Pages

Monday, February 26, 2018

ရေသန့်လုပ်ငန်းများတွင် မြန်မာနိုင်ငံရေသန့် လုပ်ငန်းရှင်များ အသင်းမှ ထောက်ခံချက် ပေးထားသော စတေကာများကပ်ရန် ဆောင်ရွက်



ရန်ကုန် ၂၆-၂-၂ဝ၁၈

ပြည်တွင်း၌ ထုတ်လုပ်ရောင်းချ နေသည့် ရေသန့်မျိုးစုံအနက် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ရေသန့်လုပ်ငန်းများကို မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင် များအသင်းမှ ထောက်ခံချက်ပေးထားသော စတေကာများ ကပ်ပေးရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရဲထွဋ်ဦးထံမှ သိရသည်။

ပြည်တွင်း၌ လက်ရှိ ထုတ်လုပ် ရောင်းချနေသည့် ရေသန့်လုပ်ငန်း ၆ဝဝ ကျော်သည် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ထောက်ခံချက် ရယူ၍ ထုတ်လုပ်နေပြီး စားသုံးသူ ရေးရာဦးစီး ဌာနသည် ရေသန့်ထုတ်လုပ်ရေး လုပ်ငန်းများတွင် လိုအပ်သည့် ထောက်ခံချက်များ ရှိ၊ မရှိ စစ်ဆေးကာ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိကို FDA က စစ်ဆေးခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

''စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ရေသန့်လုပ်ငန်းတွေကို မြန်မာနိုင်ငံ ရေသန့်လုပ်ငန်း ရှင်များအသင်းက ထောက်ခံချက် ပေးထားတယ်ဆိုတဲ့ အသိအမှတ်ပြု စတေကာလေးတွေ ကပ်ပေးဖို့ လုပ်နေတာရှိပါတယ်။ သုံးစွဲသူတွေ ပိုပြီးစိတ်ချလက်ချ ဖြစ်အောင်လို့ပါ'' ဟု ဦးရဲထွဋ်ဦးက ပြောသည်။

ထို့ပြင် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ရေသန့်လုပ်ငန်းများကို စာရင်းကောက်ယူ ထားခြင်းမရှိသော်လည်း တစ်နိုင်ငံလုံး၌ ရေသန့်လုပ်ငန်း ၂ဝဝဝ မှ ၃ဝဝဝ ကြားရှိနိုင်ပြီး အိမ်သုံးရေသန့် ၂ဝ လီတာဘူးခွံများကို နိုင်ငံတကာ စံချိန်စံညွှန်းအရ တစ်နှစ်သာ အသုံးပြုရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ တစ်နှစ်မက အသုံးပြုနေကြောင်း မြန်မာနိုင်ငံရေသန့် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။



#Themyawadydaily

No comments:

Post a Comment