www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 13, 2015

စကျင်ကျောက်ပြားဖြင့် ရေးထိုးထားသော ပိဋကတ်သုံးပုံ ကျောက်စာသည် ကမ္ဘာ့ပထမဆုံး နှင့် တစ်ခုတည်းသော ဗုဒ္ဓ၏ သမိုင်းမှတ်တမ်း အမွေအနှစ်ဖြစ်ဟုဆို



မန္တလေး ၊ ၁၃-၇-၂၀၁၅

မန္တလေးမြို့ ကုသိုလ်တော် ဘုရားဝင်း အတွင်းတွင် ထိန်းသိမ်း ထားရှိသော မင်းတုန်းမင်း၏ လက်ရာ ပိဋကတ် သုံးပုံ ကျောက်စာသည် ဗုဒ္ဓ၏ နှုတ်ကပါဋ္ဌ်တော်၊ ဝိနည်းတော် နှင့် တရားတော် များကို ကျောက်စာ ရေးသား ကျောက်ထက် အက္ခရာတင် ထားသည့် ကမ္ဘာ့ ပထမဆုံးနှင့် တစ်ခုတည်းသော သမိုင်း မှတ်တမ်း အမွေအနှစ် ရှိရာ နေရာတစ်ခု ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ ကျောက်စာ ပညာရှင် များ၏ လေ့လာချက်များ အရ သိရသည်။

မင်းတုန်း မင်းတရားကြီး၏ ပိဋကတ်သုံးပုံ ကျောက်စာများ သည် ဗုဒ္ဓဘာသာကို ကမ္ဘာက သိရှိစေရန်၊ ဗုဒ္ဓဘာသာ ပြန့်ပွားမှုသည် အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ တို့သို့ အဆင့်ဆင့် ပြန့်ပွားပြီး အရှေ့တောင် အာရှမှ တစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့ခဲ့မှုကို ဖော်ညွှန်းရာ နေရာတစ်ခု ဖြစ်ကြောင်း၊ မြန်မာလူမျိုး တို့၏ ထူးခြားသော အတွေးအခေါ် အမြော်အမြင် နှင့် နည်းပညာကို ကမ္ဘာသို့ ပြန့်ပွား စေခဲ့ကြောင်း ကျောက်စာ ပညာရှင် Dr. Mark က ပြောပြသည်။

''ဒီ နည်းပညာကို အတုယူပြီး ရေးထိုးထားတဲ့ ကျောက်စာတွေ ထိုင်းနိုင်ငံ မှာလဲ လွန်ခဲ့တဲ့ ကိုးနှစ် လောက်ကစပြီး တွေ့ရပါတယ်။ စကျင် ကျောက်ပြား ပေါ်မှာ စာရေးသား နိုင်ခြင်း အတွေးအခေါ် ဟာ မင်းတုန်းမင်းရဲ့ ထူးခြားတဲ့ အတွေးအခေါ် ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ကုသိုလ်တော် ဘုရားရှိ ကျောက်စာ များသည် နှစ်ပေါင်း ၁၅ဝ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျောက်စာ ရေးထိုးချိန်သည် ဗြိတိသျှတို့က အောက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး စစ်ဖြစ်ပွား နေသော အချိန် ဖြစ်ကြောင်း၊ စစ်ဖြစ်ပွား နေချိန်၌ မင်းတုန်းမင်း သည် အဆိုပါ ကျောက်စာ များကို အထိမ်းအမှတ် အဖြစ် ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အဆိုပါ အချက် သည်လည်း မင်းတုန်းမင်း ၏ ထူးခြားသော အချက်တစ်ခု ဖြစ်ကြောင်း ပညာရှင်များက မှတ်ချက်ပြု ပြောပြသည်။

အဆိုပါ ကျောက်စာ များသည် ယနေ့တိုင် တည်ရှိ နေခြင်းသည် ကမ္ဘာ့သမိုင်း တွင် ဗုဒ္ဓနှင့် ပတ်သက်သော အမွေအနှစ် များကို ထိန်းသိမ်း ထားရှိသော နေရာ တစ်နေရာ ကို ဖော်ညွှန်း ပြဆိုလျက် ရှိကြောင်း ၊ ဗုဒ္ဓ တရားတော် များအား ကျောက်ထက် အက္ခရာ ရေးထိုး ခြင်းသည် မင်းတုန်းမင်း ၏ ပိဋကတ်သုံးပုံ ကျောက်စာ ၇၂၉ ချပ်မှာ ပထမဆုံး ကျောက်စာများ ဖြစ်ကြောင်း သိရသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger