www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 11, 2015

ပြည်ပသင်္ဘောလိုင်းများမှ မြန်မာသင်္ဘောသားများကို အလုပ်ခေါ်ယူရာတွင် သြဂုတ် ဒုတိယပတ်မှစပြီး ခန္ဓာကိုယ်အလေးချိန် စစ်ဆေးမှု ပြုလုပ်မည်



ရန်ကုန် ၊ ၁၁-၈-၂၀၁၅

၂ဝ၁၅ ခုနှစ်ထဲတွင် IMO (International Maritime Organization) အဖွဲ့မှ အသစ် ပြဋ္ဌာန်းလိုက်သည့် သင်္ဘောသား များနှင့် သက်ဆိုင်သည့် ဥပဒေများ အရ သြဂုတ် ဒုတိယပတ်မှစ၍ အနာဂတ်တွင် ပြည်ပ သင်္ဘောလိုင်း များမှ မြန်မာ သင်္ဘောသားများ ကို အလုပ်ခေါ်ယူ ရာတွင် ခန္ဓာကိုယ် အလေးချိန် စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပြီး ၄င်းတို့ သတ်မှတ်ထားသည့် ခန္ဓာကိုယ် အလေးချိန်ထက် ကျော်လွန်ပါက ခေါ်ယူမှု ပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။

''မြန်မာ သင်္ဘောသားတွေ အပါအဝင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သင်္ဘောသား တွေကို အခုအချိန်က စပြီး ခန္ဓာကိုယ် အလေးချိန် စစ်ဆေးပြီး သတ်မှတ်ထားတဲ့ အလေးချိန်ထက် မကျော်လွန်မှ အလုပ်ခေါ်ယူ တော့မှာပါ။ဒီလိုလုပ်ရတဲ့ အဓိက အကြောင်းအရင်းက သင်္ဘောပေါ် တွေမှာ မြန်မာ သင်္ဘောသားတွေ အပါအဝင် နိုင်ငံတကာ သင်္ဘောသား တွေက ကိုယ်ခန္ဓာ အလေးချိန်တွေ များနေပြီး သွေးတိုးရောဂါ ခံစားနေရတာ တွေကို စစ်ဆေး တွေ့ရှိရလို့ လက်ရှိအချိန်မှာ သင်္ဘောသား တွေကို ကိုယ်အလေးချိန် စစ်ဆေးပြီးမှ အလုပ်ခေါ် ယူမှာပါ'' ဟု ရန်ကုန်မြို့ရှိ နော်ဝေ သင်္ဘောလိုင်းများ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်္ဘောလိုင်း များမှ သတ်မှတ် ထားသော ခန္ဓာကိုယ် အလေးချိန်ထက် ပိုများနေသည့် သင်္ဘောသား များကို အလုပ်မခေါ်ယူ ရခြင်းမှာ သွေးတိုးရောဂါ ကဲ့သို့ ရောဂါများမှာ အဝလွန်နေသည့် သူများ၌ ဖြစ်တတ်သောကြောင့်ဟု သိရသည်။ လက်ရှိတွင် ပြည်ပ သင်္ဘောလိုင်း များမှ မြန်မာနိုင်ငံ အတွင်းရှိ ၄င်းတို့ ချိတ်ဆက်ထားသည့် အေဂျင်စီများ ထံသို့ ယင်းတို့၏ သတ်မှတ် ကိုယ်အလေးချိန် များကို ပေးပို့ထားကာ ပြည်တွင်းရှိ အေဂျင်စီ များမှလည်း ၄င်းတို့ သတ်မှတ် ထားမှုနှင့် ကိုက်ညီသည့် မြန်မာ သင်္ဘောသားများ ကိုသာ ရွေးချယ်စေလွှတ် သွားမည် ဖြစ်ကြောင်း၊ မြန်မာ သင်္ဘောသားများ အနေဖြင့် လည်း ခန္ဓာကိုယ် အလေးချိန်ကို ပြည်ပသင်္ဘော ကုမ္ပဏီများမှာ သတ်မှတ် ထားသည့် အတိုင်း ရှိနေရန် လိုအပ်ပြီး အကယ်၍ ပိုနေပါက ပြည်ပ သင်္ဘောလိုင်း ကုမ္ပဏီများမှ တာဝန်ရှိ သူများက စစ်ဆေးတွေ့ရှိ ပါက ရောက်သည့် ဆိပ်ကမ်းမှ ချက်ချင်း ပြန်ရမည် ဖြစ်သည်။ 

ပြည်ပ သင်္ဘောလိုင်း များသည် သင်္ဘောများ ပေါ်ရှိ သင်္ဘောသား များကို ခန္ဓာကိုယ် အလေးချိန် သတ်မှတ်ထား သည်ထက် ကျော်၊ မကျော်ကို ဆိပ်ကမ်းများ ရောက်သည့်အခါ တစ်လတစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger