www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 10, 2016

သစ်အစားထိုး အသုံးပြုနိုင်သည့် Wood Plastics Composite (WPC)ကို ပြည်ပသို့တင်ပို့ နိုင်ရန် ဈေးကွက် ရှာဖွေနေ



ရန်ကုန် ၊ ၁၀-၈-၂၀၁၆

သစ်တောပြုန်းတီးမှုကို ကာကွယ်ပေး နိုင်မည့် သစ်အစားထိုး Wood Plastics Composite (WPC)ကို ပြည်ပသို့တင်ပို့ နိုင်ရန် ဈေးကွက်ရှာဖွေ နေကြောင်း မြန်မာနိုင်ငံ ပလတ်စတစ် လုပ်ငန်းရှင်များ အသင်းထံမှ သိရှိရသည်။

“ WPC  က သစ်တော ပြုန်းတီးမှုကို အကာကွယ် ပေးနိုင်တယ်။ ပတ်ဝန်းကျင် မထိခိုက်ဘူး။ WPC တစ်တန် ရောင်းနိုင်ရင် သစ်တစ်တန်ကို ကာကွယ်နိုင်မယ်။ နိုင်ငံခြား ဝင်ငွေလည်း ရမယ်။ အခု ပြည်တွင်းမှာတော့ ထုတ်နေတယ်။  ပြည်ပတင်ပို့ဖို့ကို အခုဈေးကွက် ရှာဖွေနေတယ်။ ပြည်ပနိုင်ငံ တော်တော်များများ ကတော့ သုံးနေတယ်။” ဟု မြန်မာနိုင်ငံ ပလတ်စတစ် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးထွန်းက ပြောသည်။ 

WPC ကို နိုင်ငံတကာမှ ရောင်းချမှုများမှာ တစ်တန်လျှင် ကျပ် ၃၄ သိန်းဝန်းကျင် ပေါက်ဈေးရှိ နေသော်လည်း မြန်မာနိုင်ငံမှ တစ်တန်လျှင် ကျပ် ၁၇ သိန်းဖြင့် ရောင်းချနိုင်မည် ဖြစ်သဖြင့် နိုင်ငံခြားသို့ တင်ပို့ရန် ဈေးနှုန်း ယှဉ်ပြိုင်နိုင်သည့် အပြင် WPC ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများလည်း ရှိနေခြင်းကြောင့် အောင်မြင်အောင် လုပ်ဆောင်နိုင် ပါက သစ်တော ပြုန်းတီးမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ဦးထွန်း က ပြောသည်။

WPC မှာ လွှစာမှုန့် ၇၀ ရာခိုင်နှုန်း၊ ပလတ်စတစ် ၃၀ ရာခိုင်နှုန်းကို ရောနှောဓာတ်ပြု၍ သစ်အစားထိုး ထုတ်လုပ် ခြင်းဖြစ်ပြီး လိုအပ်သည့် အတိုင်းအတာ ပေ ၂၀ မှ ပေ ၃၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်ကာ ရေစိုခံခြင်း၊ ခြစားခြင်း၊ ဆွေးမြေ့ခြင်း မရှိဘဲ အနှစ် ၂၀ အထိ အသုံးပြုရန် အာမခံနိုင်ကြောင်း ဦးထွန်းက ပြောသည်။ “သစ်တော ပြုန်းတီးမှုကို ကာကွယ် နိုင်တာတော့ ကောင်းတယ်။ ဒါပေမယ့် သူက အလေးချိန်အား ခံနိုင်ရည်တော့ ရှိဖို့ လိုအပ်တယ်။ အလှ တည်ဆောက်တဲ့ နေရာမှာတော့ သုံးနိုင်တယ်။ ကြမ်းခင်းတွေ၊ ပစ္စည်းအလေးတွေ တင်တဲ့ နေရာမှာတော့ မရလောက်ဘူး။” ဟု လှိုင်သာယာမြို့နယ် မှ လက်သမား ဦးမောင်စိုးက ပြောသည်။

လက်ရှိတွင် WPC များကို ဂျာမနီနည်းပညာဖြင့် ထုတ်လုပ်နေခြင်း ဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန် ထိုင်ဝမ်တွင် သြဂုတ်လအတွင်း ပြုလုပ်မည့် ပလတ်စတစ်ပြပွဲနှင့် ထိုင်းနိုင်ငံတွင် စက်တင်ဘာလ အတွင်း ပြုလုပ်မည့် ပလတ်စတစ်ပြပွဲ တို့တွင် သွားရောက် ပြသ၍ ပြည်ပ ဈေးကွက်ရှာဖွေ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger