www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 19, 2017

မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းရန် ကြံစည်သူကို စစ်ဆေးရာမှ အခြားဆိုင်မှ ခိုးယူခဲ့သည့် ဖုန်းမျိုးစုံ ၆၁လုံးပြန်လည်သိမ်းဆည်းရမိ



မုံရွာ ၁၉-၁၂-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလယ်ရပ်ကွက်ရှိ မိုဘိုင်းဖုန်း ဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းရန် ကြံစည်သူတစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးရာမှ အခြားဖုန်းဆိုင်တစ်ဆိုင်မှ ခိုးယူခဲ့သည့် ဖုန်းမျိုးစုံ ၆၁လုံးကို ပြန်လည်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းလင်း၏ ပြောကြားချက်အရ သိရသည်။

ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သော မိုဘိုင်းဖုန်းမျိုးစုံသည် စက်တင်ဘာ ၈ ရက်က ဖောက်ထွင်းခိုးယူခံခဲ့ရ ခြင်းဖြစ်ပြီး Samsung အမျိုးအစား ဟန်းဆက် ၁ဝလုံး၊ Sintech အမျိုးအစားဟန်းဆက် ကိုးလုံး၊ Gionee အမျိုးအစား ဟန်းဆက် သုံးလုံး၊ Hello အမျိုးအစားဟန်းဆက် သုံးလုံး၊ Vivo အမျိုးအစား ဟန်းဆက်ငါးလုံး၊ Oppo အမျိုးအစားဟန်းဆက် ခုနစ်လုံး၊ Ivvi အမျိုးအစားဟန်းဆက် ခြောက်လုံးနှင့် အခြားဟန်းဆက်မျိုးစုံ ၁၈လုံး စုစုပေါင်း ၆၁ လုံးတို့ ပျောက်ဆုံးခဲ့သဖြင့် အမှတ် (၂) ရဲစခန်းတွင် (ပ)၆၂၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ ဖြင့်အမှုဖွင့် လှစ်ထားခဲ့သည့်ဖြစ်စဉ်မှ ခိုးယူခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

''ပြစ်မှုကျူးလွန်သူကို မုံရွာမြို့မြို့မ ရဲစခန်းပိုင် နယ်မြေထဲမှာ ဖမ်းမိတာပါ။ အဓိကဖော်ထုတ်ရရှိတာ ကတော့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြစ်မှုကျူးလွန်သူကိုစမိတယ်။ အမှုနဲ့ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးထားပါတယ်။ ဖုန်းမျိုးစုံ ၅၇ လုံးနဲ့ ငွေစက္ကူရောရာ ငွေကျပ် ၃၄၅ဝဝဝ ရယ်၊ ဖုန်းခိုးယူစဉ်က အသုံးပြုခဲ့တဲ့ဆိုင်ကယ်ကို သိမ်းဆည်းရမိပြီးပါပြီ။ ငွေသားတွေက ခိုးတဲ့ဖုန်းတွေကို သွားရောင်းတဲ့ ဆိုင်က ဖုန်းပြန်သိမ်းဆည်းတဲ့အခါမှာ ဖုန်းတွေက ရောင်းလိုက်တဲ့ အတွက် ဖုန်းရောင်းလို့ရတဲ့ ငွေသားတွေပြန်အပ်တဲ့ အတွက် ထည့်ပေးထားတာပါ။ ငွေတွေပါထည့်တွက် မယ်ဆိုရင် ဖုန်းဆိုင်က ပျောက်တဲ့ ဖုန်း ၆၁ လုံးစာအကုန်ပြန်ရတဲ့ သဘောပါ။အခြားဖုန်း အရောင်းဆိုင်မှာ နောက်ထပ်ခိုးဖို့ လုပ်တဲ့အချိန်မှာ လှည့်ကင်းအဖွဲ့နဲ့ သွားတိုးပြီး ဖမ်းမိတယ်။ အဲဒီကမိတဲ့ ပြစ်မှုကျူးလွန်သူကို အရင်ပျောက်တဲ့ ဆိုင်က စီစီတီဗွီနဲ့ တိုက်စစ်လိုက် တဲ့အခါမှာ ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီကနေ့မှာတော့ ပျောက်ဆုံးတဲ့ပစ္စည်းအားလုံး ဖော်ထုတ်ရမိပါပြီ''ဟု မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောပြသည်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ မိုးမင်း (ဘ) ဦးဆန်းဝင်း ပြည်တော်သာရပ်ကွက် မုံရွာ မြို့နေသူကို မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ကျောက္ကာ မီးပွိုင့်အနီးတွင် ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက ဖောက်ထွင်းရန် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မြို့မရဲစခန်း၏ လှည့်ကင်းအဖွဲ့က မသင်္ကာဖွယ် တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာမှ ဆက်စပ်ဖော်ထုတ်ရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ မိုးမင်း (ဘ) ဦးဆန်းဝင်းနှင့်အတူ ပါဝင်ပတ်သက်ခဲ့သည့် မယားညီအစ်ကိုဖြစ်သူ ကျော်ဇေယျာအောင် (ခ) ဇေယျာနှင့် ယောက်ဖဖြစ်သူ အောင်ပြည့်ဖြိုးတို့သုံးဦးကို အမှတ် (၂) ရဲစခန်းတွင် (ပ)၆၂၈/ ၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ ဖြင့် အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger