံလုံး သုံးနေတဲ့ ငှက်ဖျားပိုး စစ်ကိရိယာနဲ့ စစ်ဆေးတာရယ်၊ ဒုတိယက အဲ့ဒီကိရိယာထက် လေးဆပိုကောင်းတဲ့ ငှက်ဖျားပိုးစစ် ကိရိယာနဲ့ စစ်ဆေးပါတယ်။ အဲ့ဒီငှက်ဖျားပိုး စစ်ကိရိယာနှစ်ခုနဲ့ စစ်ဆေးတာတွေကို ယှဉ်ကြည့်ပြီး ဘယ်ကိရိယာကို ဆက်သုံးမလဲဆိုတာကို သုတေသနပြုတာပါ"ဟု ၎င်းက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း လာမည့်မတ် ၃ ရက်နှင့် ၄ရက်တို့တွင် မတ္တရာမြို့နယ်၌ ငှက်ဖျားရောဂါ ကွင်းဆင်းစစ်ဆေးမှုကို ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဗဟိုဌာန၊ မန္တလေးတိုင်းဒေသကြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အဖွဲ့နှင့် ငှက်ဖျားသုတေသန တက္ကသိုလ်တစ်ခုတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး သတင်းပေးပို့မှု စနစ်ကို မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၇ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၅ ခုနှစ်မှစတင်၍ သုံးနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ်ထက်ဝက်နှုန်းခန့် ဆက်တိုက်လျော့ကျ လာလျက်ရှိကာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ၂ဝ၂ဝ ပြည့်နှစ်၌ ငှက်ဖျားရောဂါ လုံးဝကင်းစင်ရန် ရည်မှန်းထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#Yadanarpondaily

(၄၁) ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ



မန္တလေး ၂၇-၂-၂ဝ၁၈

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးအမျိုးသား သွေးလှူဘဏ်၏ (၄၁) ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉နာရီက ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်၊ ၃၁×၇ဝ လမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) ရတနာပုံခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်ကာ သွေးလှူရှင် သံဃာတော်များအား ဂုဏ်ပြုမှတ်တမ်း လွှာများဆက်ကပ်၍ သွေးလှူရှင် အများဆုံးစည်းရုံး ပေးခဲ့သည့် သွေးလှူရှင်အသင်းများနှင့် သွေးလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေါက်တာဇော်မြင့်မောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဒေါက်တာတင်တင်မိုးက သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြ၍ ဒေါက်တာစန်းစန်းလှိုင်က သွေးလှူရှင်များကို ဂုဏ်ပြုကျေးဇူးတင် စကားပြောကြားကာ သွေးလှူရှင်အများဆုံး ရအောင်စည်းရုံး စုဆောင်းပေးခဲ့သော မဟာအောင်မြေမြို့နယ် ငွေတောင်ကျောင်းတိုက်ရှိ မြတ်ပါရမီသွေးလှူ ရှင်အသင်း ဦးဆောင် ဆရာတော်ဘဒ္ဒန္တသုမနက ကျေးဇူးတင်စကား မြွက်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွေးလှူရှင် သံဃာတော်များကို ဂုဏ်ပြုလွှာများ ဆက်ကပ်ကာ သွေးလှူရှင်အများ ဆုံးစည်းရုံးပေးခဲ့သည့် သွေးလှူရှင် အသင်းများနှင့် သွေးလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ကြသည်။

အခမ်းအနားတွင် အကြိမ် ၁၁ဝ မြောက် သွေးလှူရှင် မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ရွာမှ ဘဒ္ဒန္တ သောဘဏပါ အကြိမ် ၁ဝဝထိ သွေးလှူရှင်သံဃာတော် သုံးပါး၊ အကြိမ် ၉ဝမှ ၂၅ ကြိမ်ထိ သွေးလှူရှင်သံဃာတော် ၄၂ပါး၊ သွေးလှူရှင် အများဆုံး စည်းရုံးပေးခဲ့သည့် သွေးလှူရှင်အသင်း သုံးသင်း၊ သွေးလှူရှင်လူပုဂ္ဂိုလ် ၁၂၅ကြိမ်မှ အကြိမ်၁ဝဝထိ ၃၄ဦး၊ ၉၅ကြိမ်မှ ၂၅ကြိမ်ထိ ၂၁၃ဦးတို့ကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

#Yadanarpondaily

မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်၊ကန်များတွင် စိုက်ပျိုးရေ အပြည့်အဝရှိ နွေသီးနှံကို လျာထားချက်ထက် ဧကနှစ်သောင်းကျော် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်



မန္တလေး ၂၇-၂-၂ဝ၁၈

ယခုနှစ် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆည်၊ ကန်များတွင် နွေသီးနှံစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေ အပြည့်အဝရှိနေပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း၊ ယခုနှစ် နွေသီးနှံတွင်နွေစပါး၊ ပဲတီစိမ်း၊ နွေနှမ်း၊ ငရုတ်၊အစေ့ထုတ် ပြောင်းများကို အဓိက စိုက်ပျိုးနိုင်ရန် လျာထားကြောင်း၊ နွေသီးနှံ လျာထားချက်ထက် ဧကနှစ်သောင်းကျော် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"တောင်သူတွေအနေနဲ့ စိုက်ပျိုးချင်တဲ့ ဘယ်သီးနှံကိုမဆို စိုက်ပျိုးနိုင်ပါတယ်။ ပြီးတော့ သီးနှံစိုက်ပျိုးတဲ့အချိန်မှာ ရေပေးနိုင်ဖို့ အတွက် ခရိုင်မြို့နယ်အလိုက် ဆည်တွေ၊ ကန်တွေမှာရေတွေ ပြည့်နေပါပြီ။ မနှစ်ကမိုးကာလတုန်းကမန္တလေးမှာ မိုးကောင်းတဲ့အတွက် စိုက်ပျိုးရေကို အပြည့်အဝပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အလိုက် ယခုနှစ်တွင် စိုက်ပျိုးမည့် နွေသီးနှံ ၂၅၅၄၅၇ ဧက လျာထားလျက်ရှိပြီး ဒေသလျာထားချက် များအရ ၂၇၆၄၂၂ဧက စိုက်ပျိုးနိုင်မည် ဖြစ်သောကြောင့် လျာထားချက်ထက်၂ဝ၉၆၅ ဧကပိုမို စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း၊ နွေစပါးကို ဒေသလျာထားချက်အရ ၁၇၂၂၈၆ဧက၊ နွေနှမ်း ၇၇၈၁၅ဧက၊ နွေမိုးကြိုဝါဧက ၁၂၈၉ဝ၊ ပဲတီစိမ်း ၈၇၅၆ဧက၊ ငရုတ် ၄၂၉၃ဧက၊ အစေ့ထုတ်ပြောင်း ၃၈၂ဧကတို့ကို စိုက်ပျိုးနိုင်ရန် လျာထားကြောင်း သိရသည်။

#Yadanarpondaily

မန္တလေးမြို့တွင် ရေခဲစက်မှ အမိုးနီးယား ယိုစိမ့်မှုကြောင့် အနီးရှိနေအိမ်များမှ လူ ၂၅ ဦး မူးဝေအော့အန်မှု ဖြစ်ပွား



မန္တလေး ၂၇-၂-၂ဝ၁၈

မန္တလေး အောင်မြေသာစံ မြို့နယ် ဘုန်းတော် တိုးရပ်ကွက်ရှိ ရေခဲစက်မှ ဖေဖော်ဝါရီ ၂၅ရက် ည ၈ နာရီ ၄၅မိနစ်က အမိုးနီးယားယိုစိမ့် ပျံ့နှံ့မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များမှ လူ ၂၅ဦး မူးဝေအော့အန် ခြင်းများ ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။

ဘုန်းတော်တိုး ရပ်ကွက်ရှိ မိဘမေတ္တာရေခဲစက်မှ အမိုးနီးယား ယိုစိမ့်ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး မူးဝေအော့အန်သူများကို မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့ကာ လူနာများမှာ စိုးရိမ်ရသည့် အခြေအနေ မရှိခြင်းကြောင့် ညတွင်းချင်းဆေးရုံမှ ပြန်လည်ဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။

"မူးဝေအော့အန်တဲ့ သူတွေကို အနံ့မပျောက်သေးတဲ့အတွက် ရပ်ကွက်ဓမ္မာရုံမှာပဲ တစ်ညရှောင်ခိုင်းပြီး နေရာချပေးခဲ့ပါတယ်။ စည်ပင်သာယာရေး ကော်မတီဝင်တွေနဲ့ ဌာနက တာဝန်ရှိသူတွေလဲ လိုအပ်တာတွေ ဆောင်ရွက် ပေးခဲ့ပါတယ်။ ရေခဲစက်ကိုတော့ ပိတ်သိမ်းဖို့ ညွှန်ကြားထားပြီး ဆက်ပြီးအရေးယူ သွားမှာပါ"ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောပြသည်။

ယနေ့တွင် အမိုးနီးယားယိုစိမ့် ပျံ့နှံ့မှုကင်းစင်သွားပြီဖြစ်ပြီး အမိုးနီးယား ယိုစိမ့်ပျံ့နှံ့ခဲ့သည့် မိဘမေတ္တာ ရေခဲစက်ကို ပိတ်သိမ်းရန် ညွှန်ကြားထားကာ သက်ဆိုင်ရာဌာနများ၏ စစ်ဆေးမှုပြုလုပ်၍ ခွင့်ပြုချက်ရမှသာပြန်လည်ဖွင့်လှစ် ခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Yadanarpondaily

သာစည်မြို့နယ်တွင် သတင်းအရသွားရောက် စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၇ဝဝဝ ဖမ်းဆီးရမိ



သာစည် ၂၇-၂-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မယ်ဇလီကန် ကျေးရွာအနီးတွင် သတင်းအရ သွားရောက် စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၁၇ဝဝဝ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သာစည်မြို့မ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုတိယရဲအုပ် ဖြိုးကျော်ခိုင်သည် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ က တပ်ဖွဲ့ဝင်ရဲမေတပ်သား သိမ့်သိမ့်အေး၊ တပ်သားအိအိဝင်း တို့နှင့်အတူ မူးယစ်ဆေးဝါး ရောင်းချရန် သယ်ဆောင်လာသူများ မယ်ဇလီကန်ကျေးရွာ ရွာအဝင်ဇရပ်ပေါ်တွင် ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ဇရပ်ပေါ်တွင် ရမည်းသင်းမြို့မှ သာစည်မြို့သို့ ဈေးဝယ်ရန် ကန်ဘို အမျိုးအစား ၁၁ဝ အနက်ရောင်ဆိုင်ကယ် ယာဉ်အမှတ် ၅၇ ယ/----- ဖြင့် ရောက်ရှိနေသည့် သန်းထိုက်နှင့် မခင်နှင်းဆီတို့ကို တွေ့ရှိ၍ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေး ခဲ့ကြသည်။

ထိုသို့ရှာဖွေ စစ်ဆေးရာ မခင်နှင်းဆီ ကိုင်ဆောင်ထားသော ပလတ်စတစ်ခြင်း တောင်းထဲရှိ ချည်လွယ် အိတ်အတွင်းမှ စိတ်ကြွဆေးပြားဟုယူဆရသော အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ်နှင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂ဝဝစီပါ ၁ဝထုပ်စည်း ရှစ်ထုပ် စုစုပေါင်းဆေးပြား ၁၆ဝဝဝ၊၂ဝဝပြားစီပါ ငါးထုပ်စည်းတစ်ထုပ် စုစုပေါင်းဆေးပြား ၁ဝဝဝ စုစုပေါင်း ပန်းရောင်စိတ်ကြွ ဆေးပြား ၁၇ဝဝဝ အလေးချိန် ၁ ဒသမ ၇ ကီလိုဂရမ်ခန့် ကာလတန်ဖိုး ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၅၁ဝ ကို တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် စနစ်တကျ ရေးသွင်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းထိုက်၊ခင်နှင်းဆီတို့ကို သာစည်မြို့မရဲစခန်းက မယ(ပ) ၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်တွင် အိုးလုပ်သည့် မြေနီ၊ မြေနက်များ ရှားပါးလာသည့် အပြင်အလုပ်သမားရှားပါးလာမှု တို့ကြောင့် မိရိုးဖလာအိုးလုပ်ငန်း ကွယ်ပျောက်နိုင်



စစ်ကိုင်း ၂၇-၂-၂ဝ၁၈

စစ်ကိုင်းမြို့ရှိ အိုးဘိုရပ်ကွက်တွင် အိုးလုပ်သည့် မြေနီ၊ မြေနက်များ ရှားပါးလာသည့်အပြင် အလုပ်သမားရှားပါး လာမှုတို့ကြောင့် ရေရှည်တွင် မိရိုးဖလာအိုးလုပ်ငန်း ကွယ်ပျောက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် အိုးလုပ်ငန်းများတွင် အသုံးပြုသော မြေနီ၊ မြေနက်များ ရှားပါးလာခြင်း၊ အိုးလုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်းမြင့်တက် လာခြင်းနှင့်အတူ သယ်ယူခများ မြင့်တက်လာခြင်း၊ အလုပ်သမား ရှားပါးလာခြင်း တို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူ အချို့လုပ်ငန်း ရပ်ဆိုင်းကာ အလုပ်အကိုင် အသစ်များ ရှာဖွေလုပ်ကိုင် လာကြကြောင်း သိရသည်။

"အိုးလုပ်တဲ့ မြေနီရောမြေနက်ပါ ရှားလာပါတယ်။ အရင်တုန်းက မြေနီကို ဒီနားပတ်ဝန်းကျင်မှာ တူးလို့ရပါတယ်။ ဝယ်လို့လဲ ရတယ်။ အခုကျ မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးဆယ်၊ ခိုတောင်၊ ချောင်းပေါက်ရွာတွေဘက်က မြေနီကို ထော်လာဂျီ တစ်စီးငွေကျပ် ၃ဝဝဝဝ ကျော်၊ မြေနက် ထော်လာဂျီတစ်စီး ငွေကျပ်၂ဝဝဝဝကျော်ပေးဝယ်နေရပါတယ်။ အရင်ကဆိုရင် အိုးဘိုရပ်ကွက်က မြို့အစွန်ကျပါတယ်။ အလုပ်အကိုင် ရွေးချယ်စရာမရှိဘူး။ ဒီအိုးလုပ်ငန်းပဲ အဓိကထား လုပ်ကြတာပါ။ အခုကျ တက္ကသိုလ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်လာတော့ အလုပ်အကိုင် ရွေးချယ်စရာ ပေါလာတယ်"ဟု စစ်ကိုင်းမြို့မှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

မုံရွာမြို့လေးကျွန်းစကြာ ဗုဒ္ဓရုပ်ပွားတော်ကြီး ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအပြီး တည်ဆောက်မည်



မုံရွာ ၂၇-၂-၂ဝ၁၈

မုံရွာမြို့နယ် ဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ငွေကျပ်သိန်း သုံးသောင်းကျော် အကုန်အကျခံကာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မုံရွာမြို့ မဟာဗောဓိ တထောင်ကျောင်းတိုက် စာချဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံမှ သိရသည်။

လေးကျွန်းစကြာ ထိုင်တော်မူ ရုပ်ပွားတော်ကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ခတ္တကန်တောင်ရွာ မဟာဗောဓိတထောင် သာသနာ့နယ်မြေ ဗန္ဓဝတောင်ကုန်း၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက်မှစ၍ မြေသန့်ပရိတ်များ ရွတ်ဖတ်၍ ရုပ်ပွားတော် ဖြစ်မြောက်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက် လာခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ထိပြီးစီးနေပြီး ကုန်ကျငွေနှုန်းဖြင့် တွက်လျှင် စတင်ဆောင်ရွက်ချိန်မှစ၍ ယနေ့ထိ ငွေကျပ်သိန်းပေါင်း ၂၃၇ဝဝထိ ကုန်ကျနေပြီး စုစုပေါင်း ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော်ထိ အသုံးပြုကာ လာမည့်နှစ် ဖေဖော်ဝါရီလပိုင်းတွင် အပြီးဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

"ဒီထိုင်တော်မူ ရုပ်ပွားတော်ကို ဘုရားဖူးသူတွေ အမြန်ဖူးမြော်နိုင်အောင် အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ် တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ) ဆရာတော်ကြီးရဲ့မွေးနေ့မှာ ရွှေသင်္ကန်းကပ်တာတွေ၊ အနေကဇာ တင်တာတွေ အပြီးဆောင်ရွက် သွားမှာပါ။ လက်ရှိ ကုန်ကျထားတဲ့ငွေနဲ့ ဆက်လက် ကုန်မယ့်ငွေ လျာထားချက်နဲ့ပေါင်းရင် ငွေကျပ်သိန်းပေါင်း သုံးသောင်းခွဲလောက် ကုန်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်"ဟု ဆရာတော်က မြွက်ကြားသည်။

ဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူ ဘုရားကြီး၏ ဥာဏ်တော်အမြင့်နှင့် အတိုင်းအတာမှာ ဘုရားဥာဏ်တော်အမြင့် (ပလ္လင်ပါ)၂၃၄ပေ၊ ရုပ်ပွားတော် အမြင့် ၂ဝ၇ပေ၊ ပလ္လင်တော်အမြင့် ၂၇ပေ၊ ပလ္လင်တော်အလျား ပေ၂၄ဝ၊ ပလ္လင်တော်အနံ ၁၃၂ပေ ၇ လက်မ၊ ဒူးတော်အကျယ်ပေ ၁၆ဝ၊ ပခုံးတော်အကျယ် ၁ဝ၄ပေ၊ လက်မောင်းတော်အရှည် တံတောင်ဆစ်ထိ ပေ ၆ဝ၊ တံတောင်ဆစ်မှ လက်ကောက်ဝတ်ထိ ပေ ၆ဝ၊ လက်ဖဝါးတော်အရှည် ပေ၄ဝ၊ ခြေဖဝါးတော်အရှည်ပေ ၄ဝ၊ ခြေချောင်းတော်အရှည် ရှစ်ပေ၊ မျက်နှာတော် အထက်အောက် ပေ ၄ဝ၊ မျက်လုံး တော်တစ်လုံး ၁ဝပေ၊ ပါးစပ်တော် ၁၃ပေ၊ နှာခေါင်းတော်အရှည် ၁၅ ပေ၊ နားရွက်တော်အရှည် ၃၄ပေ၊သင်းကျစ်တော် အထက်အောက် ခြောက်ပေ၊ ဥဏ္ဏလုံမွေးရှင်တော်ငါးပေ၊ သျှောင်တော်အမြင့် ၁၃ပေ၊ သျှောင်တော်အချင်း ၂၄ပေ အတိုင်းအရှည်ရှိကြောင်း၊ ရုပ်ပွားတော်ကြီး အမြန်ပြီးမြောက်ရန် လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း ဝ၉-၂၅၉၂၄၄၄၅၂သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

#Yadanarpondaily

မွန်ပြည်နယ်တွင် လိုင်စင်ယူထားသော ဟိုတယ် ၃၁ လုံး၊ တည်းခိုခန်း ၂၂ခန်း အခန်းပေါင်း ၁၈၅၁ ခန်းထိ တိုးတက်ဖြစ်ပေါ်လာ



နေပြည်တော် ၂၇-၂-၂ဝ၁၈

မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနေ၍ လိုင်စင်ယူထားသော ဟိုတယ် ၃၁ လုံး၊ တည်းခိုခန်း ၂၂ ခန်းနှင့် အခန်းပေါင်း ၁၈၅၁ခန်းထိ တိုးတက် ဖြစ်ပေါ်လာကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနေသကဲ့သို့ မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ မွန်ပြည်နယ် ဒေသသည် သာယာသောရေမြေ တောတောင် သဘာဝများရှိနေသည့်အပြင် ကျိုက်ထီးရိုး၊ ကျိုက္ခမီရေလယ်ဘုရား၊ သေမင်းတမန် ရထားလမ်း၊ မဟာမိတ်စစ်သင်္ချိုင်း၊ စက်စဲကမ်းခြေ၊ ဘီလင်းမြို့နယ်အတွင်းရှိ ကေလာသတောင်၊ ကျောက်ပိဘုရားနှင့် ကျောက်တံခါးဘုရား၊ သထုံမြို့နယ်အတွင်းရှိ မြသပိတ်စေတီ၊ ဝဲကလိရေပူစမ်း၊ ပငဆားကွင်း စသည့်လည်ပတ် လေ့လာဖွယ်နေရာ ဒေသများစွာ ရှိနေသောကြောင့် လာရောက်လည်ပတ်သူ များပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း နိုင်ငံတကာခရီးသွားများ လည်ပတ်ခွင့် ကန့်သတ်နေရာ ဒေသများကိုလည်း ဖြေလျှော့ခွင့် ပြုပေးခဲ့သဖြင့် ခရီးသွားလာသူ ပိုမိုများပြားလာခဲ့သည်။ ထိုကဲ့သို့ ခရီးသွားလည်ပတ်သူ တိုးတက်များပြား လာနေ၍မွန်ပြည်နယ်၏ ဟိုတယ်လုပ်ငန်း ဈေးကွက်များသည်လည်း တိုးတက်များပြားလာကာ တရားဝင်လုပ်ငန်း လိုင်စင်ယူ ဆောင်ရွက်နေသည့် ဟိုတယ် ၃၁လုံး၊ တည်းခိုခန်း ၂၂ခန်းနှင့် အခန်းပေါင်း ၁၈၅၁ခန်းထိ တိုးတက် ဖြစ်ပေါ်လာကြောင်း သိရသည်။

#Yadanarpondaily

မြန်မာ့စာတိုက် လုပ်ငန်း နှစ်နှစ်တာကာလအတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံ အရှုံးပေါ်ခဲ့ မြန်မာ့စာတိုက်လုပ်ငန်း နှစ်နှစ်တာကာလအတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံ အရှုံးပေါ်ခဲ့



ရန်ကုန် ၂၇-၂-၂ဝ၁၈

မြန်မာ့စာတိုက် လုပ်ငန်းအနေဖြင့် နှစ်နှစ်တာကာလ အတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံအရှုံးပေါ်ခဲ့ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်ထံမှ သိရသည်။

နှစ်နှစ်အတွင်း အရှုံးပေါ်ခဲ့သည့် ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံတွင် ၇၅ ရာခိုင်နှုန်းမှာ ဝန်ထမ်းစရိတ်များနှင့် ပင်စင်လစာများ ကြောင့်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသည် အသုံးစရိတ်များ ကြောင့်ဖြစ်ကြောင်း၊ မြန်မာ့စာတိုက် လုပ်ငန်းသည် ပြည်တွင်းစာ တစ်စောင်ပေးပို့မှု အတွက် မည်သည့် မြို့သို့မဆို ငွေကျပ် ၂ဝဝ ကောက်ခံခဲ့သော်လည်း အမှန်တကယ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်မှာ ငွေကျပ် ၂၁၄၅ ကျပ်ဖြစ်ကြောင်း၊ ပြည်ပသို့
စာတစ်စောင် ပေးပို့မှုအတွက် မည်သည့် နိုင်ငံသို့မဆို ငွေကျပ် ၁ဝဝဝ သာ ကောက်ခံသော်လည်း ကုန်ကျစရိတ်မှာ ငွေကျပ် ၂၅၇၈ ကျပ်ရှိ၍ ငွေကျပ် ၁၅ဝဝ ကျော် အရှုံးပေါ်နေကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်နေခြင်းကို ရပ်တန့်နိုင်ရန် အွန်လိုင်းပေါ်၌ ရောင်းချသည့် ကုန်ပစ္စည်းများကို ကြားခံ သယ်ယူပို့ဆောင်ပေးသော ဝန်ဆောင်မှုများ၊ ဘဏ်များ၏ကိုယ်စား ငွေကြေးလွှဲပြောင်း ပေးသည့် ဝန်ဆောင်မှုများ၊ စီးပွားရေးလုပ်ငန်းများ ကိုယ်စား ငွေကြေးကောက်ခံ ပေးသည့် ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်းနှင့်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် လေးဘီလီယံခန့်  အရှုံးပေါ်နိုင်မည် ဟု ခန့်မှန်းထားပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် လက်ရှိအရှုံးကို ရပ်တန့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

#Themyawadydaily

ဘဏ်ခွဲများကို လုံခြုံသည့်နေရာများ၌သာ ဖွင့်လှစ်ခွင့်ပြုမည်



ရန်ကုန် ၂၇-၂-၂​ဝ၁၈

ပြည်တွင်းရှိဘဏ်များကို လုံခြုံစိတ်ချရသည့် နေရာများ၌သာ ဘဏ်ခွဲများဖွင့်လှစ်ရန် သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းထံမှ သိရသည်။

ဘဏ်များ လုံခြုံမှုရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုံခြုံရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို မကြာမီညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်ပြီး ညွှန်ကြားချက်တွင် အဆိုပါအချက် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဘဏ်ခွဲများ ဖွင့်လှစ်ရန် လုံခြုံရေးဆိုင်ရာ အာမခံချက်ကို မြို့နယ်အဆင့်မှ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အလိုက် လုံခြုံရေးဆိုင်ရာ တာဝန်ခံများက ဒေသ၏ လုံခြုံရေးဆိုင်ရာ အနေအထားပေါ် မူတည်၍ ထောက်ခံချက် ပေးရမည်ဖြစ်သည်။

''ဘဏ်တွေက ဘဏ်ခွဲ ဖွင့်မယ်ဆိုရင် နယ်မြေလုံခြုံရေးရှိမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ ဖွင့်ခွင့်ပေးမယ်။ ဒါကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထောက်ခံပေးရမယ်'' ဟု ဦးစိုးသိန်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကဘဏ် ၂၄ ခုရှိပြီး အစိုးရဘဏ်လေးခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခုရှိ၍ ပြည်တွင်းဘဏ်များအနက် ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲ အများဆုံးရှိပြီး စုစုပေါင်းဘဏ်ခွဲ ၅ဝဝ ခန့်ရှိကာ မြန်မာနိုင်ငံ တစ်ဝန်း၌ ပုဂ္ဂလိက ဘဏ်ခွဲပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၂-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၂-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၇-၂-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၇-၂-၂ဝ၁၈)

Download Links

Monday, February 26, 2018

စကားပြော စွမ်းရည်


ဆောင်းပါး ၂၆-၂-၂ဝ၁၈ 

စကားပြောစွမ်းရည်နဲ့ ပတ်သက်တဲ့ မြန်မာမူရင်း စာအုပ်တော်တော်များများနဲ့ ပရိသတ်ကို ဟောနည်းပြောနည်း (ဘာသာပြန်) စာအုပ်တချို့ကို ဖတ်ရှုလေ့လာဖူးပါတယ်။ နှုတ်မှုစွမ်းရည်ဆိုတာ အကြီးအမှူး၊ ခေါင်းဆောင် တာဝန်ထမ်းဆောင်ရတဲ့ ပုဂ္ဂိုလ်တွေအတွက် မရှိမဖြစ် အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ တပ်မတော်အရာရှိ သင်တန်းတွေမှာလည်း မိမိတို့ရဲ့ ကိုယ်တွေ့တိုက်ပွဲ အတွေ့အကြုံတွေကို တခြားသင်တန်းသားတွေ ရှေ့ထွက်ပြီး ဟောပြောစေတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ရပါတယ်။ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စတဲ့အဆင့်ဆင့် ရာထူးတာဝန်ဆိုင်ရာ သင်တန်းအားလုံးမှာ သင်ကြားပါတယ်။ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တို့မှာလည်း ပါတာပဲ။ ပရိသတ်ရှေ့ ဟောပြောတာလည်း ပါတယ်။ အုပ်စုဖွဲ့ဆွေးနွေးငြင်းခုံ တိုင်ပင်ကြတာလည်း ပါတယ်။ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီမံရေး၊စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘယ်နယ်ပယ်မှာမဆို ခေါင်းဆောင် လုပ်တဲ့လူဟာ လူအများကို ကိုယ်ပြောပြချင်တဲ့ အချက်အလက် အကြောင်းအရာနဲ့ သဘောထား အယူအဆကို ရှင်းရှင်းလင်းလင်း ပြေပြေပြစ်ပြစ်နဲ့ အစီအစဉ်တကျ ပြောပြတတ်မှ နားထောင်ရတဲ့သူတွေက နားဝင်လက်ခံမှာပေါ့။ ဒါဟာ ခေါင်းဆောင်ရဲ့တာဝန်ပဲ။

စင်ပေါ်မှာပဲဖြစ်ဖြစ်၊ စကားဝိုင်းမှာပဲ ဖြစ်ဖြစ်ပရိသတ်ကို စိတ်နှလုံးခံစား နားလည်သွားအောင် ပြောဆိုတဲ့နေရာမှာ သိမ်းကျုံးဆွဲဆောင် နိုင်ကြတဲ့ စကားပြောစွမ်းရည် ထူးချွန်ကြတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့ပါတယ်။ ဥပမာတင်ပြရရင်-

၁။ သုခ
၂။ လူထုဦးလှ
၃။ ဦးဆန်းထွန်း
၎။ ဗိုလ်ဗကို
၅။ ဗိုလ်ကလေးတင့်အောင်
၆။ အောင်သင်း
၇။ ဂုဏ်ထူးဦးသိန်းနိုင်
၈။ မောင်ဆုရှင်
၉။ လယ်တွင်းသားစောချစ်
၁ဝ။ ချစ်ဦးညို

ကိုယ်တိုင်ကိုယ်တွေ့ ကြုံဖူးကြားဖူးတဲ့ ဆရာတွေ ဖြစ်ပါတယ်။ တခြားသူတွေရဲ့ တစ်ဆင့်ပြောစကားအရ အောက်ပါပုဂ္ဂိုလ် တွေဟာလည်း စကားပြောစွမ်းရည် အလွန်တော်ကြောင်း ကြားဖူးမှတ်ဖူးပါတယ်။
၁။ ဦးနု
၂။ ဝိဓူရသခင်ချစ်မောင်
၃။ မောင်ကိုယု
၎။ မောင်သော်က
၅။ အခြားထင်ရှားသူများ

လေ့လာဆည်းပူးပြီး အတုယူသင့်ပါတယ်။ စာရေးဆရာတွေထဲမှ စာရေးကောင်းသူ တိုင်းလည်း စကားပြောစွမ်းရည် ထူးချွန်ကြတာတော့ မဟုတ်ဘူး။ စာရေးတဲ့ပညာနဲ့ စကားပြောတဲ့ပညာဟာ တစ်ဘာသာစီ သီးခြားရှိနေတဲ့ အချင်းအရာများ ဖြစ်ကြပါတယ်။ ပရိသတ်ကို စင်ပေါ်ကနေ ပြောရာမှာပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲစကားဝိုင်း ထဲမှာပဲဖြစ်ဖြစ်၊ စကားပြောစွမ်းရည် တော်တဲ့ လူကတော်တာပဲ။ စာရေးရာမှာတော့ ထူးချွန်ချင်မှ ထူးချွန်မယ်။ နှစ်မျိုး၊ နှစ်ဘာသာလုံး တော်တဲ့၊ ကျော်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ ထင်ရှားသူတွေလည်း ရှိနေပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဦးစီးခေါင်းဆောင်နေရာ တာဝန်ယူ ရမယ့်လူဟာ စကားပြောစွမ်းရည်တော့ အထိုက်အလျောက် ရှိဖို့လိုတာကို အားလုံးလိုလို သဘောပေါက်ပါတယ်။ ဘယ်လိုသင်ယူ လေ့ကျင့်ရမလဲဆိုတဲ့ နည်းနာနိဿယကိုသာ သိချင်မှသိမယ်။ တော်သလို လျော်သလို ကြည့်စခန်းသွားတာ ပေါ့ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထား ကြသူမျိုးလည်း ရှိကောင်းရှိမှာပါ။ မသင်ယူရင် မတတ်ပါ။ ခေါင်းဆောင်လုပ်ရပြီဆိုရင် ပြောတတ်၊ဆိုတတ်၊ ပြောနိုင်၊ ဆိုနိုင်ဖြစ်ရင် အကောင်းဆုံးပေါ့။ ထိုင်းနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး ထိုင်းတပ်မတော်က တာဝန်ယူ အုပ်ချုပ်နေတာ လေးနှစ်လောက် ကျော်ရောပေါ့။ ဒါပေမယ့် ဝန်ကြီးချုပ်လုပ်တဲ့ ဗိုလ်ချုပ်ကြီးက တစ်ပတ်တစ်ကြိမ် ထိုင်းပြည်သူလူထုကို ရုပ်မြင်သံကြားကနေပြီး စကားပြောတယ်။သူက အစီရင်ခံတယ်ဆို ချင်ဆိုပေါ့။ နာရီဝက်လောက် အပတ်စဉ်ပြည်သူနဲ့ ထိတွေ့စကားပြောပါတယ်။ 

တစ်ချိန်က မြန်မာနိုင်ငံအစိုးရ သမ္မတ ဦးသိန်းစိန်ကလည်း လစဉ်မပျက်ပြည်သူကို ရေဒီယိုကတစ်ဆင့် စကားပြောပါတယ်။ တစ်လတာ အစိုးရရဲ့ဆောင်ရွက်ချက်တွေ၊ မူဝါဒ၊ သဘောထား၊ မျှော်မှန်းချက်တွေလည်း ပါတာပေါ့။ လစဉ်၊လစဉ် အစီရင်ခံထိတွေ့တဲ့သဘော။ ပြည်သူကရွေးချယ် တင်မြှောက် တာဝန်ပေးထားတာလေ။ အမြဲတစေ ပြန်လည် တင်ပြအစီရင်ခံ တာဟာသူရဲ့တာဝန်သိမှု၊ တာဝန်ကျေပွန်မှု၊ လေးစားမှု၊ ပြည်သူကို ဦးထိပ်ထား၊ ဦးစားပေးမှုကို တွေ့ကြရတာပါပဲ။ ဒီလိုအဆက်မပျက် ထိတွေ့နေတော့ ပွင့်လင်း မြင်သာပါတယ်။ အစိုးရနဲ့ပြည်သူ အပြန်အလှန် ယုံကြည်မှုလည်း ရှိကြတယ်။ ဦးသိန်းစိန်ဟာ အပြောကောင်းလှတဲ့သူတော့ မဟုတ်ပေမယ့် ရိုးဂုဏ်ရှိပါတယ်။ သူ့ရဲ့ဖြောင့်မတ် ဖြူစင်မှုကို မြင်တွေ့နိုင်တယ်။ တရားတရား၊ ဟောဖန်များရင် တရားထဲကပါဠိရ။ စကားစကား၊ ပြောဖန်များရင် စကားထဲက ဇာတိပြသတဲ့။ ရှေးဆိုရိုးစကားလည်း ရှိထားတော့ တချို့က စကားများများ မပြောရဲဘူး။ ရွံ့တယ်။ စကားဆိုတာ ဆိုရေးရှိက ဆိုအပ်လှ၏တဲ့။ ပြောသင့်တဲ့အချိန်အခါ၊ ပြောသင့်တဲ့နေရာမှာ ရှောင်လွှဲမနေဘဲ ပြောကိုပြောရမှာပဲ။ မြုံစိစိလုပ် နေလို့မဖြစ်ဘူး။ မပြောရင်ကင်းကွာ သွားမှာပေါ့။စကားကောင်းကောင်း ပြောတတ်ချင်ရင် စာများများဖတ်ပါလို့ ဦးစွာပထမ အကြံပြုပါရစေ။ သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေကို မပြတ်တမ်းဖတ်သင့်ပါတယ်။ သီးခြားဗဟုသုတရှိနိုင်တဲ့ စာအုပ်စာပေအမျိုးမျိုးကိုလည်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသန့်တို့ ကမ္ဘာကျော်လောက်အောင် ခေါင်းဆောင်မှုကောင်းမွန်ထူးချွန် ကြတာဟာ အထက်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်း သားဘဝကတည်းက အလွန်စာပေမွေ့လျော်ခဲ့တဲ့ လူငယ်တွေမို့ လူကြီးလူကောင်း ဖြစ်လာကြခြင်းပါ။

ခေါင်းဆောင်ပီပီသသ ဖြစ်လာကြတဲ့ သူမှန်သမျှကတော့ အားကြီးစာဖတ်တဲ့ လူချည်းပဲ။ စာမဖတ်ဘဲဘယ်သူမှ ထိပ်တန်းမရောက်နိုင်ပါဘူး။ စာဖတ်တဲ့သူတွေက နယ်ပယ်အသီးသီးမှာ အောင်မြင်ထူးခြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာ ပါတယ်။"ကျွန်တော်ဟာ နားထောင်ရတာကို သဘောကျတယ်။ ဂရုတစိုက်နားထောင် ခြင်းကြောင့် တခြားလူတွေ ဆီကနေ အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တာ့မှ နားမထောင်တတ်ကြဘူး"တဲ့။ကမ္ဘာကျော် အမေရိကန် စာရေးဆရာ အာနက် (စ်) ဟယ်မင်ဝေးက ပြောခဲ့ဖူးပါတယ်။ ဟုတ်တယ်။ ပြောသူမလုပ်ခင် အရင်ဦးစွာ ကောင်းကောင်းနားထောင် တတ်တဲ့လူဖြစ်အောင် ကိုယ်တိုင်လေ့ကျင့် ရပါမယ်။ နားထောင်တတ်အောင် သင်ယူပါလို့ "How To Talk To Anyone"ဆိုတဲ့စာအုပ်ရဲ့ထိပ်ဆုံး အဖွင့်စာမျက်နှာမှာ ရေးထားတာ ဖတ်ရတယ်။ သေသေချာချာ နားထောင်တတ်ရဲ့လား။ အခုမှစတွေ့တဲ့ လူတစ်ယောက်နဲ့ စကားစပြော ရမယ်ဆိုရင် ဘာနဲ့စပြောမလဲ။ အခုတလော ဖြစ်ပျက်နေတဲ့ သတင်းတွေအကြောင်း ဒါမှမဟုတ် လက်ရှိလူကြိုက်များနေတဲ့ ဇာတ်ကား ဒါမှမဟုတ် သီချင်းဒါမှမဟုတ် တစ်ခုခုပေါ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတာ ဖြစ်နေတာ တွေပြောပြီး စလို့ရပါတယ်တဲ့။ နားထောင်သူနဲ့ အလွမ်းသင့်အောင် စပျိုးနိုင်ရမယ်။ စကားပြောတဲ့နေရာမှာ သင်ဘာပြောတယ် ဆိုတာက အရေးမကြီး လှပါဘူးတဲ့။ ဘာကအရေးကြီးတာလဲ။''အရေးအကြီးဆုံးက သင်ဘယ်လို ပြောတာလဲဆိုတဲ့ အချက်ပါပဲ''တဲ့။ သိရပြီနော်။ ဒီအချက်ဟာ အဓိက အရေးကြီးဆုံးပဲတဲ့။ သင်ကဘယ်လို ပြောသလဲဆိုတဲ့ ပြောဆိုပုံပြောဆို နည်းဟာ အရေးအကြီးဆုံး ဆိုပါလား။ ဒါကအပြောင်းအလဲ တွေအများကြီး ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲ?သင့်ရဲ့အသံ၊ သင့်ရဲ့လေယူလေသိမ်း၊ မျက်နှာအမူအရာ၊ ခန္ဓာကိုယ်ဘာသာစကား (Body Language) က ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက်ဖြစ်နေလို့ပါတဲ့။

အဲဒီစာအုပ်ထဲက ဖတ်ရမှတ်ရတဲ့ အချက်တချို့ကို စာရေးသူကကြိုက်လို့ အကျဉ်းချုပ်ကောက်နုတ် မျှဝေလိုပါတယ်။ စာဖတ်သူလည်း ကြိုက်ရင်ယူပေါ့။ မကြိုက်ရင်တော့လည်း ထားပေါ့။ 

၁။ စကားပြောရာမှာ အရှိန်လျှော့ပါတဲ့။အကြောင်းအရာ တစ်ခုခုပြောရင် စိတ်ပါလာတဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါ လောလောမြန်မြန် ပြောမိတတ်တယ်။ မလောပါနဲ့။ သတိပြုပါ။ မမြန်ပါနဲ့။ ပီပီသသ မှန်မှန်ပြောပါ။ထွန်းဝေ၊ ဘီအီးဒီအောင်သိုက်၊ မြတ်လေးတို့ ပြောတာမျိုးက နားထောင်လို့ ကောင်းတယ် မဟုတ်လား။ ရှင်းရှင်းလင်းလင်းရှိတယ်လေ။

၂။ ကျယ်ကျယ်ပြောပါ။ သူတို့ကြားရလောက် အောင်တော့ပြောပါ။ အော်ပြောစရာမလိုပေမယ့် တိုးတိုးလေး မကြားတကြားပြောရင် အလကားပဲ။ မထိရောက်ဘူး။ (တချို့အမျိုးသမီးတွေပြောတာ မပွင့်တပွင့်။ မရှင်းပါ။)

၃။ ခံစားချက် အပြည်နဲ့ပြောပါ။ စိတ်ပါလက်ပါ ပြောပါ။ အသံအနိမ့်အမြင့်မရှိဘဲ ပြောနေမယ်ဆိုရင် ဘယ်သူမှ နားမထောင်ချင်ဘူး။ အသံထဲမှာ ခံစားချက်တွေ ရောင်ပြန်ဟပ် နေပါစေ။ ဒါက အဓိကသုံးချက်ပါ။ စကားဝိုင်းဖွဲ့ ပြောတဲ့အခါ-၁။ စကားဝိုင်းထဲမှာ အားလုံးပါဝင်ပါစေ။ အချိန်မျှဝေပေးပါ။ ၂။ သူများပြောနေစဉ် ကြားဝင် ဖြတ်မပြောပါနဲ့။ ၃။ ငြင်းခုံတာမျိုးရှောင်ပါ။ ၄။ ငါ့စကားနွားရ အနိုင်ရပြီးရော မပြောနဲ့။ သင်နိုင်လို့လည်း ဘယ်သူကမှ အထင်မကြီးဘူး။

၅။ ထိုင်ခုံမှာ သက်သောင့်သက်သာ ထိုင်ပါ။

၆။ သူများပြောတာတွေကို စိတ်ဝင်တစားနဲ့ နားထောင်ပါ။ သေသေချာချာ နားထောင်ပါ။

၇။ စိတ်ကောင်းစေတနာ ကောင်းနဲ့ အကြံကောင်း၊ ဥာဏ်ကောင်းပေးပါ။

၈။ ပြုံးပြုံးရွှင်ရွှင် လေးလေးစားစားပြောပါ။

သူများကောင်းတာ ပြောရင်လည်း ထောက်ခံအားပေးပါ။

၉။ အဆက်အစပ်ရှိအောင် ပြောပါ။

၁ဝ။ ကောင်းတဲ့ခံစားချက်တွေ မျှဝေပါ။

၁၁။ ညည်းညူ ပြောဆိုတာမျိုး မပြောနဲ့။

၁၂။ သူတစ်ပါးမကောင်းကြောင်း၊ ပုတ်ခတ်၊ ရှုတ်ချတိုက်ခိုက်တာမျိုး မပြောပါနဲ့။

၁၃။ ခန္ဓာကိုယ် ဘာသာစကားကို ပိုမိုကောင်းမွန်အောင် သတိထားပါ။

၁၄။ ရယ်ရွှင်ဖွယ်၊ ရယ်မောစရာ ပြောသင့်ရင် ပြောပါ။ (လေးနက်တာ ပြောနေကြစဉ်မှာ အရွှန်းဖောက်မိလို့ ထောင်တန်တဲ့ စကားဟာ ရယ်စရာပြောလို့ ပေါ့ပျက်သွားရတယ် ဆိုတာမျိုးတော့ ဆင်ခြင်ရပါမယ်။)

၁၅။ တစ်ဖွဲ့လုံး၊ တစ်ဝိုင်းလုံး တက်ညီ၊ လက်ညီချစ်ခင် စည်းလုံးရေးကို ရှေ့ရှုပါ။ တစ်ကိုယ်ကောင်း မဆန်မိပါစေနဲ့။ အပြုသဘော ဆောင်တဲ့ သဘောထားနဲ့မျှဝေပါ။ နိဂုံးချုပ်အနေနဲ့ အကြံပြုချင်တာက စကားပြော စွမ်းရည်နဲ့ ပတ်သက်ရင် ဘယ်သူမဆို တိုးတက်အောင် လေ့လာသင်ယူပြီး လေ့ကျင့်ရင်ရတယ်။ (တချို့ပုဂ္ဂိုလ်တွေဟာ လွှတ်တော်ထဲမှာ အဆိုလည်းမတင်၊ မေးခွန်းလည်းမမေး၊ သူများတင်ပြစဉ်မှာလည်း စိတ်မဝင်စားတဲ့မျက်နှာ ထားနဲ့ မြင်ရတာ စိတ်မသက်သာစရာပဲ။) အထက်ပါ အချက်တွေကိုပဲ နေ့စဉ်နေ့တိုင်းတစ်လလောက် ထိထိမိမိလေ့ကျင့်ကြည့်ရင် သိသိသာသာ စကားပြောစွမ်းရည် တိုးတက်ဖွံ့ဖြိုး လာကြောင်း ကိုယ်တိုင် (အံ့သြလောက်အောင်)လက်တွေ့ တွေ့ရပါလိမ့်မယ်။ လေ့ကျင့်ရင်း ဘာတွေ့ပြောင်းလဲ လာသလဲဆို တာလည်း မှတ်တမ်းလုပ်ထား ကြည့်ပေါ့။ အကျိုးရှိတာကိုပဲ စေတနာအရင်းခံနဲ့ တင်ပြတာပါ။ ချစ်လို့ပြောတာ မှတ်ပါ။

ချစ်နိုင် (စိတ်ပညာ)

ရတနာပုံနေ့စဉ်သတင်းစာ စာ (၄)

#Yadanarpondaily

ရန်ကုန်တိုင်းဒေသကြီး ကားတင်သွင်းခွင့် လိုင်စင်ကို ယခုနှစ်တွင် ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြု ပေးရန် သဘောတူညီမှုရရှိခဲ့



ရန်ကုန် ၂၆-၂-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး ကားတင်သွင်းခွင့် လိုင်စင်ကို ယခုနှစ်တွင် ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးရန်မူ အရသဘောတူညီမှု ရရှိခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်ကို ကားပါကင် ထောက်ခံချက်နှင့်အတူ တင်သွင်းခွင့် ပြုပေးခဲ့ပြီး ၂ဝ၁၆ခုနှစ် နှစ်စပိုင်းမှ စတင်ကာ လက်ရှိအချိန်ထိ နှစ်နှစ်ခန့် ရပ်နားထားခဲ့သည်။ ထို့ကြောင့် အဆိုပါကာလတွင် ယာဉ်အို၊ယာဉ်ဟောင်းလဲလှယ်သည့် စလစ်များနှင့်သာ ရန်ကုန်အမည်ပေါက် ကားတင်သွင်းခဲ့ကြသည်။ ထို့ကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ပေါက် ဈေးနှုန်းများမှာ ငွေကျပ်သိန်း ၁ဝဝ ကျော်ထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂ဝရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် ဆိုင်သော မူဝါဒသစ်ချမှတ် အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် တာဝန်ရှိသူများ ဆွေးနွေးပြီး အကြမ်းဖျင်း သဘောတူဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်လိုင်စင်ကို လေလံပုံစံ COE စနစ်ဖြင့် ထုတ်ပေးမည် မဟုတ်ဘဲ ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်တင်သွင်းခွင့် လက်မှတ်အဖြစ် ထုတ်ပေးသွားမည် ဖြစ်သည်။လက်ရှိတွင် အမျိုးအစား ၁၁ မျိုးအဖြစ် အကြမ်းဖျင်း သတ်မှတ်ထားပြီး ယာဉ်အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုများ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

သင်္ကြန်ကာလတွင် အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ ပွဲငှားရမ်းခြင်းကို ဧပြီ ၁၃ ရက်မှစ၍ ယာယီရပ်နားထားမည်



မန္တလေး ၂၆-၂-၂ဝ၁၈

သင်္ကြန်ကာလတွင် အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ ပွဲငှားရမ်းခြင်း လုပ်ငန်းများကို ဧပြီ ၁၃ ရက်မှစ၍ ယာယီရပ်နားထားမည် ဖြစ်ကြောင်း အဆိုပါဇာတ်ရုံ (မန္တလေး) အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မကြာမီကာလတွင် မြန်မာ့ရိုးရာ အတာရေသဘင် ပက်ဖျန်းမည့် သင်္ကြန်ပွဲတော် ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ယခုလက်ရှိ ဂီတဖျော်ဖြေပွဲများနှင့် ပြပွဲများ အပါအဝင် အခြားပွဲတော်များ ကျင်းပလိုသည့် လုပ်ငန်းရှင်များကို အမျိုးသားဇာတ်ရုံ (မန္တလေး)မှ ပွဲငှားရမ်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဧပြီလတွင်ကျင်းပမည့် သင်္ကြန်ပွဲတော်အတွင်း ၎င်းဇာတ်ရုံမှ လုပ်ငန်းရှင်များကို ပွဲငှားရမ်းမှု လုပ်ငန်းများ ယာယီရပ်နားထား
မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး)ကို ဧပြီ ၁၃ ရက်မှစ၍ ဧပြီ ၁၇ ရက်ထိ ပွဲငှားရမ်းခြင်း လုပ်ငန်းများကို ယာယီရပ်နားထားမည် ဖြစ်ကြောင်း၊ ဧပြီ ၁၈ ရက်တွင် ပွဲငှားရမ်းခြင်း လုပ်ငန်းများကို ပြန်လည်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး) သည် နှစ်ပေါင်း ကြာမြင့်လာသည့်အတွက် ဇာတ်ရုံအတွင်း၊ အပြင်၌ ဟောင်းနွမ်းနေသည့် လေဒဏ်၊ မိုးဒဏ်၊ နေဒဏ် စသည့်သဘာဝ ဘေးအန္တရာယ်များကြောင့် ဟောင်းနွမ်း ဆွေးမြည့်မှုများ ရှိနေသည့် အတွက် ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဇာတ်ရုံကို ယာယီပိတ်ထားကာ အကြီးစားပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ဇာတ်ရုံ အတွင်း၊အပြင်၌ အကြီးစားပြုပြင်ထားပြီး ဖြစ်ကြောင်း၊ အလား
တူ ၎င်းဇာတ်ရုံကိုလည်း လုပ်ငန်းရှင်များ စိတ်ကျေနပ်မှုရှိစေရေး ထိုင်ခုံမှအစအခြား အသုံးအဆောင် များကိုပါ အဆင့်မြှင့်တင် ပေးထားသည့်အတွက် ယခင်က ပွဲငှားရမ်းခအနေဖြင့် ငွေကျပ် ၁ဝ သိန်းသာ ကောက်ခံခဲ့ သော်လည်း ၂ဝ၁၇ ခုနှစ်မတ်လ ၁ ရက်မှစ၍ လက်ရှိအချိန်ထိ ပွဲငှားရမ်းခကို ငွေကျပ်သိန်း၂ဝထိ တိုးမြှင့်ကောက်ခံလျက် ရှိကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး) တွင် ပွဲကြည့်စင်အပေါ်၊ အောက်ပရိသတ်ဦးရေ စုစုပေါင်း ၁၂ဝဝဝ ထိ ဝင်ဆံ့ကြောင်း၊ ၎င်းအမျိုးသား ဇာတ်ရုံကို မီးအလင်းရောင်များနှင့် ထိုင်ခုံများကိုပါ အသစ်လဲလှယ် ပေးထားသည့်အတွက် ပွဲငှားရမ်းသည့်လုပ်ငန်းရှင်များ အတွက်ပါ စိတ်ကျေနပ်မှု အပြည့်အဝရရှိနိုင်မည် ဖြစ်ကြောင်း၊ လာမည့်မတ်လ အတွင်း၌လည်း ငှားရမ်းထားသည့် ပွဲပေါင်းသုံးပွဲခန့်ထိ လက်ခံငှားရမ်း ပေးထားကြောင်း ၎င်းထံမှ သိရသည်။

#Themyawadydaily

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ နှစ်ရက်အတွင်း အနိမ့်ဆုံး သတိပေးရေမှတ်သို့ ရောက်နိုင်သောကြောင့် မြစ်ရေသတိပေးချက် ထုတ်ပြန်



မန္တလေး ၂၆-၂-၂ဝ၁၈

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း အနိမ့်ဆုံးသတိပေး ရေမှတ်သို့ ရောက်နိုင်သောကြောင့် မြစ်ရေသတိပေးချက် ထုတ်ပြန်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန အထက် မြန်မာပြည် (မန္တလေး) ထံမှ သိရသည်။

မန္တလေးမြို့၏ ဧရာဝတီမြစ်ရေ အနိမ့်ဆုံး သတိပေးရေမှတ်မှာ ၃၆ဝ စင်တီမီတာဖြစ်ပြီး ယနေ့မွန်းလွဲ ၁၂နာရီ မိနစ် ၃ဝ တိုင်းထွာချက်အရ ၃၆၂စင်တီမီတာသို့ ရောက်ရှိနေသောကြောင့် မြစ်ရေသတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"မြစ်ရေက ဆက်ကျဦးမယ်။ အပေါ်မှာမိုးနည်းနည်း ရွာထားတာ ရှိတော့ နှေးတော့နှေးမယ် သိပ်မမြန်နိုင်ဘူး။ သက်ဆိုင်ရာ ဆက်စပ်ဌာနတွေကိုပါ သတိပေးချက် ထုတ်ပြန် ပေးသွားမယ်"ဟု အဆိုပါဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောပြသည်။

ဧရာဝတီ မြစ်ရေသည် ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ မြစ်ရေ အတက်အကျနှုန်း၊ အနိမ့်ဆုံး သတိပေးရေမှတ် အောက်ရောက်ရှိ မှုများမှာ သိသာစွာ များပြားလာပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂ဝ၁၅ခုနှစ်၊၂ဝ၁၆ခုနှစ်၊၂ဝ၁၇ခုနှစ် သုံးနှစ်ဆက်တိုက် ရေနည်းကာလအတွင်း အနိမ့်ဆုံး သတိပေးရေမှတ် အောက်သို့ ဆက်တိုက်ရောက်ရှိခဲ့ကြောင်း သိရသည်။

"ရေနည်းကာလမှာတော့ ရေယာဉ်တွေသွားလာဖို့ အဆင်ပြေအောင် သောင်တူးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်။ ရေနည်းသွားပေမယ့် ရေကလုံးသွားပြီး ရေလမ်းကြောင်းတစ်ခုတော့ ရှိပါတယ်။ ရေစူးများတာတွေ မသွားဖို့တော့ လိုပါတယ်။ အနိမ့်ဆုံး သတိပေးရေမှတ် ရောက်ရင်တော့ သောင်တင်တာတွေ မဖြစ်အောင် သတိပေးချက်နဲ့အတူ ရေစူးကန့်သတ်ချက်တွေ ထုတ်ပြန်ပေးသွားမယ်"ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။

မြစ်ရေနည်းကာလတွင် မြစ်အတွင်းသွားလာသည့် ရေယာဉ်များအနေဖြင့် ရေကြောင်းကျပ်ခြင်း၊ သောင်တင်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြစ်အတွင်း သောင်တူးပေးခြင်း၊ ရေလမ်းညွှန် အမှတ်အသား များချထားခြင်းတို့ကို နှစ်စဉ်ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

#Themyawadydaily

တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သွားရောက် လုပ်ကိုင်မည့် လူ ၁၇ ဦးကို ပူးပေါင်းအဖွဲ့က အချိန်မီ တားဆီးနိုင်ခဲ့



မန္တလေး ၂၆-၂-၂ဝ၁၈

တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သွားရောက် လုပ်ကိုင်မည့် ရွာသူ၊ရွာသား ၁၇ဦးကို ပုသိမ်ကြီးမြို့နယ် အေးရှားဝေါ တိုးဂိတ်အနီး မှန်လုံအမြန်ယာဉ်ပေါ်မှ ပူးပေါင်းအဖွဲ့က အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း အုန်းချောနယ်မြေ ရဲစခန်းမှ သိရသည်။

အမှတ် (၁၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်စု (မန္တလေး)မှ ရဲမှူးမျိုးဇင်နှင့်အဖွဲ့၊ အုန်းချောနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မြင့်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ ဖေဖော်ဝါရီ၂၄ရက် ည၇နာရီက ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ အေးရှားဝေါတိုးဂိတ် အတက်လမ်းတွင် စောင့်ဆိုင်းနေစဉ် မြင်းခြံမြို့မှ မူဆယ်မြို့သို့ ယာဉ်မောင်းဦးစန်းနိုင် ရှင်မကန်ကျေးရွာ ပခုက္ကူမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY/----WINNER မှန်လုံ အမြန်ယာဉ်ကို ရပ်တန့်စစ်ဆေး ခဲ့သည်။

ထိုသို့ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဇေယျကျော် သာပေါင်းကြီးကျေးရွာ မိပေါက်အုပ်စု တောင်သာမြို့နေသူပါ အမျိုးသား ၁၄ ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ၁၇ ဦးသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် အတွက်လမ်းစရိတ် တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီစု၍ မူဆယ်မှတစ်ဆင့် မိမိတို့အစီအစဉ်ဖြင့် သွားရောက်ကြမည်ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ၎င်းတို့၁၇ဦးကို အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်စု (မန္တလေး) မှ ရဲမှူးမျိုးဇင်၊အုန်းချောနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မြင့်တို့က အုန်းချောနယ်မြေ ရဲစခန်းသို့ ခေါ်ယူတွေ့ဆုံပြီး ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လိုပါက တရားဝင်သွားရောက် လုပ်ကိုင်ရန်၊ တရားမဝင်သွားရောက် လုပ်ကိုင်ပါက တွေ့ကြုံရမည့် လူမှုဒုက္ခဖြစ်စဉ်များ၊ ဆိုးကျိုးများ၊ မှုခင်းဖြစ်စဉ်များကို အသိပညာပေး ဟောပြောပြီး တောင်သာ မြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

ညောင်လေးပင်မြို့ မြို့မ (၃) ရပ်ကွက်တွင် ခရစ်ယာန်သင်္ချိုင်း ဝင်းအတွင်း လျှပ်စစ်ဝိုင်ယာ ရှော့ခ်ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်



ညောင်လေးပင် ၂၆-၂-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ (၃)ရပ်ကွက် ခရစ်ယာန်သင်္ချိုင်းဝင်း အတွင်း၌ လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

ခရစ်ယာန် သင်္ချိုင်းအတွင်း၌ နေထိုင်သူ ဦးအေးငွေ (ဘ) ဦးအေးထွန်း၏ နေအိမ်ပေါ်တွင် ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီ မိနစ် ၃ဝ ခန့်က သွယ်တန်းထားသည့် အနီအနက်ဝိုင်ယာကြိုး အပူလွန်ကဲရာမှ ရှော့ခ်ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း၊ အိမ်တစ်လုံးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

မီးလောင်ရာသို့ ညောင်လေးပင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ကားသုံးစီးနှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးသိန်းထိုက် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ လာရောက်၍ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ည ၉ နာရီမိနစ်၂ဝတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ အေးငွေကို ညောင်လေးပင်မြို့မရဲစခန်းက (ပ) ၉၃/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

သီပေါမြို့နယ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသော မော်တော်ယာဉ်များ သိမ်းဆည်းရမိ



နေပြည်တော် ၂၆-၂-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ရက် ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်တွင် မန်ပင့်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂ဝဝ ခန့်အကွာ၌ ရပ်ထားသော NISSAN UD အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ SHN 9B/---နှင့် NISSAN အမျိုးအစား ၁၂ ဘီး ယာဉ်အမှတ်၊ SHN 8D/-----တို့ကိုတွေ့ရှိရပြီး ယာဉ်များ အပေါ်တွင် တင်ဆောင်ထားသောသစ်မျိုးစုံ ၂၅တန်ခန့်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်များနှင့် တရားမဝင်သစ်များကို နမ့်လန်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

ရေသန့်လုပ်ငန်းများတွင် မြန်မာနိုင်ငံရေသန့် လုပ်ငန်းရှင်များ အသင်းမှ ထောက်ခံချက် ပေးထားသော စတေကာများကပ်ရန် ဆောင်ရွက်



ရန်ကုန် ၂၆-၂-၂ဝ၁၈

ပြည်တွင်း၌ ထုတ်လုပ်ရောင်းချ နေသည့် ရေသန့်မျိုးစုံအနက် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ရေသန့်လုပ်ငန်းများကို မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင် များအသင်းမှ ထောက်ခံချက်ပေးထားသော စတေကာများ ကပ်ပေးရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရဲထွဋ်ဦးထံမှ သိရသည်။

ပြည်တွင်း၌ လက်ရှိ ထုတ်လုပ် ရောင်းချနေသည့် ရေသန့်လုပ်ငန်း ၆ဝဝ ကျော်သည် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ထောက်ခံချက် ရယူ၍ ထုတ်လုပ်နေပြီး စားသုံးသူ ရေးရာဦးစီး ဌာနသည် ရေသန့်ထုတ်လုပ်ရေး လုပ်ငန်းများတွင် လိုအပ်သည့် ထောက်ခံချက်များ ရှိ၊ မရှိ စစ်ဆေးကာ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိကို FDA က စစ်ဆေးခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

''စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ရေသန့်လုပ်ငန်းတွေကို မြန်မာနိုင်ငံ ရေသန့်လုပ်ငန်း ရှင်များအသင်းက ထောက်ခံချက် ပေးထားတယ်ဆိုတဲ့ အသိအမှတ်ပြု စတေကာလေးတွေ ကပ်ပေးဖို့ လုပ်နေတာရှိပါတယ်။ သုံးစွဲသူတွေ ပိုပြီးစိတ်ချလက်ချ ဖြစ်အောင်လို့ပါ'' ဟု ဦးရဲထွဋ်ဦးက ပြောသည်။

ထို့ပြင် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ရေသန့်လုပ်ငန်းများကို စာရင်းကောက်ယူ ထားခြင်းမရှိသော်လည်း တစ်နိုင်ငံလုံး၌ ရေသန့်လုပ်ငန်း ၂ဝဝဝ မှ ၃ဝဝဝ ကြားရှိနိုင်ပြီး အိမ်သုံးရေသန့် ၂ဝ လီတာဘူးခွံများကို နိုင်ငံတကာ စံချိန်စံညွှန်းအရ တစ်နှစ်သာ အသုံးပြုရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ တစ်နှစ်မက အသုံးပြုနေကြောင်း မြန်မာနိုင်ငံရေသန့် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။



#Themyawadydaily

ဆန်စပါးဥပဒေ ရေးဆွဲနေပြီး ယခုနှစ်အတွင်း ထွက်ရှိလာနိုင်မည်ဟု မျှော်မှန်း




ရန်ကုန် ၂၆-၂-၂ဝ၁၈

မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးဥပဒေ ရေးဆွဲနေပြီး ယခုနှစ်အတွင်း ထွက်ရှိလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

''ဆန်စပါးနဲ့ ပတ်သက်လို့ လက်ရှိက တခြားဥပဒေနဲ့ သွားနေတာပါ။ ဒီအတွက် သီးခြားဆန်စပါး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဆန်စပါးလုပ်ငန်း ကဏ္ဍတွေ ပိုစနစ်ကျအောင် ဥပဒေနဲ့ အညီလုပ်နိုင်ဖို့ မြန်မာ့ဆန်စပါး ဥပဒေတစ်ရပ် ရေးဆွဲနေပါတယ်'' ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သည် ပညာရှင်များနှင့် ပူးပေါင်း၍ မြန်မာ့ဆန်စပါး ဥပဒေကို ပြီးခဲ့သည့်နှစ်မှ စတင်ရေးဆွဲခဲ့ပြီးယခု မူကြမ်းအဆင့်ထိ ပြီးစီးပြီးဖြစ်ကာ ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ပထမအဆင့် မူကြမ်း၊ ဒုတိယ အဆင့်မူကြမ်း၊ တတိယအဆင့် မူကြမ်းပြီးစီးပါက ပြည်သူသို့ ချပြပေးမည် ဖြစ်ကြောင်း သိရသည်။

''အခုလို ဥပဒေပြဋ္ဌာန်းနိုင်ဖို့က လွှတ်တော်ပိုင်းနဲ့ လည်းဆိုင်လို့ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နိုင်ငံတော်အစိုးရ နဲ့ပူးပေါင်းပြီး ပိုပြီးစနစ်ကျနိုင်အောင် ကြိုးစားနေပါတယ်။ အခုလိုတွေ ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မတ် ၆ ရက်မှာကျင်းပမယ့် မြန်မာ့ဆန်စပါး နှီးနှောဖလှယ်ပွဲမှာ ဒါတွေကိုချပြ ဆောင်ရွက်မှာပါ''ဟု ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် ဆန်အရောင်းအဝယ် များလာသည်နှင့်အမျှ လူအများစု ပါဝင်ပတ်သက်လာပြီး ဆန်အရည်အသွေး လိမ်လည်ခြင်း၊ မမှန်မကန် စည်းကမ်း ဖောက်ဖျက်ခြင်းများ ရှိလာနိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေသည့် ကိစ္စရပ်များမှာ နှေးကွေးနိုင်သဖြင့် ဆန်စပါးနှင့် ပတ်သက်သော ဥပဒေတစ်ရပ်ကို ဆောင်ရွက်ရန် စီစဉ်ရေးဆွဲရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေတွင် သီးနှံအာမခံစနစ်၊ သိုလှောင်ရုံအာမခံစနစ်၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ်၊ တောင်သူလယ်သမား အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၊ စက်ပိုင်ကုန်သည်များ လိုအပ်မည့်ကိစ္စများ၊ စိုက်ပျိုးချိန်မှ တင်ပို့ရောင်းချ နိုင်သည်အထိ နောက်ဆုံး စားသုံးသူပြည်သူများ အထိပါ လက်လီလက်ကား ရောင်းချသည့် ပုံစံများကို ဥပဒေမှစ၍ စနစ်တကျ မှတ်ပုံတင်နိုင်စေရန် ပါရှိမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ညောင်ပင်ကြီးစု ကျေးရွာရှိ ရှေးဟောင်း စေတီတော်များအား ဆီမီး ၃ဝဝဝ၊ ပန်း ၃ဝဝဝ ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ




နေပြည်တော် ၂၆-၂-၂ဝ၁၈

နေပြည်တော် အသိုင်းအဝိုင်းအဖွဲ့က ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီတော် များအား ပထမအကြိမ် ဆီမီး ၃ဝဝဝ၊ ပန်း
၃ဝဝဝ ကပ်လှူပူဇော်ပွဲကို ယနေ့ညနေ ၅ နာရီခွဲတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်များက ရှေးဟောင်း စေတီတော်များအား ပန်း ၃ဝဝဝ ကပ်လှူပူဇော်ကာ သိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တစက္ကဏ္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကဆီမီး ၃ဝဝဝ ကို စတင်မီးထွန်းညှိ ပူဇော်ပေးသည်။

ဆက်လက်၍ နေပြည်တော် အသိုင်းအဝိုင်း အဖွဲ့က ဦးဆောင်၍ ဆီမီးထွန်းညှိ ပူဇော်ကြသည်။ ထို့နောက် ညောင်ပင်ကြီးစု ကျေးရွာဝတ်ရွတ်အသင်းက အဘိဓမ္မာတရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။ ဆီမီးပူဇော်ပွဲသို့လာရောက် ကြသူများအား အလှူရှင်များက စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးသည်။

ယင်းသိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီ တော်များအား မြန်မာသက္ကရာဇ် ၁၂၂ဝ ပြည့်နှစ် ကတည်းက တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ပြီး နှစ်ကာလကြာမြင့်ကာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသော စေတီပုထိုး ၅၄ ဆူကို ရှေးမူမပျက်ပြန်လည် မွန်းမံပြင်ဆင်ထားကြောင်း သိရသည်။

#Themyawadydaily

ဆောင်းအကုန် နွေအကူး နွေဦးကာလ ဖြစ်သော်လည်း အအေးဓာတ် ရှိနေသေးခြင်းကြောင့် နေပြည်တော်ရေပူစမ်း၌ အပန်းဖြေသူများ စည်ကားလျက်ရှိ



နေပြည်တော် ၂၆-၂-၂ဝ၁၈

ယခုကာလသည် ဆောင်းအကုန် နွေအကူးဖြစ်သည့် နွေဦးကာလရောက်ရှိပြီ ဖြစ်သော်လည်း အအေးဓာတ် မကုန်သေးသည့်အတွက် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါရေပူစမ်း အပန်းဖြေ စခန်းသို့ လာရောက်သူများသည် ရေပူစိမ်သူများ၊ လာရောက် လေ့လာသူများနှင့် အပန်းဖြေလိုသူများ ဖြစ်ကြပြီး မိသားစုလိုက် သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း အနေဖြင့် သော်လည်းကောင်း လာရောက်ကြခြင်း ဖြစ်သည်။

ရေပူစမ်းမှ ထွက်ရှိသောရေသည် အပူချိန် ၉၈ ဒီဂရီစင်တီဂရိတ် ရှိပြီး တစ်နာရီလျှင်ဂါလန် ၈ဝဝဝ မှ ၁ဝဝဝဝ အထိထွက်ရှိကာ ကြက်ဥများကို သုံးမိနစ်ခန့် ရေပူတွင်စိမ်၍ စားနိုင်သည်။

''ရေပူကန်ထဲကို စိမ်လိုက်တာနဲ့ အညောင်းအညာတွေ ပြေသွားတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွ သွားသလိုခံစားရတယ်။ ဆောင်းရာသီဆိုရင်တော့ ပိုပြီးစိမ်လို့ ကောင်းတယ်။ အခုရာသီက နွေဦးပေါက်ကာလဖြစ်ပေမယ့်လည်း အအေးဓာတ် မကုန်သေးတော့ ရေကစိမ်လို့ ကောင်းနေတုန်းပါပဲ''ဟု ရေပူစမ်းတွင် အပန်းဖြေသူ မခိုင်မာမာလင်းက ပြောသည်။

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌ သဘာဝအလျောက် ရေပူများထွက်ရှိသော နေရာသုံးခုရှိပြီး ဝန်ဆောင်ခအနေဖြင့် လူတစ်ဦး ငွေကျပ် ၅ဝဝ၊ ကားတစ်စီး ငွေကျပ်၂ဝဝဝ၊ ဆိုင်ကယ်တစ်စီး ငွေကျပ် ၅ဝဝ ကောက်ခံပြီး ပြင်ပစုပေါင်း ရေစိမ်ကန်တွင် အခကြေးငွေမယူဘဲ သီးခြားရေစိမ်ကန်များတွင် တစ်ဦးလျှင် တစ်နာရီ ငွေကျပ် ၁ဝဝဝ နှုန်းကောက်ခံ၍ သီးခြားအခန်းများတွင် အဝတ်လဲခန်း၊ အဝတ်လှန်းစင်၊ ရေချိုးဆပ်ပြာ၊ သန့်စင်ခန်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အပန်းဖြေသူများ အနေဖြင့် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်၂၇၁/၄ မိုင်ရှိ ကင်းသာလမ်းခွဲမှ ပင်လောင်း လမ်းအတိုင်းသွားပြီး ကင်းသာမှ ၂၁ မိုင်ရှိ ကိုးကွေ့ရွာသို့ ရောက်ရှိလျှင် ယင်းကျေးရွာအနီးရှိ ရေတံခွန်၌ လည်းကောင်း၊ တောင်ကျရွာအလွန်ရှိ မိုင် တိုင်အမှတ် ၂၄/၄ မှ လမ်းခွဲအတိုင်း ၁ မိုင် ၆ ဖာလုံခန့် ကတ္တရာလမ်း အတိုင်းသွားလျှင် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌ လည်းကောင်း အပန်းဖြေနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၆-၂-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၆-၂-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၆-၂-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၆-၂-၂ဝ၁၈)

Download Links