www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 21, 2014

ဆေးဖြစ်စေသောအစာ နှင့် ဘေးဖြစ်သောအစာ


ဆေးဖြစ်စေသောအစာ နှင့် ဘေးဖြစ်သောအစာ

သတ္တဝါ ဟူသမျှ အစာ အာဟာရ ကိုမှီ၍ အသက်ရှင် ကြရသည် ဖြစ်ရာ အစာလည်းဆေး ဆေးလည်းအစာ ဟူ၍ ရှိသကဲ့သို့ အစာကြောင့် ဘေးဖြစ် ရသည်များ ကြုံတွေ့ ကြရသည်။

အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့် အတိုင်း အခွံ အတွင်း၌ အဖြူရောင် အသားရှိသော ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး နှင့် ပန်းဂေါ်ဖီ ကဲ့သို့သော အသီးအနှံ များများ စားသုံး သူများသည် လေဖြတ် စေနိုင်သည့် အခြေအနေ မှ ၅၂ ရာခိုင်နှုန်း လျော့ကျ စေနိုင်ကြောင်း သုတေသီများ လေ့လာ တွေ့ရှိ ထားသည်။ သုတေသန လုပ်ငန်းများကို ၁ဝ နှစ်ကျော် အတွင်း ပြုလုပ်ခဲ့ရာ အရွယ် ရောက်ပြီး သူပေါင်း ၂ဝဝဝဝ အား သုတေသန ပြုခဲ့ရာ လူတစ်ဦး သည် တစ်ရက်လျှင် အတွင်းသား အဖြူရောင် ရှိသည့် အသီးအနှံ ၂၅ ဂရမ်ခန့် စားသုံးခြင်း ဖြင့် လေဖြတ် နိုင်မည့် အခြေအနေ ကို လျှော့ချ နိုင်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ရှိ ပြည်နယ်များ၌ ၂ဝဝ၉ ခုနှစ် အတွင်း က မြေပဲ စားသုံးရာမှ အစာ အဆိပ်သင့် မှုကြောင့် ကိုးဦး သေဆုံးပြီး လူ ၇ဝဝ ကျော် ရောဂါ ရရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် သခွားမွှေးသီး စားသုံးရာ မှ အစာ အဆိပ်သင့်ကာ ၁၃ ဦး သေဆုံးပြီး ၇၂ ဦး ရောဂါ ဝေဒနာ ခံစားခဲ့ ရသည်။ သေဆုံးသူ ၁၃ ဦးမှာ နယူး မက္ကဆီကို ပြည်နယ်မှ လေးဦး၊ ကော်လိုရာဒို ပြည်နယ် နှင့် တက္ကဆက် ပြည်နယ် တို့၌ နှစ်ဦးစီ ရှိပြီး ကန်ဆက်စ်၊ မေရီလန်း၊ မစ်ဆိုရီ၊ နီဘရာစကာ နှင့် အိုကလာ ဟိုးမား ပြည်နယ် တို့မှ တစ်ဦးစီ အသီးသီး သေဆုံး ခဲ့သည်။

အချိုရည် နေ့စဉ် သောက်သုံး ခြင်းသည် အဝ လွန်ခြင်း နှင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား စေသည့် အပြင် နှလုံးရောဂါ ဖြစ်စေ နိုင်သည့် အန္တရာယ် ရှိကြောင်း ဟားဗက် တက္ကသိုလ်မှ သိပ္ပံ ပညာရှင် များက လေ့လာ တွေ့ရှိ ထားကြ သည်။ ယနေ့ ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ဆီးချိုရောဂါ ခံစား နေရသူ စုစုပေါင်း သန်း ၃၅ဝ ကျော် ရှိရာမှ တစ်နှစ်လျှင် သေဆုံးသူ ဦးရေ ၄ ဒသမ ၆ သန်း ခန့်ရှိသည်။ ထို့ကြောင့် အချိုရည် သောက်သုံးမည့် အစား ရေကိုသာ သောက်သုံး ခြင်းဖြင့် ဆီးချို အမျိုးအစား (၂) ရောဂါ ဖြစ်ပွားနှုန်း လျှော့ချ သင့်ကြောင်း အကြံပြု ထားကြသည်။

လူတို့ အတွက် အန္တရာယ် ကင်းဝေးရေး အတွက် စားသတိ၊ သွားသတိ ဟု လူကြီးသူမ တို့ သွန်သင် ကြသော်ငြား သတိ လစ်ဟင်း မှုကြောင့် အစားမတော် တစ်လုပ် ဖြစ်သည့် သာဓကများ ရှိခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ်၌ သစ်ပါးလွှာ စက်ရုံဟောင်း ဝင်းအတွင်း ရှိ မီးဖိုချောင်မှ တွေ့သော ဆားထုပ် ကိုယူ၍ ဟင်းချက် ရာတွင် ၄င်းဆားကို အသုံးပြုမိ သဖြင့် စားသုံးသူ ငါးဦး အစာ အဆိပ်သင့်ပြီး အရေးပေါ် ဆေးရုံတင် ကုသခဲ့ ရသည်။

နိုင်ငံတော် အစိုးရ၏ ကျန်းမာရေး မျှော်မှန်းချက် သည် ကျန်းမာ သန်စွမ်းသော နိုင်ငံ ( Healthy National ) ဖြစ်ရန် ဆောင်ရွက်လျက် ရှိသော လူတိုင်း ကျန်းမာပြီး သက်တမ်းစေ့ နေနိုင်ရေး အတွက် တိုင်းရင်းသား ပြည်သူ များကလည်း ကျန်းမာရေး အသိနှင့် ကျန်းမာရေး သတိ ရှိကြရမည် ဖြစ်သည်။ အထူး အားဖြင့် ဆိုရသော် အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူများ အတန်းတင် စာမေးပွဲကြီး နီးကပ်လာပြီ ဖြစ်သော ယနေ့ အချိန်အခါ သည် ပို၍ သတိရှိ ကြရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။ 

( ၂၁-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger