www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

ချင်းတွင်းမြစ်ဝမှ အထက်ပိုင်း ရေမိုင် ၃၅ဝ အထိ ကုန်တင်ရေယာဉ်များ လူစီးအမြန် ရေယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

ချင်းတွင်းမြစ်ဝမှ အထက်ပိုင်း  ရေမိုင် ၃၅ဝ အထိ  ကုန်တင်ရေယာဉ်များ လူစီးအမြန် ရေယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ
-
မုံရွာ  ဇန်နဝါရီ  ၂၈ 
-
ချင်းတွင်းမြစ်ဝမှအထက်ပိုင်း ရေမိုင် ၃၅ဝ အထိ ရေလမ်းကြောင်း ကောင်းမွန်သဖြင့် ကုန်တင်ရေယာဉ်များ၊လူစီးအမြန်ရေယာဉ်များနှင့် တွဲသင်္ဘောကြီးများ ပုံမှန်ပြေးဆွဲလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းထံမှသိရသည်။
-
ချင်းတွင်းမြစ်အထက်ပိုင်း ဒေသများဖြစ်သော ချင်းတွင်းဝမှ မော်လိုက်မြို့ ရေမိုင် ၃၅ဝ အထိ ရေလမ်းကြောင်း ကောင်းမွန်လျက်ရှိပြီး မော်လိုက်မြို့အထက် ၁၆ မိုင်ကျော် ရိုးလာရေလမ်းနှင့် ရှားပင်ရေလမ်း၊ ဟုမ္မလင်းမြို့နယ် နတ်စက်ရေလမ်းတို့တွင် ရေကြောင်း ကျပ်တည်းမှုများ ရှိနေကြောင်း သိရသည်။ ချင်းတွင်းမြစ်သည် စစ်ကိုင်းတိုင်း ဒေသကြီးကို  အဓိကဖြတ်သန်းစီးဆင်းလျက်ရှိသော မြစ်တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံရှိ  အခြားမြစ်များနှင့် ကွဲပြားမှုရှိရာ ရေစီးမြန်ခြင်း၊ တစ်ဖက်စောင်း စီးဆင်းခြင်းတို့ကြောင့် နှစ်စဉ်ရေနည်းရာသီတွင် ရက်အနည်းငယ်ခန့်သာ ရေကြောင်း ကျပ်တည်းလေ့ရှိသည်။ 
-
''ချင်းတွင်းမြစ်ရဲ့ သဘောက အမြဲတမ်း မြစ်ကြောင်းကျပ်တာလည်း မဟုတ်ဘူး။ သုံးရက်လောက် ရေကြောင်းကျပ်ပြီးရင် ပြန်ကောင်းသွားပြန်တယ်။ အခုအခြေအနေမှာတော့ချင်းတွင်းအထက်ပိုင်းကနေရာသုံးနေရာလောက်မှာပဲ ရေကြောင်းကျပ်တယ်။ကျန်တဲ့ နေရာတွေမှာတော့ ပုံမှန်သွားလာလို့ ရနေပါတယ်။ ချင်းတွင်းမြစ်က တစ်နှစ်ကို သုံးကြိမ်လောက် ရေတိုးလို့ရှိရင် မြစ်ကြမ်းပြင်မှာရှိတဲ့ သဲတွေက ဧရာဝတီမြစ်ထဲကို ရောက်အောင် စီးဆင်းနိုင် တယ်။ပြီးခဲ့တဲ့မိုးရာသီက ချင်းတွင်းမြစ်ရေဟာ ၉ဝဝ စင်တီမီတာကျော်နဲ့ တစ်ကြိမ်ပဲမြင့်တက်ခဲ့တယ်။  အဲဒီတစ်ကြိမ်တည်းနဲ့ ချင်းတွင်းမြစ်ရေက ဧရာဝတီမြစ်နဲ့ သွားဆုံတဲ့အခါမှာ သဲတွေက ချင်းတွင်းမြစ်အောက်ပိုင်းဖြစ်တဲ့ ချောင်းဦးမြို့နယ် (အမြင့်မြို့ဟောင်း)  အတွင်းမှာ   ဧရာဝတီမြစ်ရေ ထောက်တော့ သဲတွေက မြစ်ဝကိုကျော်လွန်ပြီး မျောပါသွားတာနည်းပြီး သဲတင်ကျန်မှုများတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်း ကပြောသည်။ 
-
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မြစ်ရေနည်းပါးချိန်များတွင် ကုန်တင်ရေယာဉ်များ၊လူစီးအမြန်ရေယာဉ်များ အနေဖြင့် လမ်းခရီးတွင် အဆင်ပြေချောမွေ့စေရန်နှင့် အန္တရာယ်ကင်းရှင်းရေး အတွက်သတ်မှတ်ရေလမ်းကြောင်းအတိုင်း ရေပေါ် အမှတ်အသား၊ ကမ်းပေါ်အမှတ်အသားများကို ကြည့်ရှုပြီး ဂရုပြုမောင်းနှင်ကြရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger