www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 24, 2017

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ NCA လက်မှတ်ရေးထိုးနိုင်ရေး သတ္တမအကြိမ်စည်းဝေး



ရန်ကုန် ၂၄-၁၀-၂၀၁၇

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး နိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား သတ္တမအကြိမ်မြောက် မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန-NRPC (ရန်ကုန်ရုံး) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေး ဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ ငြိမ်းချမ်းရေးကော်မရှင် (PC) ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က NCA စတင်ဖြစ်ပေါ်လာခြင်းသည် ပြီးခဲ့သည့်အစိုးရ လက်ထက်မှစတင်ကာ အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဟူ၍ ဖွဲ့စည်းပြီး တစ်ဖွဲ့ချင်းစီအလိုက် ငြိမ်းချမ်းရေး ရရှိရန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအပေါ် တစ်ဖွဲ့ချင်းစီအလိုက် ဆောင်ရွက်ခြင်းထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အား လုံးပါဝင်လာနိုင် သော မူဘောင်တစ်ခုကို အခြေခံရေးဆွဲကာ ငြိမ်းချမ်းရေး တည်ဆောက်လျှင် ပိုမိုကောင်းမွန်နိုင်သဖြင့် ယင်းအစီအစဉ်အား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုလာမှုကို အစိုးရကလက်ခံခဲ့ပြီး အချိန်ယူကာ မတူ ကွဲပြားသော သဘောထား အမြင်များကို သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် သဘောတူနိုင်စေရန်၊ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်လိုက်ပေါ်လိုက် မဖြစ်ပွားစေရန် အကျေအလည်ညှိနှိုင်း ဆွေးနွေးခဲ့ရာမှနိုင်ငံရေး ကိုအခြေခံသော NCA စာချုပ်ပေါ် ထွက်လာခဲ့ကြောင်း၊ NCA သည် ငြိမ်းချမ်းရေး၏ ပန်းတိုင်မဟုတ်ကြောင်း၊ NCA သည် ငြိမ်းချမ်းရေး၏ မုခ်ဦးတံခါး ဝင်ပေါက်အစသာ ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အားလုံးပါဝင်ကာ ညှိနှိုင်းတိုင်ပင်ပြီး ရှေ့ဆက် သွားရန်လိုကြောင်း၊ NCA အတွက် ပြင်ဆင်မှုများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ပြင်ဆင်ဖြည့်စွက် နိုင်ကြောင်း၊ ယင်းကြောင့် NCA ပြင်ပမှ ပြင်ဆင်မှုနှင့်ပတ်သက်၍ ပြောနေမည့်အစား NCA အဝန်းအဝိုင်းအတွင်းဝင်ရောက်ကာ ညီညွတ်မျှတစွာ တိုင်ပင်ဆွေးနွေး စေလိုကြောင်း၊ အခြားသော NCA လက်မှတ်ရေးထိုးပြီး EAOs များသည်လည်း ထိုနည်းတူ သဘောထားများရှိကြောင်း၊ NCA တံခါးကိုအမြဲ ဖွင့်ထားကြောင်း၊ PC နှင့် DPN တို့အကြား အလွတ်သဘော ဆွေးနွေးမှုများ သည်လည်း အကြိမ်ပေါင်း မြောက်မြားစွာရှိကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် သဘောထားများ ထဲထဲဝင်ဝင် သိရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်သော အချက်များအပေါ် တပ်မတော်အနေဖြင့် မဟာဗျူဟာ သတ်မှတ်ပေးထားသည့်အတိုင်း အစဉ်တစိုက်လိုက်နာ ဆောင်ရွက်နေကြောင်း၊ NCA တွင်ပါဝင်သော အချက်များသည် ပြည့်စုံကြောင်း၊ NCA တွင်ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဟူ၍ နှစ်ပိုင်းရှိကြောင်း၊ ယင်းတို့တွင် လုပ်ထုံးလုပ်နည်း (SOP) များနှင့် လုပ်ငန်းလမ်းညွှန် (TOP) များ ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ သို့သော် NCA တွင် SOP နှင့် TOR များမရှိကြောင်း၊ NCA သည် အခြေခံဖြစ်ပြီး လက်တွေ့လုပ်ဆောင်လာသည့် အပိုင်းအား SOP/TOR များဖြင့် ဆုံးဖြတ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ JMC တွင် SOP/TOR ခေါင်းစဉ်အချက်ပေါင်း ၁၆ ခုရှိကြောင်း၊ ယင်းနှင့်ပတ်သက်၍ NCA ပါအခြေခံအချက်များကို သဘောမတူလျှင် TOR နှင့် SOP များအားပြင်ဆင်နိုင်ကြောင်း၊ အလားတူ NCA ပါအခြေခံအချက်များအပေါ် အချို့သောအချက်များကို ညှိနှိုင်းဆောင်ရွက်၍ရကြောင်း၊ယင်းအပေါ် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများရှိကြောင်း၊ NCA စာချုပ်အားအသုံးပြု အကောင်အထည်ဖော်မှုသည် ယခုအခါတွင် နှစ်နှစ်ခန့်သာရှိကြောင်း၊ လာမည့်ရက်သတ္တပတ်တွင် JMC နှင့်ပတ်သက်၍ အားသာချက် အားနည်းချက်များအပေါ် ပြန်လည်လေ့လာ သုံးသပ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း၊ ယင်းအပေါ် NCA ကိုအကောင်အထည် ဖော်သော SOP/TOR များကို ပြင်ကောင်း ပြင်ဆင်နိုင်ကြောင်း၊ NCA သည် အချိန်ယူ၍ မတူကွဲပြားသောအဖွဲ့အစည်း များအကြား အကျေအလည် ဆွေးနွေးထားသည့် သဘောတူညီမှု ဖြစ်သောကြောင့် ယနေ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ DPN နှင့်တွေ့ဆုံဆွေးနွေးမှုတွင် ယခုထက်တိုးတက်ကာ သဘောတူညီမှုရလိုကြောင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင်ခူဦးရယ်က PC နှင့် DPN တို့တွေ့ဆုံ ဆွေးနွေးမှုများတွင် တချို့သော ကိစ္စရပ်များသည် နှစ်ဖက်သဘောတူညီပြီး ဆုံးဖြတ်၍မရနိုင် သည့်ကိစ္စရပ်များ ရှိနေသည် ကိုသိရှိရကြောင်း၊ ယင်းကြောင့် နောက်တစ်ကြိမ် ပိုမိုကောင်းမွန်သော နည်းလမ်းသစ်တစ်ခုကို UPDJC သို့အဆိုပြုခဲ့ကြောင်း၊ ယခုအခါတွင် ဆွေးနွေးမှုများသည် မူလပုံစံသို့ပြန် လည်ရောက်ရှိ နေကြောင်း၊ မူလပုံစံသည် အဆိုပြုချက် (၈)ချက်တွင် NCA ၏ နောက်ဆက်တွဲ သဘောတူညီချက်အနေဖြင့် NCA ကိုပံ့ပိုးအားကောင်းစေသော သဘောတူညီမှုများဖြင့် နည်းလမ်းကောင်းများအဖြစ် ညှိနှိုင်း အဖြေရှာဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်ဆွေးနွေးမှုသည် နှစ်ဦးနှစ်ဖက် အလျှော့အတင်းသဘော တူညီမှုရရှိပြီး လမ်းကြောင်းပေါ်ရောက်ရှိ အောင်သွားလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က အဆိုပြုသော အချက် (၉) ချက်နှင့် ပတ်သက်၍လည်းကောင်း၊ NCA လက်မှတ်ရေးထိုး နိုင်ရေးကိစ္စများအားလည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။ PC နှင့် DPN တို့အကြား သတ္တမအကြိမ် ပထမနေ့အစည်းအဝေးတွင် UNFC ၏အဆိုပြုချက်နံပါတ် (၁)မှနံပါတ်(၄) အထိသည်ယခင် ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးသဘောတူ ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပြုချက်နံပါတ် (၅) အား ဆွေးနွေးရာတွင် ယင်းအချက်သည် တပ်နေရာပြန်လည် ချထားရေးကိစ္စရပ်များ ပါဝင်နေပြီး ယင်းအချက်နှင့် ပတ်သက်၍ခေါင်းဆောင် များအကြား အပြန်အလှန် ညှိနှိုင်းမှုရရှိကာ အခြေခံသဘောတူညီမှု ရထားပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသော အဆိုပြုချက် နံပါတ် (၆) နှင့် (၇)ကို ယနေ့ဆွေးနွေး နိုင်ခဲ့ကြောင်း၊ တောင်းဆိုချက်များတွင် မတူညီသောအချက်များအပေါ် နှစ်ဖက်နားလည်မှု ရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း ထိုနေ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သတင်းစာရှင်းလင်းပွဲ၌ ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ''မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တစ်ပိုင်းက အပစ်အခတ်ရပ်စဲရေးနဲ့ တစ်ပိုင်းက နိုင်ငံရေးဆွေးနွေးမှုဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ အချို့နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ TOR တိုင်းဖြစ်ချင်မှ ဖြစ်တာတွေလည်းရှိတယ်။ ဒါတွေကို အချိန်နဲ့အမျှ ပြန်လည်ပြင်ဆင်ရမယ့် အပိုင်းလေးတွေလည်းရှိတယ်။ DPN နဲ့ဆို ပထမတောင်းဆိုချက် (၈)ချက်ဆွေးနွေးတယ်။ ဒီ(၈)ချက်သဘောတူရင် NCA ထိုးမယ်ဆိုတဲ့ (၉)ချက်ဖြစ်သွားတယ်။ ဒါကို ကြိမ်ဖန်များစွာဆွေးနွေးတယ်'' ဟုပြောသည်။

ယခုအခါ PC နှင့် DPN တို့၏ NCA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုတွင် တောင်းဆိုချက် (၈)ချက်အား အကျေအလည် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။ ထိုဆွေးနွေးမှုသည် NCA စာချုပ်အား သွေဖည်သွားသည့် ဆွေးနွေးမှုများ မဖြစ်ပေါ်စေရန်နှင့် တောင်းဆိုချက်အချက် (၈)ချက်အား နှစ်ဖက်သဘောတူညီနိုင်စေရန် ဆွေးနွေးနေခြင်း ဖြစ်ကြောင်း၊ ယင်းအပေါ် နားလည်မှု၊ ယုံကြည်မှု၊ ချမှတ်ထားသည့် မူဝါဒများအပေါ် ညှိနှိုင်းရယူရသည့် အပိုင်းရှိနေသောကြောင့် အချိန်ကြာမြင့်မှု ဖြစ်ပေါ်နေကြောင်း၊ PC နှင့် DPN တို့၏ ငြိမ်းချမ်းရေးခရီးသည် ယနေ့အချိန်ထိ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းပေါ်တွင်ရှိနေပြီး ယခင်ထက်တိုးတက်မှုများ ရှိကြောင်း၊ ယခုနောက်ပိုင်း ဖြစ်စဉ်များသည် အောင်မြင်မှုရှိကြောင်း၊ တောင်းဆိုချက်အချက် (၈) ချက်သည် ဆွေးနွေးအောင်မြင်မှု သုံးပုံနှစ်ပုံကျော်ခန့် ဆွေးနွေးနိုင်ပြီးဖြစ်၍ ကျန်ရှိနေသေးသော အပိုင်းများကို အောက်တိုဘာ ၂၄ ရက်တွင်ပြုလုပ်မည့် အစည်းအဝေး ဒုတိယနေ့၌ ဆက်လက်ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger