www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 14, 2019

စစ်ကိုင်းမြို့၌ ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်း ပွဲတော် ကျင်းပ

စစ်ကိုင်းမြို့၌ ကလေးစာပေ ပွဲတော်၊  ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်း ပွဲတော် ကျင်းပ
-
စစ်ကိုင်း  ဇန်နဝါရီ  ၁၃ 
-
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်စီမံ ခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်း ပွဲတော်ကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပါရဂူခန်းမ ရှေ့၌ ကျင်းပရာ   ပြန်ကြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ သုံးထပ်ကွမ်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူတို့က အခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက်  ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဖေမြင့်က အမှာစကားပြောကြားသည်။
-
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးစာပေပွဲတော် (စစ်ကိုင်းမြို့)ဖြစ်မြောက်အောင် ပါဝင်ကူညီသည့်   ကျောက်မျက် လုပ်ငန်းရှင် အသင်း(စစ်ကိုင်း)ဥက္ကဋ္ဌဦးအောင်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ယင်းနောက် အခြေခံပညာမူလတန်းကျောင်း (ဒေါင်းမ)မှ ကျောင်းသား၊ ကျောင်းသူများက သိုင်းအကဖြင့်လည်း ကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊  ကျောင်းသူများက ရှမ်းအကဖြင့် လည်းကောင်း၊ အမှတ်(၁)ရွှေသမား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက ကလေးတို့ရဲ့ စာပေပွဲဒိုးပတ်သံ(ဒွေးချိုး ကဗျာ)ဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။
-
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော်တွင် စစ်ကိုင်းမြို့ရှိဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများက ဖွင့်လှစ်ပြသထားသည့်ပြခန်းများ၊  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖွင့်လှစ်ထားသည့် စာအုပ်ပြခန်း၊  ကလေးစာဖတ်ခန်း၊ စာအုပ်အရောင်းဆိုင်များ ခင်းကျင်းပြသ ထားမှု၊ ပြိုင်ပွဲများ၊ ဆင်အကနှင့်  အခြားဖျော်ဖြေပွဲများကို  လှည့်လည်ကြည့်ရှု အားပေးကြသည်။
-
စစ်ကိုင်းမြို့၌ကျင်းပသည့် အဆိုပါပွဲတော်ကို ဇန်နဝါရီ  ၁၄ ရက်အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အတွင်း ပညာရေးဝန်ကြီးဌာနမှ နည်းပညာတက္ကသိုလ် ပြခန်း၊  အခြေခံပညာ ကျောင်းများ ပြခန်းနှင့် ကိုယ်ပိုင်ကျောင်းများမှပြခန်းများ၊ ပြည်ထဲရေး  ဝန်ကြီးဌာနမှ  မူးယစ် ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးပညာပေးပြခန်း၊ ယာဉ် စည်းကမ်း၊  လမ်းစည်းကမ်း ပညာပေးပြခန်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးပြခန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှပြည်ထောင်စုတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်(စစ်ကိုင်း)ပြခန်းတို့က လာရောက် ပြသသည့် အသိပညာ ပေးပြခန်းများနှင့် စစ်ကိုင်း မြို့ဝန်းကျင်ရှိ ငွေထည်လုပ်ငန်း၊ ကျောက်စိမ်းပုတီးလုပ်ငန်းနှင့်  ဂီတာလုပ်ငန်းအစရှိသည့် လက်မှုထုတ်ကုန်ပြခန်းများ၊ ဒေသထွက်ကုန်ပြခန်းများအပါအဝင် စုစုပေါင်းပြခန်း ၂၁ ခန်း၊  စာပေဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့် အားကစားလှုပ်ရှား မှုများအနေဖြင့်  ဖူဆယ်ပြိုင်ပွဲ၊  ထုပ်ဆီးတိုးပြိုင်ပွဲ၊  တာရာဂိုးသွင်း ပြိုင်ပွဲများနှင့် ဖျော်ဖြေ ရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးလှူဒါန်းသည့်အစီအစဉ်များအပြင် သုတရသစာအုပ်မျိုးစုံ လာရောက် ရောင်းချကြသည့် စာအုပ်အရောင်းဆိုင်ပေါင်း ၈၃ဆိုင် ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်းသိရသည်။
-
မင်းထက်အောင် (မန်းကိုယ်ပွား)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger