Pages

Wednesday, February 28, 2018

အုန်းသီးပွဲရုံများ ဈေးကွက်ကျဆင်းနေ၍ ချင့်ချိန်ကာ ကုန်မှာယူနေရ



ရန်ကုန် ၂၈-၂-၂ဝ၁၈

အုန်းသီးပွဲရုံ လုပ်ငန်းများ အနေဖြင့် လက်ရှိတွင် ဈေးကွက်ကျဆင်း လျက်ရှိရာ ထပ်မံဝင်ရောက်လာမည့် ကုန်များအတွက် ချင့်ချိန်မှာယူပြီး လုပ်ကိုင်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာကုန်စည်ဒိုင်မှ သိရသည်။

အုန်းသီးဈေးကွက်အတွင်း ယခုနှစ် နှစ်ဆန်းပိုင်းက အနည်းငယ် အရောင်းအဝယ် ကောင်းသော်လည်း ယင်းကာလနောက်ပိုင်းမှ ယခုအချိန်ထိ ဈေးကွက် ကျဆင်းနေရာ အရောင်းအဝယ် နည်းပါးလာခဲ့သည်။

''ဒိုင်တွေမှာ အုန်းသီးတွေ အများကြီးပုံနေရင် ရှုံးတာပေါ့။ ကြာရင်ပုပ်သွားတော့ သုံးမရတော့ဘူးလေ။ ကုန်သည်တွေကတော့ များများပို့နိုင်လေ သူတို့အတွက် အကျိုးအမြတ်များများ ရလေဆိုတော့ တင်ပို့ကြတယ်။ ဒါပေမဲ့ ဒိုင်သမားတွေ အတွက်ကျတော့ ကိုယ်ရောင်းချနိုင်မယ့် အခြေအနေ တွေပေါ်မူတည်ပြီး ချိန်ဆနေရတာပေါ့''ဟု ဗားကရာကုန်စည် ဒိုင်ဥက္ကဋ္ဌ ဦးအောင်တင် ကပြောသည်။

ရန်ကုန်မြို့ ဗားကရာကုန် စည်ဒိုင်သို့ မြစ်ဝကျွန်းပေါ် ဒေသမှထွက်ရှိသည့် အုန်းသီးများ တင်ပို့ကြကြောင်းနှင့် တင်ပို့ထားသည့် အုန်းသီးများကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများသို့ ပြန်လည် ဖြန့်ဖြူးရောင်းချ ကြကြောင်း သိရသည်။

အုန်းသီးဈေးကွက်တွင် ဆွဲအုန်းမှာ ဒိုင်တွင် နှစ်ရက်သုံးရက် ထားသည့်အခါ ကြွက်မြီးများ ညိုလာတတ်သောကြောင့် အရောင်းအဝယ် မဖြစ်တော့ဘဲ အခွံချွတ်အုန်းအဖြစ်သာ အခွံချွတ်၍ ရောင်းကြရပြီး တစ်လုံးလျှင် ဒိုင်ဈေး ငွေကျပ် ၆ဝဝ မှ ၆၅ဝ ကြားရှိသကဲ့သို့ အခွံချွတ်အုန်းမှာ ငွေကျပ် ၃ဝဝ မှ ၄ဝဝ ကြားရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment