www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 14, 2019

မကြာမီကာလတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားကို နိုင်ငံတကာ အဆင့်မီ SMART CARD အဖြစ် ပြောင်းလဲ ထုတ်ပေး နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

မကြာမီကာလတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားကို နိုင်ငံတကာ အဆင့်မီ  Smart Card အဖြစ် ပြောင်းလဲ ထုတ်ပေး နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ
-
နေပြည်တော်  ဇန်နဝါရီ  ၁၃ 
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား သစ္စာစီမံ ချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် လှိုင်သာယာမြို့နယ် စက်မှု ဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၌ ကျင်းပသည်။ 
-
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊  အလုပ်ရုံများ၌ ဆောင်ရွက်နေသည့် အလုပ် သမား များအနက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် လုပ်သားများအတွက် နှစ်လတာ စီမံချက်ဖြင့် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းပြီး ငွေကုန်ကြေးကျသက်သာစွာ လုပ်ငန်းခွင်မပျက် ဆောင်ရွက် ပေးခဲ့သဖြင့်  လုပ်သား ၇၈၈၇ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့သည့်အပြင် ယခုစာသင်နှစ်အတွင်း၌ အခြေခံပညာ ကျောင်းပေါင်း ၃၄၄ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၃၃ဝ၂၄ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ခဲ့ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် လူတစ်ဦးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သည့် ကတ်ပြားဖြစ်ပြီး ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပေးရကြောင်း၊ ဘိုးဘွားစဉ်ဆက် မှတ်တမ်း မှတ်ရာ များဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာရုံးများ၌ကိုယ်တိုင် သွားရောက် လျှောက်ထားဖြည့်သွင်း ဆောင်ရွက်ရသည့် လုပ်ငန်းလည်းဖြစ်ကြောင်း။ 
-
ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်လျှောက်ထား ရယူနိုင်ခြင်း မရှိသည့်အတွက်   ဌာနဝန် ထမ်းများသည် ရပ်ကွက်/ ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြသည့် အတွက်  ပြည်သူများအချိန်ကုန်၊  ငွေကုန်သက်သာစွာ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ရရှိကိုင် ဆောင်နိုင် ကြပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုရပ်ကွက်/ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးမှုကြောင့် အလွယ်တကူ ရရှိကြသော်လည်း ပြည်သူတစ်ဦးချင်းအနေဖြင့် မရှိမဖြစ်လိုအပ် သည့် ကတ်ပြား ဖြစ်သည့်အတွက် စနစ်တကျတန်ဖိုးထားကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်ကြောင်း။ 
-
မကြာမီကာလတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို နိုင်ငံတကာအဆင့်မီ  Smart Card အဖြစ် ပြောင်းလဲ ထုတ်ပေး နိုင်ရေး အတွက်လည်း ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ယင်းလုပ်ငန်းသည်  ကြီးမား ကျယ်ပြန့်သည့်အတွက် အဘက်ဘက်က စနစ်တကျလေ့လာ သုံးသပ်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ယခု လုပ်ငန်းစဉ်များသည်ဌာန၏လုပ်ငန်းတာဝန်များဖြစ်သော်လည်း အခြားဆက်စပ် ဌာနများအပြင် ပြည်သူများက  ပူးပေါင်း ကူညီဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း ပြောကြားသည်။
-
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးက တိုင်းဒေသကြီး အတွင်းရှိ  ပြည်သူများ အတွက်  သစ္စာစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးမှုနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန် ရှိသူများက လှိုင်သာယာမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ပြည်သူ များ ကိုယ်စားရပ်ကွက်/  ကျေးရွာအုပ်ချုပ်ရေးမှူးများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ် ကြရာ ပြည်သူများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
-
လှိုင်သာယာမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ အသက် ၁ဝ နှစ်ပြည့်ပြီးသူ ၁၅ဝ၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ၁၈၉ဝ ဦး၊ လဲလှယ်သူ ၈၁၄ ဦးနှင့် ပျောက်/ ပျက်၊ မိတ္တူလျှောက်ထားသူ ၁၈၂၉ ဦး စုစုပေါင်း  ၆ဝ၃၈ ဦးတို့ကို  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီး ယခု အခမ်းအနားတွင် လှိုင်သာယာမြို့နယ် (၈)၊ (၁၄)၊ (၁၆)၊ (၁၉) ရပ်ကွက်များနှင့် ရှမ်းချောင်းကျေးရွာ အုပ်စု၊ ရေဥက္ကံ၊ ကစင်ကျေးရွာအုပ်စုတို့မှ  ဒေသခံပြည်သူ  ၁၂၄၇ ဦးတို့ကို  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger