www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

စစ်ကိုင်းတိုင်းဒေသကြီး ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ၁ဝဝ စတုရန်းကီလိုမီတာ၌ အင်းကျားတစ်ကောင်မှ သုံးကောင်ထိ နေထိုင်ကျက်စား နေကြောင်းတွေ့ရ



စစ်ကိုင်း ၂၁-၁၂-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ၁ဝဝ စတုရန်းကီလိုမီတာလျှင် အင်းကျားတစ်ကောင်မှ သုံးကောင်ထိ နေထိုင်ကျက်စားလျက် ရှိသည်ကိုတွေ့ရှိရကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ်၌ အဆိုပါ ဘေးမဲ့တော၏ အနောက်ဘက်ခြမ်း ဧရိယာနှင့်၂ဝ၁၅-၂ဝ၁၆ခုနှစ်တွင် အနောက်ဘက်ခြမ်း ဧရိယာများတွင် အလိုအလျောက် ရိုက်ကင်မရာ ထောက်ချောက်အလုံး ၁၆ဝ ဖြင့်ရက်ပေါင်း ၉ဝ ကြာ သုတေသန ပြုလုပ်ခဲ့ရာမှ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် အင်းကျားသုံးကောင်ထိ ကျက်စားနေခြင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အင်းကျားတွေက ရွက်အုပ်ကောင်းပြီး သဘာဝတောတွေ ကောင်းမွန်တဲ့ သစ်တောတွေမှာ နေထိုင်ကျက်စားပြီးတော့ ရှင်သန်ပေါက်ဖွားကြတယ်။ ဒီလိုမျိုးရွက်အုပ်ကောင်းတဲ့ ပင်မြင့်သစ်ပင်ကြီးတွေ မရှိရင် အင်းကျားတွေနေဖို့ အခက်အခဲရှိပါတယ်။ ဒီအင်းကျားတွေကို မြန်မာနိုင်ငံရဲ့အနည်းဆုံး ၁၅ နေရာလောက်မှာ ကျက်စားနေတာကို သုတေသနမှတ်တမ်းတွေအရ သိရပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

အင်းကျားမျိုးစိတ်များ နေထိုင်ကျက်စားသည့် ဟိမဝန္တာတောင်တန်းပေါ်ရှိ နီပေါနိုင်ငံမှစ၍ အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ နိုင်ငံများ၊ အလယ်ကျွန်းနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအဆုံး အင်းကျား သုတေသနများကို ပြုလုပ်ခဲ့ကြပြီးမြန်မာနိုင်ငံသည်လည်း ၎င်းနယ်မြေများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၏ အကျယ်အဝန်းသည် ၂၁၅၁စတုရန်း ကီလိုမီတာကျယ်ဝန်းကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger