www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 19, 2015

လောက်ကိုင်မြို့အား ကိုးကန့် သောင်းကျန်းသူအဖွဲ့များက လာရောက် နှောင့်ယှက်တိုက်ခိုက် ၊ ကုန်းကြမ်း - မော်ထိုက် ကားလမ်းအနီး သောင်းကျန်းသူ အခြေပြု တောင်ကုန်းများအား တိုက်ခိုက်သိမ်းပိုက်



လောက်ကိုင်မြို့တွင်းမှ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ်


နေပြည်တော် ၊ ၁၉-၃-၂၀၁၅

ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် လောက်ကိုင်ဒေသ အတွင်း ၄င်းတို့ ခံစစ်ယူ အခြေပြုထားသည့် အချက်အချာ ကျသော နေရာများနှင့် စစ်ဗျူဟာအရ အရေးကြီးသော နေရာများအား တပ်မတော် စစ်ကြောင်းများ၏ အပြင်းအထန် ထိုးနှက် တိုက်ခိုက်မှုကြောင့် လက်လွှတ် ဆုံးရှုံးခဲ့ရ၍ စစ်ရေး ထွက်ပေါက်အဖြစ် လောက်ကိုင်မြို့အား အဝေးမှ နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခြင်း၊ လမ်းကြောင်းများအား အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းများ ဆောင်ရွက် လာခဲ့သည်။

ယမန်နေ့ နံနက် ၃ နာရီခန့်တွင် ကိုးကန့် သောင်းကျန်းသူ များသည် လောက်ကိုင်မြို့အား နှောင့်ယှက် တိုက်ခိုက်ရန် ရည်ရွယ်၍ အဖွဲ့ခြောက်ဖွဲ့ ခွဲကာ လောက်ကိုင်မြို့ အနီးသို့ ချီတက်လာစဉ် လောက်ကိုင်မြို့ လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းများနှင့် တွေ့ဆုံတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းများ၏ တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။

ထို့အတူ ကုန်းကြမ်း - တာကျိုင်း - မော်ထိုက် သွားကားလမ်း အား စိုးမိုးထားသည့် ကုန်းကြမ်းမြို့ မြောက်ဘက် လော်ကွာကျိုင်း ကျေးရွာ အနီးရှိ တောင်ကုန်း များတွင် ယာယီ အခြေပြုခံစစ် ယူထားသော ကိုးကန့် သောင်းကျန်းသူ များအား ယမန်နေ့ နံနက်ပိုင်း တွင် တပ်မတော် စစ်ကြောင်းက လေကြောင်းပစ်ကူ ရယူ၍ တိုက်ခိုက်ရှင်းလင်း ခဲ့ရာ သောင်းကျန်းသူများ အရှေ့ဘက်သို့ ဆုတ်ခွာသွား ခဲ့ပြီး ၄င်းတို့ခံစစ် ယူထားသည့် တောင်ကုန်း ငါးခုအား သိမ်းပိုက် နိုင်ခဲ့သည်။

ထို့အပြင် နံနက် ၈ နာရီခန့် တွင်လည်း တပ်မတော် စစ်ကြောင်းများက စီအောကျေးရွာ အနီးတစ်ဝိုက် နယ်မြေ ရှင်းလင်းရာ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အရှေ့ဘက်သို့ ဆုတ်ခွာ သွားခဲ့ရာ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ထို့အတူ တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် သိမ်းပိုက်ခဲ့သော ပါစင်ကျော် ကျေးရွာနှင့် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၃၇ ဆက်သွယ် ထားသည့် ကားလမ်းအား စိုးမိုးထားသော ပွိုင့်- ၁၄၆၈ တောင်ကုန်းအား ကိုးကန့် သောင်းကျန်းသူ အင်အားစု များက အဖွဲ့များ ခွဲ၍ မတ် ၁၇ ရက် ညနေပိုင်းမှ စတင် တိုက်ခိုက် လာခဲ့ရာ တပ်မတော် စစ်ကြောင်းများက ပြန်လည်ရင်ဆိုင် ထိန်းချုပ် တိုက်ခိုက်လျက် ရှိသည်။

၎င်းအပြင် မတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် စစ်ကြောင်းများ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက လောက်ကိုင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ် တစ်လုံးနှင့် ပျံကျတဲ တစ်လုံးအား သတင်းအရ ဝင်ရောက် ရှင်းလင်းခဲ့ရာ အမျိုးသား ၁၆ ဦးနှင့် အတူ မက်သာ အက်ဖက်ဒရင်း (ICE) ၇ ကီလိုဂရမ် (ကာလတန်ဖိုး ၁၃၁၃ သိန်း ၅ သောင်းကျပ်ခန့်)၊ အက်ဖက်ဒရင်း ၂၁ ကီလိုဂရမ် (ကာလတန်ဖိုး ကျပ် ၅၆၇ သိန်းခန့်)၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆ဝဝဝ ပြား (ကာလတန်ဖိုး ကျပ်သိန်း ၉ဝ ခန့်)၊ WY စိတ်ကြွ ရူးသွပ်ဆေး အမှုန့်ရောရာ ၁ဝ၃ ဒသမ ၅ ဂရမ် (ကာလတန်ဖိုး ၂ဝ၆ သိန်း ၅ သောင်းကျပ်ခန့်)၊ ဘိန်းဖြူ ဘလောက်တုံး ၃ဝဝ ဂရမ်ခန့် တစ်တုံး (ကာလတန်ဖိုး ကျပ်သိန်း ၆ဝ ခန့်) နှင့် အရောင်တင် အမှုန့် ၃ဝဝ ဂရမ်ခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အထက်ပါ တိုက်ပွဲဖြစ်စဉ် များတွင် ကိုးကန့် သောင်းကျန်းသူ များထံမှ အလောင်း သုံးလောင်း၊ ဒုံးပစ်လောင်ချာ နှစ်လက်၊ လက်နက်ငယ် မျိုးစုံခြောက်လက်၊ ခဲယမ်းမျိုးစုံ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည် ၁၃ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့၍ ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော် ဆေးရုံများသို့ ပို့ဆောင်လျက် ရှိ ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger