www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2019

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို  ၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက်  ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်
-
ဟားခါး  ဖေဖော်ဝါရီ  ၂ဝ 
-
၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း၌  ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တက်ရောက်သည်။ 
-
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသန့်စင်မောင်၊ဦးသိန်းဆွေ၊ ဦးဟန်ဇော်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်း အဖွဲ့များမှ ကိုယ်စားလှယ် များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ 
-
နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ပြည်ထောင်စုဝန်ကြီးများသည် (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပမည့်ဟားခါးမြို့ဝမ္မသူးမောင်အားကစားကွင်းသို့ရောက်ရှိကြရာဒေသခံချင်းတိုင်းရင်းသားများကဂုဏ်ပြု ပန်းစည်းများ ပေးအပ်၍ ရင်းရင်းနှီးနှီး ကြိုဆိုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးဟန်ဇော်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ တို့က (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့  အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည်(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်မုခ်ဦးအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။ 
-
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့ သည် တာဝန်ရှိ သူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ နှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ထို့နောက် (၇၁)နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုန်လိန်းကချင်းအမျိုးသားနေ့ပွဲတော် အတွက် ကောင်းချီးမင်္ဂလာဆုတောင်းစကား ပြောကြားပြီး သဘာပတိက(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်း အမျိုးသားနေ့ သဝဏ်လွှာကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ကဖတ်ကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်း အမှတ် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင်ချင်းအမျိုးသားနေ့အခမ်းအနားတွင် နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရသည့် အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ချင်းပြည်နယ်၏ သာယာလှပမှုနှင့်ချင်းအမျိုးသား တို့၏ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုမှုများ ကြောင့် မိမိ အနေဖြင့် မိသားစုကဲ့သို့ တရင်းတနှီးခံစားရကြောင်း။
-
-
ချင်းပြည်နယ်တွင် ထူးကဲမှုများစွာရှိကြောင်း၊ အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်းတို့သည်ချင်းပြည်နယ်နှင့် ချင်းအမျိုးသားတို့၏ သင်္ကေတများပင်ဖြစ်ကြောင်း၊ တောင်ဇလပ်ပန်းသည်ရဲရဲနီပြီးသတ္တိနှင့်ရဲရင့်မှုကို ပြသနေ ကြောင်း၊ တောင်စွန်းတောင်ဖျားများပေါ်တွင် ဝင့်ဝင့်ကြွားကြွားဖြင့်ပေါက်ရောက်နေခြင်း သည်လည်း အထင်ကရတစ်ခု ပင်ဖြစ်ကြောင်း၊  ၎င်းမှာ ချင်းလူမျိုးတို့၏ရဲရင့်မှု၊သတ္တိရှိမှုနှင့် ဝင့်ကြွားမှုဆိုသည့် လက်ရုံးရည်ကို ပြသခြင်း ဖြစ်ကြောင်း၊ ထို့အတူ  အောက်ချင်းငှက်ကို ကြည့်ပါကလည်း သစ္စာတရားကြီးမားမှုကိုတွေ့ရကြောင်း၊ အောက်ချင်းဖို၊ အောက်ချင်းမငှက်မောင်နှံတို့သည် အတူတကွ ပျံသန်းလေ့ရှိကြောင်း၊ အောက်ချင်းငှက်မက သားမွေးပါက အောက်ချင်းငှက်ဖိုကအနားက မခွာဘဲ ကျွေးမွေး စောင့်ရှောက်သည့် တာဝန်ကိုယူကြကြောင်း၊ ထို့ပြင် ပို၍သစ္စာတရားကြီးမားမှုမှာ အောက် ချင်း ငှက်မ  အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက အောက်ချင်းငှက်ဖိုကလည်း လိုက်၍ အသက်ကိုစွန့်လွှတ်ကြောင်း။ ချင်းအမျိုးသားတို့၏  မေတ္တာတရားနှင့် သစ္စာတရားကြီးမားမှုကိုအဆိုပါသင်္ကေတနှစ်ခုက ဖော်ညွှန်းနေကြောင်း၊ အောက်ချင်း ငှက်ဖိုနှင့်ငှက်မတို့၏ သစ္စာတရားသည် ဥမကွဲ၊ သိုက်မပျက် အတူတကွ နေထိုင်ကြမည်ဆိုသည့် စံနမူနာကို ပြသနေသည်ဟု ခံယူကြောင်း၊ချင်းအမျိုးသားတို့ အနေဖြင့်လည်း ပြည်ထောင်စုကြီးတွင် ဥမကွဲ၊ သိုက်မပျက်အတူ တကွ လက်တွဲ နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ ပြီဖြစ်ကြောင်း၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေးတို့တွင် ချင်းအမျိုးသားများသည် အခြား တိုင်းရင်းသားများနည်းတူ လွတ်လပ်ရေး ရရှိအောင်ကြိုးစား ပါဝင်ခဲ့ကြောင်း၊ လွတ်လပ် ရေးရရှိအောင် ကြိုးပမ်းရုံတင်မကဘဲ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင်ချင်းအမျိုးသားကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးလှူရ်မှုန်၊ ဦးသောင်ဇာခုတ်နှင့် ဦးကီယိုမန်းတို့သည် ပါဝင်လက်မှတ်ရေး ထိုးခဲ့ကြ ကြောင်း၊ ထို့ပြင် ဦးဝမ္မသူးမောင်ဆိုပါကလည်း ပြည်မနှင့်တောင်တန်းတစ်ချိန်တည်း လွတ်လပ်ရေးရယူရန် အဆို တင်သွင်းခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲ များတွင်   ရှေ့တန်းမှပါဝင်ခဲ့သည့်အတိုင်း၎င်း၏ ဦးဆောင်မှုအောက်တွင် ချင်းမျိုး ချစ်ပုဂ္ဂိုလ်များကလည်းနယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး ကာလများတွင် ရွပ်ရွပ်  ချွံချွံစွမ်းစွမ်း တမံ ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း။
-
နောက်ပိုင်းတွင်လည်းကောင်းတူ ဆိုးဖက်၊ အေးအတူပူအမျှ ပြည်ထောင်စုကြီးအတွင်းအတူတကွ လက်တွဲပြီး ညီညီ ညွတ်ညွတ် နေထိုင်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပသည့် အခါတွင်လည်းချင်းအမျိုး သားများအနေဖြင့် ပါဝင်ဆွေးနွေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းမှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို  ချင်းအမျိုးသား မျိုးချစ်ပုဂ္ဂိုလ်များအနေဖြင့် သမိုင်း အစဉ်အဆက် ခေတ်တိုင်းခေတ်တိုင်းတွင် ပြသခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းအမျိုးသားနေ့ကို နှစ်စဉ် ကျင်းပနိုင်သည် နှင့်အမျှချင်းပြည်နယ်၏ ဂုဏ်သတင်းများသည်လည်း သင်းပျံ့နေမည်ဖြစ်ကြောင်း၊ ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများလည်း တည်တံ့နေမည်ဖြစ်ကြောင်း။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင်ဖလမ်းမြို့၌ကျင်းပသည့် လူထုညီလာခံတွင် ချင်းအမျိုးသား ကိုယ်စားလှယ် ၅ဝဝဝကျော် တက်ရောက်ခဲ့ပြီး တိုက်သူကြီးအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့  ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းသည်ချင်းအမျိုးသားများ အနေဖြင့် ဒီမိုကရေစီစနစ် အပေါ် တန်ဖိုးထားမှုနှင့် ဥာဏ်အမြော်အမြင် ရှိမှုကို ပြသခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမှာကမ္ဘာလုံးဆိုင်ရာအမြင်ကို စောစီးစွာသိမြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းအမျိုးသားများ အနေဖြင့် ဒီမိုကရေစီကို တန်ဖိုးထားပြီးလူ့အခွင့်အရေးကို လေးစားကြသည်နှင့်အမျှ ဒီမိုကရေစီ အသီးအပွင့်များကို ခံစားလာ ရပြီးဖြစ်ကြောင်း။
-
ချင်းပြည်နယ်အတွင်းတွင် မျိုးနွယ်စု ၅၃ စုရှိသည်ဟု သိရှိရကြောင်း၊ မျိုးနွယ်စုအသွင်ကွဲ၊ အဆင်ကွဲများရှိနေခြင်းသည် ချင်းပြည်နယ်၏ အလှတရားများပင် ဖြစ်ကြောင်း၊ အသွင်ကွဲ၊ အဆင်ကွဲများကိုယခုကဲ့သို့စုစည်းညီညွတ်အောင် ဆောင်ရွက် နိုင်ခြင်းသည်ပင်လျှင် ချင်းပြည်နယ်၏ စည်းလုံးညီညွတ်မှုအင်အားဖြစ်ကြောင်း၊  ထိုအလှတရားများနှင့် စည်းလုံး ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းပြီး ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ဥမကွဲ၊ သိုက်မပျက် အားလုံး တက်ညီ လက်ညီ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း။ ပြည်ထောင်စုအစိုးရအနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်မခွဲခြားဘဲဖွံ့ဖြိုး တိုးတက်မှုကိုဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ချင်းပြည်နယ်၏ အလှတရားသည် ချင်းပြည်နယ်တွင်သာမက ပြည်ထောင်စုကြီး၏ အလှတရားဖြစ်အောင်၊ ချင်းပြည်နယ်၏ဒီမိုကရေစီတန်ဖိုးထားမှုသည် ချင်းပြည်နယ်တွင် သာမက ပြည်ထောင်စုကြီး တစ်ခုလုံးတွင်လည်း ဒီမိုကရေစီစံချိန်စံ ညွှန်းများအတိုင်း တန်ဖိုးထားရှိနိုင်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ချင်းပြည်နယ်၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေး မှု၊ ဓလေ့ ထုံးတမ်းအစဉ်အလာများဖွံ့ဖြိုး တိုးတက်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် မြှင့်တင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုအတွင်းတွင်ရှိသည့်တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမအားလုံးကလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊  ဓလေ့ ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ယခုထက်မကတိုးမြှင့်ပြီး ပြည်ထောင်စုကြီး၏ အလှကို ဖန်တီးပုံဖော် ပေးကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားသည်။
-
ထို့နောက် သဘာပတိက (၇၁)နှစ်မြောက်  ချင်းအမျိုးသားနေ့ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးက ပေးပို့သည့် သဝဏ်လွှာများကိုမှတ်တမ်းတင်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက်နိုင်ငံတော်သမ္မတ နှင့်ဇနီး တို့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ သဘာပတိအဖွဲ့များ နှင့်အတူ  စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ နှင့်ဇနီးနှင့် အဖွဲ့သည်(၇၁)နှစ်မြောက် ချင်းပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်း များကိုကြည့်ရှု လေ့လာကြသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် ဇနီး တို့သည် ဟားခါးမြို့ ဝမ္မသူးမောင် အားကစား ကွင်း၌ကျင်းပသည့် ဘွဲတိုင်(ခ) အထွတ် အမြတ် တိုင်စိုက်ထူပွဲသို့ တက်ရောက်ပြီး စိုက်ထူပေးသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးနှင့် ပြည်ထောင်စု ဝန်ကြီးများသည် ချင်းရိုးရာ ယဉ်ကျေးမှုကပွဲတွင်  ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများ နှင့်အတူ ပါဝင်ဆင်နွှဲကြပြီး ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်  စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ပြည်ထောင်စုဝန်ကြီးများသည်ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များ၏  စုပေါင်း ဝါးညှပ်အကနှင့်   ခေါင်ကျွဲပွဲအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးနှင့် အဖွဲ့သည် ဟားခါးမြို့ ရှုခင်းသာသို့ ရောက်ရှိကြပြီး View Point မှနေ၍ ဟားခါးမြို့၏  ရှုခင်းအလှကို ကြည့်ရှုသည်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် ချင်းပြည်နယ်လွှတ်တော်ရုံးဝင်း အတွင်းကျင်းပသည့် မီးပုံပွဲနှင့်  ရိုးရာ ယဉ်ကျေးမှုကပြဖျော်ဖြေပွဲသို့ တက်ရောက်ကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger