ဆေးဝါးအသစ် သုတေသနများမှာ ပါဝင် အစမ်းသပ်ခံသင့်သလား
ဒေါက်တာ လွှမ်းမိုးဟန်
တစ်နေ့မှာ ကျွန်တော်ဆီကို မသော်သော် ဆိုတဲ့ အမျိုးသမီး တစ်ဦးက ဖုန်းဆက်မေးလာ ပါတယ်။
ကျွန်မအမည် မသော်သော်ပါ။ ကျွန်မရဲ့ မိခင်ဟာ ကျောက်ကပ် ကင်ဆာရောဂါ ကုသမှုခံယူဖို့ စင်ကာပူ နိုင်ငံကို လွန်ခဲ့တဲ့ နှစ်လလောက်က စတင် သွားရောက်ခဲ့ ပါတယ်။ သောက်ဆေး တစ်မျိုးနဲ့ ကုသခဲ့ ပါတယ်ဆရာ။ ပြီးခဲ့တဲ့အပတ်က ဆေးစစ်ဖို့၊ ကင်ဆာ ဆရာဝန်ကြီးနဲ့ ပြန်လည်ပြသဖို့ ပုံမှန်ရက်ချိန်း အတိုင်း သွားတဲ့အခါမှာတော့ အမေ့ရဲ့ ကျောက်ကပ်ကင်ဆာ ဟာ မူလကထက် ပိုမိုဆိုးရွား နေတယ်လို့ သိရပါတယ်။ စင်ကာပူက ဆရာဝန်ကြီး ကတော့ အမေ့ကို Clinical trials တွေထဲထည့်ပြီး ကုချင်တယ်လို့ ပြောလာပါတယ်ဆရာ။ ရောဂါက ကျွမ်းနေပြီမို့ စမ်းသပ်ဆဲ ကင်ဆာဆေး သစ်တစ်မျိုးနဲ့ ကုသပေးမယ်လို့ ပြောလာတာပါ။ ဆေးဝါးစရိတ် ကလည်း အခမဲ့ လို့ ပြောပါတယ် ဆရာရှင့်။ သူတို့ကတော့ ကင်ဆာဆေးသစ် နှစ်မျိုး၊ သုံးမျိုးလောက် အကြောင်းကို လေ့လာဖို့ စာရွက်စာတမ်းတွေ ပေးလိုက်ပါတယ်။ လူနာနဲ့ လူနာရှင်များ သဘောတူရင်တော့ အဲဒီအထဲက ဆေးတစ်မျိုးနဲ့ စမ်းသပ်ခံနိုင် ပါတယ်ဆရာ။ Clinical trials များနဲ့ ပတ်သက်ပြီး လုံးဝ ကြားဖူးနားဝ မရှိတာကြောင့် ဆရာ့အနေနဲ့ ရှင်းပြ အကြံပေး စေချင် ပါတယ်ရှင့်။
မသော်သော်ရဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မြဝတီ စာဖတ်ပရိသတ်နဲ့ ပြည်သူ အများလည်း သိစေချင်တာကြောင့် စာရေးသူရဲ့ အကြံပေးချက်ကို ရေးသား လိုက်ပါတယ်။
တကယ်တော့ အနောက်တိုင်း ဆေးဝါးများရဲ့ သဘော သဘာဝကိုက ဒီလို Clinical trials တွေပြုလုပ်ပြီး လက်တွေ့စမ်းသပ် အတည်ပြုလေ့ ရှိပါတယ်။ ကင်ဆာဆေးများ ကတော့ ပိုသေချာဖို့ လိုတာပေါ့။ ဆဲလ်ကလာပ်စည်း တွေကို သေစေမယ့် ပြင်းအားမြင့် ဓာတုဗေဒ ဒြပ်ပေါင်းတွေ ဖြစ်နေတာကိုး။ ကင်ဆာဆေး ပညာရဲ့ သမိုင်းတစ်လျှောက် မှာ ဒီလို Clinical trials တွေနဲ့ပဲ ရှင်သန် ရပ်တည်ခဲ့ကြ ရတာ ဖြစ်ပါတယ်။
Clinical trials လို့ဆိုလိုက်ရင် အဆင့် လေးဆင့်နဲ့ ခွဲခြားပြီး ပြောလေ့ရှိပါတယ်။ Phase I ကနေ Phase IV အထိလို့ သုံးနှုန်းရေးသား ကြပါတယ်။ Phase ဆိုတာကတော့ ဒီဆေးဟာ ဘယ်လိုအန္တရာယ် ရှိသလဲ ဆိုတာကို စမ်းသပ်တာပါ။ တိရစ္ဆာန် တွေနဲ့တော့ စမ်းပြီးပြီ။ လူမှာ ဘယ်လိုဖြစ်မလဲ ဆိုတာ လုံးဝ မစမ်းသပ်ရ သေးတဲ့အဆင့်ပါ။ ဒီမှာပါဝင်တဲ့ လူနာက နည်းလေ့ရှိတယ်။ စွန့်လွှတ် စွန့်စား သူရဲကောင်းတွေ လို့ပဲဆိုရမယ်။ များသောအားဖြင့် ကုစရာ ကင်ဆာ ဆေးပေါင်းစုံပြီး မျှော်လင့်ချက် ပျောက်ဆုံးနေကြတဲ့ သနားစရာ လူနာတွေက ကောက်ရိုး တစ်မျှင်အဖြစ် ဝင်ရောက် စမ်းသပ်ခံကြတာ မျိုးဖြစ်ပါတယ်။
Phase I က တကယ်တော့ ဒီဆေးရဲ့အစွမ်းကို လုံးဝ မသိနိုင်ကြ သေးဘူး။ ဘေးထွက်ဆိုးကျိုး ကိုပဲ စောင့်ကြည့် နေခဲ့ကြရတာ ဖြစ်တယ်။ Phase II မှာတော့ ဒီဆေး အသစ်ရဲ့ ကင်ဆာအပေါ် အာနိသင်ကို စပြီးလေ့လာ နိုင်လာပြီ။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး တွေကိုလည်း စောင့်ကြည့် နေရတုန်းပဲ။ Phase II ကတော့ အဆင့်မြင့် လာပြီ။ လက်ရှိ အကောင်းဆုံးဆိုတဲ့ ကင်ဆာကုထုံးနဲ့ အသစ်စမ်းသပ် နေတဲ့ ကင်ဆာဆေးရဲ့ ရလဒ်ကို နှိုင်းယှဉ် တာမျိုးတွေ ပါလာပြီ။ ဆေးအသစ်က ပိုကောင်းလား။ ဆေးအဟောင်း ထက် သာရဲ့လား ဆိုတာကို စမ်းတာပေါ့။ ဒီလို အနေအထားမျိုး ရောက်မှ ဆေးဝါးသစ်ဟာ မူလ ဆေးဝါးအဟောင်း ထက် မသာပါဘူးလို့ အဖြေထွက်တာ တွေလည်း ရှိတာပေါ့။ အဲဒီ Phase III မှာပဲ ဒီကင်ဆာဆေးကို တရားဝင် ရောင်းချသုံးစွဲခွင့် ပြုလိုက်ကြ ပါပြီ။ Phase IV ကတော့ ဈေးကွက်ထဲ ရောက်ပြီးသား ကင်ဆာ ဆေးတွေရဲ့ အသေးစိတ် ဘေးထွက်ဆိုးကျိုး လေးတွေ၊ ပြီးခဲ့တဲ့ Phase တွေမှာ မဖြေရှင်းနိုင် ခဲ့တဲ့ မသေးစိတ် အချက်အလက် လေးတွေကို ထပ်ပြီးတော့ သုတေသနပြု တာပါပဲ။ မသော်သော် ရဲ့မိခင်ကို ပါဝင်ဖို့ ကမ်းလှမ်းတဲ့ သုတေသနက Phase II နဲ့ Phase III ဖြစ်ဖို့များပါလိမ့်မယ်။
Clinical trials များမှာ ဝင်ရောက်စမ်းသပ် ကုသခံခြင်းဖြင့် ကိုယ်ဟာ ကင်ဆာ ဆရာဝန်များ စိတ်ဝင်တစား အာရုံစိုက်ခံရတဲ့ လူနာစာရင်းထဲ အလိုလို ပါပြီးသား ဖြစ်သွားပါတယ်။ သုတေသနထဲမှာ ပါဝင်နေတဲ့ လူနာကို ဘယ်သူမှ တစ်စုံတစ်ရာ အမှားခံမှာ မဟုတ်ဘူး။ ကင်ဆာ တစ်မျိုးကို ကုသဖို့ စမ်းသပ်ပြီ ဆိုကတည်းက ဒီဆေးသစ်ဟာ ကောင်းမှာ သေချာသလောက် ရှိပါတယ်။ ဒီတော့ ဆေးသစ်ဝါးသစ်၊ ဆေးကောင်း ဝါးကောင်းနဲ့ အစောဆုံး ကုသခံလိုက် ရတဲ့ လူနာစာရင်းထဲ ကိုယ်ပါဝင် သွားနိုင်တယ်။ နောင်လာ နောက်သား ကင်ဆာလူနာ များအတွက် ကိုယ့်ခန္ဓာ နဲ့ရင်းပြီး သုတေသန ပြုလုပ်ခံတာမို့ ကုသိုလ် အလွန်ရပါတယ်။
အဲ...ဒီလို သုတေသန များမှာ ပါဝင်ခြင်းဖြင့် အားနည်းချက် တွေလည်း ရှိနိုင်ပါတယ်။ စမ်းသပ်ဆေး ဆိုကတည်းက ဆေးအကြောင်းကို ကောင်းကောင်း မသိသေးလို့ပါ။ ဒီတော့ ဆေးဝါးစမ်းသပ် နေတဲ့ အဆင့်တိုင်း မှာကိုပဲ ကြိုတင်ခန့်မှန်း မရနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေနဲ့ ကြုံရနိုင်ပါတယ်။ နောက်တစ်ချက် က ကိုယ့်ရဲ့ကံတရား ပေါ့။ ဒီဆေးအသစ်က တခြားလူနာ များမှာ အလွန် ကောင်းပါလျက် နဲ့ ကိုယ်တစ်ယောက် တည်းကျမှ ဆေးအာနိသင် မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် လူနာအဖို့ စိတ်ဓာတ် အလွန်အမင်း ကျဆင်းသွား နိုင်တာပေါ့။
Clinical trials ထဲဝင်၊ မဝင် ဆိုတာကို စင်ကာပူက ဆရာဝန်ကြီးတွေက မသော်သော် တို့မိသားစုကို အသေးစိတ် မေးမြန်းဦးမှာပါ။ ဝင်မယ် ဆိုရင်တော့ လက်မှတ်ထိုး ရမယ်။ လက်မှတ်ထိုး ရတယ် ဆိုပေမယ့် ကိုယ်ကြိုက်တဲ့ အချိန်မှာ အဲဒီ သုတေသနက ထွက်ခွာခွင့် ရှိတယ်။ သုတေသန ပြီးဆုံးတဲ့အထိ ပါဝင်နေစရာ မလိုဘူး။ ဒီလိုထွက်ခွာ လာလို့လည်း ဆရာဝန်တွေက ဆေးဆက်ပြီး မကုပေးတော့ဘူး၊ ဂရုမစိုက်တော့ဘူး ဆိုတာ မျိုးလည်း လုံးဝမရှိပါဘူး။
သုတေသနမှာ ပါဝင်မယ့် လူနာများ ဘက်က ဆရာဝန်ကို မေးသင့်တဲ့ မေးခွန်းတွေ ရှိပါတယ်။ ဒီဆေးဝါး အသစ်က လူနာရဲ့ရောဂါမှာ ဘယ်လို အသုံးတည့် မယ်လို့ မျှော်မှန်းထားလည်း ဆိုတာ မေးရမယ်။ ကောင်းမယ်ဆိုတာ ကြိုမျှော် မှန်းထားပြီး ဖြစ်လို့ ဆေးအသစ်ကို စမ်းကြတာ မဟုတ်လား။ နောက် ကိုယ့်လူနာ ပါဝင်မယ့် သုတေသန အဆင့် Phase ကိုမေးရမယ်။ Phase III ဆိုရင် ဘေးထွက်ဆိုးကျိုး နည်းသွား လောက်ပြီပေါ့။ Phase I နဲ့ Phase II ကို ကျော်ဖြတ်ခဲ့ပြီကိုး။ နောက်တစ်ချက်က ဆေးဝါးအသစ်နဲ့ ကုသမှုကို ဘယ်လိုပုံစံနဲ့ ခံယူရမှာလဲ ဆိုတာ မေးရမယ်။ ထိုးဆေးလား၊ စားဆေးလား၊ အရေပြား အောက်ထဲ ထိုးမှာလား စသည်ဖြင့် မေးရပါမယ်။ ကုသမှု အသေးစိတ်ကို သိထားဖို့ လိုတယ်။ ကိုယ်က သူများတိုင်းပြည် ကိုသွားပြီး စမ်းသပ်ခံ ရမှာကိုး။
လူနာဘက်က မေးစရာ မေးခွန်းတွေက အများကြီးပါ။ ဒီခေတ်က သတင်း ဆက်သွယ်ရေး ဖွံ့ဖြိုးတဲ့ ခေတ်မို့ သူတို့ဆီက စမ်းသပ်မဲ့ ဆေးအမည်ကို ရတာနဲ့ အင်တာနက်မှာ Download ချပြီး ရှိသမျှ မေးခွန်းတွေကို များများမေး သင့်တယ်လို့ အကြံပြု လိုက်ပါရစေ။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)
No comments:
Post a Comment