Pages

Tuesday, February 27, 2018

မန္တလေးမြို့တွင် ရေခဲစက်မှ အမိုးနီးယား ယိုစိမ့်မှုကြောင့် အနီးရှိနေအိမ်များမှ လူ ၂၅ ဦး မူးဝေအော့အန်မှု ဖြစ်ပွား



မန္တလေး ၂၇-၂-၂ဝ၁၈

မန္တလေး အောင်မြေသာစံ မြို့နယ် ဘုန်းတော် တိုးရပ်ကွက်ရှိ ရေခဲစက်မှ ဖေဖော်ဝါရီ ၂၅ရက် ည ၈ နာရီ ၄၅မိနစ်က အမိုးနီးယားယိုစိမ့် ပျံ့နှံ့မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များမှ လူ ၂၅ဦး မူးဝေအော့အန် ခြင်းများ ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။

ဘုန်းတော်တိုး ရပ်ကွက်ရှိ မိဘမေတ္တာရေခဲစက်မှ အမိုးနီးယား ယိုစိမ့်ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး မူးဝေအော့အန်သူများကို မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့ကာ လူနာများမှာ စိုးရိမ်ရသည့် အခြေအနေ မရှိခြင်းကြောင့် ညတွင်းချင်းဆေးရုံမှ ပြန်လည်ဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။

"မူးဝေအော့အန်တဲ့ သူတွေကို အနံ့မပျောက်သေးတဲ့အတွက် ရပ်ကွက်ဓမ္မာရုံမှာပဲ တစ်ညရှောင်ခိုင်းပြီး နေရာချပေးခဲ့ပါတယ်။ စည်ပင်သာယာရေး ကော်မတီဝင်တွေနဲ့ ဌာနက တာဝန်ရှိသူတွေလဲ လိုအပ်တာတွေ ဆောင်ရွက် ပေးခဲ့ပါတယ်။ ရေခဲစက်ကိုတော့ ပိတ်သိမ်းဖို့ ညွှန်ကြားထားပြီး ဆက်ပြီးအရေးယူ သွားမှာပါ"ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောပြသည်။

ယနေ့တွင် အမိုးနီးယားယိုစိမ့် ပျံ့နှံ့မှုကင်းစင်သွားပြီဖြစ်ပြီး အမိုးနီးယား ယိုစိမ့်ပျံ့နှံ့ခဲ့သည့် မိဘမေတ္တာ ရေခဲစက်ကို ပိတ်သိမ်းရန် ညွှန်ကြားထားကာ သက်ဆိုင်ရာဌာနများ၏ စစ်ဆေးမှုပြုလုပ်၍ ခွင့်ပြုချက်ရမှသာပြန်လည်ဖွင့်လှစ် ခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment