www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 7, 2014

အနာဂတ်ဘ၀ သာယာလှပရေး


အနာဂတ်ဘ၀ သာယာလှပရေး

ယနေ့ ကမ္ဘာကြီးတွင် လူဦးရေ သန်း ၇ဝဝဝ ကျော်ရှိရာ အမျိုးသမီး ငယ်လေးများ၏ အရေအတွက် သည် သန်း ၅ဝဝ ကျော် ရှိသည်။ ထို အမျိုးသမီး ငယ်လေးများသည် ၄င်းတို့၏ ကျွမ်းကျင်မှု အတတ်ပညာ နှင့် အခွင့်အရေး ကို အသုံးပြုပြီး မိမိ ကိုယ်တိုင် အတွက် သော်လည်းကောင်း၊ မိသားစု နှင့် လူ့ဘောင် အသိုက်အဝန်း အတွက်သော် လည်းကောင်း ဖွံ့ဖြိုးရန် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင် ကြသူများ ဖြစ်သည်။

မြန်မာနိုင်ငံ၌ လူဦးရေ သန်း ၆ဝ ရှိရာတွင် အသက်(၁၅) နှစ်နှင့် အသက် (၁၉) နှစ်အတွင်း ရှိသော အမျိုးသမီး ဦးရေသည် ၂ ဒသမ ၉ သန်းမျှ ရှိသည်။ အပြည်ပြည် ဆိုင်ရာ လူဦးရေ နှင့် ဖွံ့ဖြိုးမှု ညီလာခံမှ ဖော်ပြချက် အရ အမျိုးသမီး ငယ်များ အိမ်ထောင် ပြုစောခြင်းသည် ၄င်းတို့၏ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း များကို လျော့ပါးစေပြီး ၄င်းတို့၏ ဘဝကို ရေရှည်တွင် ထိခိုက် စေသည်။ ထို့ပြင် ၄င်းတို့၏ ရင်သွေးငယ် များ၏ဘဝ အရည်အသွေး ကိုလည်း ထိခိုက်စေပြီး အနာဂတ် ဘဝအတွက် ထိခိုက် နစ်နာ စေသည်။

ယခုအခါ ပွင့်လင်း မြင်သာလာမှု နှင့်အတူ လိင်ကိစ္စများ ဖြစ်ပွားမှု များပြားလာပြီး အရွယ်မတိုင်မီ ကျူးလွန်သည့် လိင်မှုကိစ္စ များကို မီဒီယာများ တွင် တွေ့လာ ရသည်။ ထိုသို့ ဖြစ်ပေါ် လာရခြင်းသည် ဘာသာတရား နှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များ လျော့နည်း လာခြင်းနှင့် အင်တာနက်မှ အကျိုးမဲ့ ဝက်ဘ်ဆိုဒ် များကို ကြည့်ရှုခြင်း တို့ကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။

ဆယ်ကျော်သက် တို့၏ ကျန်းမာရေး စောင့်ရှောက်မှု တွင် ငယ်ရွယ်စဉ် ကိုယ်ဝန် ဆောင်ခြင်းကို ကာကွယ် နိုင်ရန်အတွက် အသက်(၁၈) နှစ်အောက် လက်ထပ်ခြင်း၊ အသက်(၂ဝ) မတိုင်မီ ကိုယ်ဝန် ဆောင်ခြင်း နှင့် မလိုချင်သော ကိုယ်ဝန်ဆောင် ရခြင်းတို့ကို လျှော့ချနိုင်ရန် အကူအညီ ပေးရန် လိုအပ်ပြီး လုံခြုံ စိတ်ချရမှု မရှိသော ကိုယ်ဝန်ဖျက်ချမှု မျိုးကို တားဆီးခြင်း၊ ကိုယ်ဝန် ဆောင်စဉ်၊ မွေးဖွားစဉ် နှင့် မွေးဖွားပြီး ချိန်များတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းဖြင့် ဆယ်ကျော်သက် များ ကိုယ်ဝန် ဆောင်မှု ဆိုးကျိုး များကို တားဆီး နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်နှစ်အောက် နှင့် ငါးနှစ်အောက် ကလေး သေဆုံးမှုနှုန်း နှင့် ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှုန်း လျှော့ချ နိုင်ရန် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ထောင်စုနှစ် ရည်မှန်းချက် များတွင် ပါဝင်သည့် မျိုးဆက်ပွား ကျန်းမာရေး နှင့် ဆက်နွှယ်သော ရည်မှန်းချက် များကို ၂ဝ၁၅ ခုနှစ်တွင် ပြီးမြောက် အောင်မြင် စေရန် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ မဟာဗျူဟာ ငါးနှစ်တာ စီမံကိန်းကို ရေးဆွဲ ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ လက်တွေ့ အကောင် အထည်ဖော် လျက် ရှိသည်။

ထို့အတူ အကျင့် စာရိတ္တ မဏ္ဍိုင် ခိုင်မာ စေရေး အတွက်လည်း မြန်မာ့ ယဉ်ကျေးမှု နှင့် မကိုက်ညီသည့် KTV နှင့် ကာရာအိုကေ ဆိုင်များ ကိုလည်းကောင်း၊ အရက်၊ ဘီယာ အရောင်းဆိုင်များ တိုးပွားလာမှု ကိုလည်းကောင်း ကြပ်မတ် ထိန်းချုပ်ရန် လိုအပ်သည်။ ထိုသို့ ကြိုတင် ကာကွယ်မှုများ ပြုလုပ်မှသာ လိင် အကြမ်းဖက် မှုများ၊ လိင်မှုဆိုင်ရာ မှုခင်းများ လျော့ကျလာပြီး အမျိုးသမီးငယ် များ၏ ဘဝလုံခြုံရေး အတွက် ဆောင်ရွက်မှုများ အောင်မြင်မည် ဖြစ်သည်။

သို့ဖြစ်ရာ လူငယ်ထု အတွင်း သက်တူရွယ်တူ အချင်းချင်း မျိုးဆက်ပွား ကျန်းမာရေး အသိပညာ ပေးနှင့် စောင့်ရှောက်မှု အစီအစဉ်များ အသိပညာ တိုးပွား လာစေရေး အရှိန်မြှင့် ဆောင်ရွက် ပေးပြီး လူငယ်လူရွယ်များ အနာဂတ်ဘဝ သာယာလှပရေး အတွက် ကျန်းမာရေး အမူအကျင့် များနှင့် ကျင့်ကြံ နေထိုင် သွားတတ်စေရန် ပညာပေး သွားရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger