www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 18, 2017

မင်းဘူးမြို့နယ်တွင် လျှော်ဖြူဈေးကောင်းနေ၍ လျှော်ဖြူစိုက် တောင်သူများ တိုးမြှင့် စိုက်ပျိုးလာ



မင်းဘူး ၁၈-၉-၂၀၁၇

မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်း လျှော်ဖြူ (ခေါ်) ဆေးကုလားမကို တရုတ်နိုင်ငံဘက်မှ အဝယ်လိုက်ကာ ဈေးကောင်းရနေသဖြင့် လျှော်ဖြူစိုက်တောင်သူများ ဧကတိုးမြှင့် စိုက်ပျိုးလာကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူးမြို့နယ် ရေပေါ်ကျေးရွာတွင် တောင်သူ ၁၄ ဦးက လျှော်ဖြူပင်စိုက်ဧက ၅၈ ဧကထိ စိုက်ပျိုးထားပြီး အခြားကျေးရွာများတွင်လည်း စတင်စမ်းသပ်စိုက်ပျိုး လာကြောင်း သိရသည်။

"လျှော်ဖြူပင်မျိုးဟာ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါတယ်။ ကိုင်းချိုးပြီး စိုက်လို့လဲရတဲ့ အပင်မျိုးပါ။ သုံးနှစ်သားလောက်ရှိလာရင် အစေးထုတ်ယူလို့ရပါတယ်။ အခုနောက်ပိုင်း တောင်သူတွေ အသိအမြင်ကျယ်လာပြီး ဧကလိုက် စိုက်ပျိုးလာကြပါတယ်။ နှစ်ရှည်ပင်ဖြစ်လို့ လျှော်ဖြူပင်စိုက်မယ်ဆို ၁ဝ ပေ၊ ပေ ၂ဝလိုင်းခြားပြီး စိုက်ရတယ်။ တစ်ဧကကို လျှော်ဖြူပင် ၂ဝဝထိစိုက်ပျိုးထားနိုင်တယ်"ဟု မင်းဘူးမြို့နယ် ရေပေါ်ကျေးရွာနေတောင်သူ ဦးညွန့်ဝင်းက ပြောပြ၍ သိရသည်။

ရေပေါ်ကျေးရွာမှာ လျှော်ဖြူပင်ကို နှစ်ရှည်ပင်အနေဖြင့် စိုက်ပျိုးသောတောင်သူ ၁၄ ဦးရှိပြီး ခုနစ်ဧကထိ စိုက်ပျိုးသည့်တောင်သူ ခုနစ်ဦး၊ နှစ်ဧကစိုက်တောင်သူ နှစ်ဦးနှင့် တစ်ဧကစိုက်တောင်သူ ငါးဦးရှိကြောင်း၊ ယာမြေကွင်းအမှတ် (၁၃၈၃) နှင့် (၁၃၈၂) တို့တွင် လျှော်ဖြူပင်ပေါင်း ၁၂၅ဝဝကျော်ထိ စိုက်ပျိုးထားရှိကြောင်း မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

လျှော်ဖြူ (ခေါ်) ဆေးကုလားမကို တရုတ်နိုင်ငံသို့ တင်ပို့ရန် မန္တလေးမြို့တွင် ဈေးကွက်အနေဖြင့် ရှိနေပြီး လျှော်ဖြူစေးအသန့်နှင့် အရောဟူ၍ ဈေးကွက်ဖွင့်ကာ ဝယ်ယူနေကြောင်း လျှော်ဖြူစေးကောက်ယူရောင်းချ နေသူများထံမှ သိရသည်။

"လျှော်ဖြူစေးကို မင်းဘူး၊ ငဖဲ၊ မင်းတုန်းနယ်တွေမှာ ထွက်ရှိနေပြီး ကျေးရွာတွေထိဆင်းကာ ဝယ်ယူပါတယ်။ အခုလက်ရှိ လျှော်ဖြူစေး အသန့်တစ်ပိဿာကို ငွေကျပ် ၁၅ဝဝဝနဲ့ လျှော်ဖြူစေးအရော (အညံ့)တစ်ပိဿာကို ငွေကျပ် ၁ဝဝဝဝဈေးနဲ့ ကောက်ယူနေပါတယ်။ လက်ထဲမှာ အချိန် ၁ဝ၊ ၁၅ ပိဿာလောက်ရရင် မန္တလေးက ဒိုင်တွေကို တင်ပို့ရောင်းချပါတယ်။ဒိုင်ဈေးကတော့ လျှော်ဖြူစေးအသန့် တစ်ပိဿာကို ငွေကျပ် ၃ဝဝဝဝဈေးရပြီး လျှော်ဖြူစေးအရော (အညံ့) တစ်ပိဿာကို ငွေကျပ် ၁၈ဝဝဝဈေးထိ ပြန်လည်ရောင်းချရပါတယ်"ဟု မင်းဘူးမြို့နယ်မှ လျှော်ဖြူဈေးဝယ်ရောင်း ပြုလုပ်သူ ကိုနိုင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger