www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်ဝင်ကြေး ကောက်ခံရရှိမှု တိုးတက်လာ


ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း စေတီပုထိုးများ

နေပြည်တော် ၊ ၁၀-၃-၂၀၁၅

ပုဂံခေတ်သည် အေဒီ ၉ ရာစုမှ ၁၃ ရာစုထိ ထွန်းကားခဲ့ပြီး ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသသည် သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုး၊ ဗိသုကာ တန်ဖိုး မြင့်မားလှသည့် ရှေးဟောင်း စေတီ၊ ပုထိုးပေါင်း ၃၁၂၂ ဆူကို ၁၉ စတုရန်းမိုင် ကျယ်ဝန်းသော နေရာဒေသ တစ်ခုအတွင်း တစုတဝေးတည်း လေ့လာ နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ယခုအခါ ပုဂံဒေသတွင် ကမ္ဘာလှည့် ခရီးသည်များ ပိုမို လာရောက် လည်ပတ်လျက် ရှိသည်။

အဆိုပါ ပုဂံဒေသ အတွင်း နိုင်ငံခြားသား များ ကြည့်ရှုလေ့လာ လည်ပတ်မှု များအား ဇုန်ဝင်ကြေး ကောက်ခံရရှိမှု မှာလည်း ခရီးသွားများ တိုးတက်လာ၍ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ခရီးသွား ၁၉၈ဝ၅၁ ဦးထံမှ အမေရိကန် ဒေါ်လာ ၂၆ သိန်းခန့် နှင့် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် တွင် (မတ်လမပါ) ခရီးသွား ၂၁၄၂၈၄ ဦးထံမှ ကောက်ခံ ရရှိမှုမှာ အမေရိကန် ဒေါ်လာ ၃၂ သိန်းခန့်ထိ တိုးတက် ရရှိလျက် ရှိသည်။

ထိုသို့ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုများ အတွက် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ဇုန်ဝင်ကြေး ကောက်ခံမှု များကို နိုင်ငံခြားသား များထံမှ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ ဝန်ထမ်းများက ၁၉၉၆ ခုနှစ် မြန်မာ့ ကမ္ဘာလှည့် ခရီးသွားနှစ် မတိုင်မီ ၁၉၉၄ ခုနှစ် အောက်တိုဘာလ မှစတင်၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာ နှုန်းဖြင့် ကောက်ခံခဲ့ပြီး ခုနစ်ရက် အသုံးပြုခွင့် ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အမေရိကန် ဒေါ်လာ ၂ဝ ပြင်ဆင် တိုးမြှင့်ပြီး ငါးရက် အသုံးပြုရန် ခွင့်ပြုထားသည်။

ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ အနေဖြင့် ပုဂံဒေသသို့ ဝင်ရောက် လာသည့် နိုင်ငံခြားသားများ အတွက် ဇုန်ဝင်ကြေး ကောက်ခံသည့် နေရာခြောက်ခု ဖွင့်လှစ်ပြီး ကောက်ခံလျက် ရှိရာ တချို့သော ခရီးသွားများမှာ မော်တော်ယာဉ် ရပ်မပေးခြင်း၊ ခရီးသွား များပြားသည်ကို အခွင့်ကောင်း ယူ၍ ဇုန်ဝင်ကြေး မပေးဆောင်ခြင်းများရှိသည့် အတွက် ရှောင်တခင် စစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့ ထားရှိပြီး ဇုန်ဝင်ကြေး မပေးဆောင် ရသေးသည့် ခရီးသွား များအား ဇုန်ဝင်ကြေး ပေးဆောင် စေသည်။

အဆိုပါ ဇုန်ဝင်ကြေး ကောက်ခံသည့် နေရာ ခြောက်ခုနှင့် ရှောင်တခင် စစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့အား ညောင်ဦး လေဆိပ်၊ ညောင်ဦး- သာယာဝတီ ရေဆိပ်၊ ပုဂံ - ဧရာ ဇက်ဆိပ်၊ ကျောက်ပန်းတောင်းမြို့ ဘက်မှ အဝင်၏ ရှေ့ ဂိတ်၊ ပခုက္ကူမြို့ နှင့် မြင်းခြံမြို့ ဘက်မှအဝင် လက်ပံခြေပေါ် ဂိတ်၊ ချောက်မြို့ ဘက်မှအဝင် ပုဂံမြို့သစ် ဂိတ်၊ ရွှေဆံတော် ဘုရား အခြေပြု ရှောင်တခင် စစ်ဆေးရေးဂိတ်၊ ထီးလိုမင်းလို ဘုရား အခြေပြု ရှောင်တခင် စစ်ဆေးရေးဂိတ် တို့တွင် ထားရှိ ထားသည်။

သို့ဖြစ်၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း ဝင်ရောက် လေ့လာသည့် နိုင်ငံခြားသား ခရီးသွားများထံမှ ကောက်ခံရရှိ ငွေများသည် နိုင်ငံတော်၏ ရငွေ စာရင်းတွင် တိုးတက်ရရှိ နေကြောင်းနှင့်
တိုးတက်ရရှိ စေရေး အတွက်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နိုင်ငံခြားသား ခရီးသွား များအား ဆွဲဆောင်နိုင်ရေး ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းခြင်း၊ ရှေးဟောင်း ပုံရိပ်များ ကျဆင်းမှု မရှိစေရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger