www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 3, 2013

လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ

ရန်ကုန် ၊ ၃-၈-၂၀၁၃

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လယ်ယာမြေ များပေါ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး စနစ် ကျင့်သုံးလာမှုကြောင့် ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုမှု များဖြစ်ပေါ် လာပြီး သဘာဝ သား ၊ ငါး ရှားပါးမှု များကို ဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။



ဓာတုဆေးဝါး အသုံးပြု စိုက်ပျိုးခြင်းကြောင့် သဘာဝ ကို မှီခို ပေါက်ပွားရသော ဇီဝ အကောင်ငယ် လေးများနှင့် သဘာဝအလျှောက် ရေတက်ချိန်များတွင် လယ်များအတွင်း ၀င်ရောက် ဥချသော ရေချိုငါး လေးများ၏ ဇီဝဖြစ်စဉ် တစ်ခုလုံးကို ပျက်စီး သွားစေကြောင်း နှင့် ငါးရှားပါးမှုကို ဖြစ်ပေါ် စေကြောင်း ရေသယံဇာတ ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။

ကျေးလက်ဒေသ ပြည်သူ အများစု၏ ဟင်းလျာအတွက် လိုအပ်သော ငါးများကို မိုးဦးကာလ များတွင် မြစ်ချောင်းများမှ လယ်ယာမြေ များသို့ ၀င်ရောက်ဥချ သောငါးများမှ အဓိကထား မှီခိုနေရပြီး ရာသီဥတု ဖောက်ပြန်မှု နှင့် သဘာဝကို ဆန့်ကျင်ပြီး ငါးအလွန်အကျွံ ဖမ်းဆီးမှု များကြောင့် ရေချိုငါး သယံဇာတမှာ တဖြည်းဖြည်း လျော့နည်း ကျဆင်း လာနေသည်။ ငါးများ ၀င်ရောက်မှု နည်းပါးခြင်း နှင့် ၀င်ရောက် လာသော ငါးများမှာ ယခင် ၈ နှစ်တာ ကာလနှင့် နှိုင်းယှဉ်ပါက ငါးတစ်ကောင် ၏ အလေးချိန် မှာ ထက်ဝက်ခန့် ကျဆင်း သွားကြောင်း သိရသည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး၌ အင်းလုပ်ကိုင် ခွင့်များကို နှစ်ရှည် လုပ်ကိုင်ခွင့် ပေးထားသောကြောင့် ရေတက်ချိန် များတွင် ရေတံခါးများမှ အင်းကြီးများ ထဲသို့ နည်းအမျိုးမျိုးဖြင့် ရေ၀င်ရောက် စေပြီး ရေချို သယံဇာတ ငါးများမှာ အင်းကြီးများ ထဲတွင် ဥချပေါက်ပွား သောကြောင့် စိုက်ထည့် မွေးမြူခြင်း ကို အနည်းငယ်သာ လုပ်ဆောင် ကြရကြောင်း သိရသည်။ မြန်မာ့ ရေချို ငါးမျိုးစိတ် များမှာ အဖိုးတန် ကျောက်ငါးများ အပါအ၀င် ငါးမျိုးစိတ်ပေါင်း တစ်ရာကျော် နှစ်ရာနီးပါး ရှိပြီး အဆင့်ဆင့် လေလံပေးသော စနစ် များကြောင့် တရားမ၀င် ငါးဖမ်းဆီးမှု များ ရှိလာကာ မြန်မာ့ ရေချိုငါး မျိုးစိတ်များ မှာ မျိုးသုန်း ပျောက်ကွယ် နိုင်သော အခြေအနေ များနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။


ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ယခင်က အရေးပါ ခဲ့သော ၀ါခေါင် လပြည့် ကျောင်းတော်ရာ ငါးကြီး အစာကျွေးပွဲတော် များတွင် နှစ်စဉ် လာရောက်လေ့ ရှိသော ငါးကြီးများ မလာရောက် တော့သည်ကို ကြည့်ခြင်း အားဖြင့် ယခုအခါ တိမ်မြုပ် ပျောက်ကွယ်လု နီးပါး ဖြစ်ပေါ် နေသည်။ ယခုနှစ်တွင် ငါးကြီးတစ်ကောင် နှစ်ကောင်သာ လာရောက် ခဲ့ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရေချို သယံဇာတ များသုန်း ပျောက်ကွယ် နေသော အခြေအနေ များ၏ လက္ခဏာ ဖြစ်ပြီး ခရီးသွား လုပ်ငန်း အားလည်း ထိခိုက် စေခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger