www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ စာဖြေသံဃာအပါး ၂၂ဝ ဝင်ရောက် ဖြေဆို

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ စာဖြေသံဃာအပါး ၂၂ဝ ဝင်ရောက် ဖြေဆို
-
ရန်ကုန် ဇန်နဝါရီ ၁ 
-
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေရှိဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး အတွင်း၌ ကျင်းပ ရာ သံဃာတော်အပါး ၂၂ဝ ဝင်ရောက်၍ အာဂုံပြန်ဆိုကြောင်း သိရသည်။ 
-
အဆိုပါ စာမေးပွဲကို ရက်ပေါင်း ၃၃ ရက်ကြာ ကျင်းပလျက်ရှိပြီး ကမ္ဘာ့သက်တမ်း အကြာဆုံး ဖြေဆိုရသည့် စာမေးပွဲဖြစ်သည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိရန် သင်ရိုး ပိဋကသုံးပုံ ဖြစ်သော သုတ္တန္တပိဋက၌ ကျမ်းသုံးကျမ်း စာမျက်နှာ ၇၇၉ မျက်နှာ၊ ဝိနယပိဋက၌ ကျမ်းငါး ကျမ်း စာမျက်နှာ ၂၂၆ဝ၊ အဘိဓမ္မပိဋက၌ ကျမ်းခုနစ်ကျမ်း စာမျက်နှာ ၄၉၈၇ မျက်နှာ စုစု ပေါင်း ကျမ်း ၁၅ ကျမ်း စာမျက်နှာ ၈ဝ၂၆ မျက်နှာရှိသည်။ တိပိဋကကောဝိဒဘွဲ့ရရှိရန် ပထမကြီးတန်း အောင်မြင်သော သံဃာများ အာဂုံပြန်ဆိုခြင်း ငါးဆင့်နှင့် သဘောရေး ဖြေစာမေးပွဲ ငါးဆင့်ဖြေဆိုကြရသည်။ 
-
ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာ အုပ်ပေါင်း ၂ဝ ကို အာဂုံပြန်ဆို အောင်မြင်ပါက တိပိဋကဓရဘွဲ့ကို ရရှိပြီး ယင်းကျမ်းများ၏ အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ပဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်းစာအုပ်ပေါင်း ၁ဝဝ ကျော်မှ အဓိပ္ပာယ်များကို သဘောရေးဖြေ အောင်မြင်ပါက တိပိဋက ဓရ တိပိဋကကောဝိဒဘွဲ့ကို ရရှိမည်ဖြစ်သည်။ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၁၉၄၈ ခုနှစ်က စတင်ကျင်းပပြီး ယနေ့ အချိန်ထိ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ပိဋကသုံးပုံအောင် သာသနာ့ အာဇာနည် အရှင်သူမြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ကာ မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီး သည် ပထမဆုံးတိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိသော သံဃအာဇာနည်အဖြစ် ပေါ်ထွန်း ခဲ့သူဖြစ်သည်။ 
-
(၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် အဘိဓမ္မာ (နောက်ပိုင်း)တစ်ပါး၊ အဘိဓမ္မာ(ရှေ့ပိုင်း)တစ်ပါး၊ ဒီဃနိကာယ် သုံးကျမ်း ၁ဝ ပါး၊ ဝိနည်း (ဒုတိယပိုင်း) သုံးကျမ်း ၉၃ ပါး၊ ဝိနည်း(ပထမပိုင်း) နှစ်ကျမ်း ၁၁၅ ပါးစုစုပေါင်း သာသနာ့ အာဇာနည် သံဃာအပါး ၂၂ဝ အာဂုံပြန် ဖြေဆိုကြမည် ဖြစ်ကြောင်းသိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger