နေပြည်တော် ၁၉-၇-၂၀၁၇
ယနေ့တွင် ကျရောက်သည့် နှစ် (၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အာဇာနည်ဗိမာန် နားနေဆောင်ခန်းမ၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဇာနည်ဗိမာန်ရင်ပြင်တွင် နေရာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်အလေးပြုခြင်း၊ စစ်ခရာအဖွဲ့ကကျဆုံးရဲဘော် အလေးပြုခရာ မှုတ်ခြင်းပြုလုပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြ သူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ နှစ်မိနစ်ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေခြင်းများ ပြုလုပ်ကြခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily











No comments:
Post a Comment