www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 12, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး အိန္ဒိယသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး အိန္ဒိယသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ
-
နေပြည်တော်   ဒီဇင်ဘာ   ၁၁ 
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီး  ရှရီမတီဆာဗီးတာ ကိုဗင့်ဒ်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ည  ၆ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး  ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတ နိုင်ငံသမ္မတ  ရှရီရမ်နက်သ်ကိုဗင့်ဒ်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံနှင့်  အိန္ဒိယနိုင်ငံ အကြား ဆက်ဆံရေးသည် ကဏ္ဍစုံတွင် တိုးတက်လာနေသည်ကို အားရဖွယ်မြင်တွေ့ရကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုအချိန် ကာလ၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများသည်   ချစ်ကြည်ရင်းနှီးကြသည့် မိမိတို့ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် ဆက်ဆံမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း။ ယနေ့နံနက်ပိုင်းတွင်  နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်စေမည့် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး လဲလှယ်မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် အဆွေတော်၏ ယခုခရီးစဉ်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား  ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိစေခဲ့ကြောင်း။
-
နှစ်နိုင်ငံအကြား ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက်သွားရန် မျိုးစေ့ကို ချပေးနိုင်ခဲ့ပြီး အကျိုးတူ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုဆက်သွယ် ချိတ်ဆက်နိုင်မှုတို့မှ တစ်ဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေသည့် အသီးအပွင့်များကို ရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း။ လက်ရှိအခါသမယတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးသည်  မိမိတို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော  ဆက်ဆံရေးသမိုင်းတစ်လျှောက်   မိမိတို့၏  လက်ရှိနှစ်နိုင်ငံ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ နိုင်ငံတော်ကို ထူထောင် ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ၏အစဉ်အဆက်ကြိုးပမ်း အားထုတ်မှုများကြောင့် အကောင်းမွန်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်ဟု ပြောကြားလိုကြောင်း။
-
ယနေ့အစောပိုင်းတွင် မိမိတို့ခေါင်းဆောင်နှစ်ဦးအကြား   တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ချစ်ကြည်ရင်းနှီး ပွင့်လင်းစွာ အဆွေတော်နှင့် ဆွေးနွေးခွင့် ရရှိခဲ့သည့်အတွက်    အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း။ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား အလို့ငှာ မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ဆောင်ရေးနှင့် ယဉ်ကျေးမှု နယ်ပယ်တို့တွင် တိုးမြှင့်ဆောင်ရွက် သွားကြရန် အမြင်ချင်း ဖလှယ်နိုင်ခဲ့ကြကြောင်း။
-
မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံ၏''အရှေ့နှင့် ထိတွေ့ဆက်ဆံရေး'' နှင့် ''အိမ်နီးချင်း ဦးစားပေးရေး''  ဆိုသည့်  မူဝါဒများအပေါ်  အခြေခံပြီး နိုင်ငံခြား ဆက်ဆံရေးကဏ္ဍတွင် မြန်မာနိုင်ငံကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဆက်ဆံ ဆောင်ရွက်နေသည်အတွက် များစွာကျေးဇူးတင်ရှိကြောင်း။ မိမိတို့နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မဟာဗျူဟာမြောက် နီးကပ် တည်ရှိနေမှုနှင့်အိန္ဒိယနိုင်ငံနှင့် အာဆီယံအကြား ကုန်းမြေပေါင်းကူး တံတားသဖွယ် တည်ရှိနေသည့် အနေအထားကြောင့် အဆွေတော်တို့၏ ''အရှေ့နှင့်ထိတွေ့ ဆက်ဆံရေး'' မူဝါဒနှင့် အပြန်အလှန် အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။
-
ငြိမ်းချမ်းစွာ    အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်သည် မိမိတို့နိုင်ငံ နိုင်ငံခြားရေး မူဝါဒ၏ အဓိကအုတ်မြစ်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံလုံးသည် ဒေသတွင်းနှင့် ဒေသပြင်ပ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ အတွက် ဘုံမျှော်မှန်းချက်များကို မျှဝေဆောင်ရွက်လျက်ရှိပြီး  ဒေသတွင်း သာယာဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ အတွက် အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် ချက်များအရ ၎င်းအပေါ် ကြည်ညိုလေးစား မြတ်နိုးမှုရှိသည်ကို အခွင့်ကြုံခိုက် မိမိအနေဖြင့် ပြောကြားလိုကြောင်း။
-
မဟတ္တမဂန္ဒီ၏   အသက်နှစ်(၁၅ဝ)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများကို ကမ္ဘာအနှံ့ ကျင်းပရေးအတွက် အိန္ဒိယနိုင်ငံ အစိုးရ၏ ဦးဆောင်ဦးရွက်ပြုမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် များစွာဝမ်းမြောက်မိကြောင်း။ ငြိမ်းချမ်းရေးအတွက် ဘုံမျှော်မှန်းချက်ကို မျှဝေဆောင်ရွက်လျက်ရှိကြရာတွင် မိမိတို့ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများတွင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်   အတူတကွပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေသည်ဆိုသည်ကို  အဆွေတော်အား အတည်ပြုပြောကြား လိုကြောင်း။
-
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အစည်း အဝေးများတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီမှု ပေးခြင်းအတွက် အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးအထူးတင်ရှိသည်ဟု  တစ်ပါတည်း ပြောကြားလိုကြောင်း။ နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရကြောင်း၊  “ A friend  in  need   is  a  friend  indeed ”ဆိုသည့် အင်္ဂလိပ်စကားပုံသည် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မှန်ကန်သည့်အချက် ဖြစ်သည်ဟု ပြောကြားလိုကြောင်း။ မိမိတို့ခေါင်းဆောင် နှစ်ဦးအနေဖြင့် လက်ရှိအရှိန်အဟုန်ကို ထိန်းသိမ်းလျက် နှစ်နိုင်ငံ၏  ပြည်သူပြည်သားများ ကောင်းကျိုးအတွက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ကြောင်း။
-
အဆွေတော်သမ္မတကြီး ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့်  သမ္မတကြီး၏ ဇနီးတို့  ကျန်းမာ ရွှင်လန်းကာ အနာဂတ်ဆောင်ရွက်သမျှ အောင်မြင်မှု ရရှိစေရန်၊    အိန္ဒိယနိုင်ငံနှင့် ပြည်သူပြည်သား အပေါင်းတို့ ဆက်လက်ပြီး တိုးတက် သာယာ ဝပြောနိုင်ကြစေရန်၊ မြန်မာ နိုင်ငံနှင့် အိန္ဒိယပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်မြဲစေရန်၊ ယခုညချမ်း တွင် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်လာကြသည့် ဧည့်သည်တော်အားလုံးတို့ ကျန်းမာ စေရန်နှင့် အောင်မြင်မှုရရှိစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ကြောင်း ပြောကြားသည်။ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်က  အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် တစ်ဆက်တည်းရှိသော ရေ၊ မြေ၊ တောတောင်များကို မျှဝေပိုင်ဆိုင်ထားကြပြီး ယဉ်ကျေးမှု၊ အစားအစာနှင့် သမိုင်းကြောင်းလည်း ဆင်တူကြကြောင်း၊  နှစ်နိုင်ငံပြည်သူများ၏  ချစ်ခင် ရင်းနှီးမှုအပေါ် မိမိတို့ များစွာဝမ်းမြောက်မိကြောင်း၊ အိန္ဒိယလူမျိုးများသည် မြန်မာနိုင်ငံတွင်    မိခင်နိုင်ငံသဖွယ် နေထိုင်နိုင်ခြင်းက မိမိတို့နှစ်နိုင်ငံအကြား အခက်အခဲမရှိသော အထူးဆက်ဆံရေးတစ်ရပ်ပင်ဖြစ်ကြောင်း၊ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် မိမိတို့၏ တူညီသောဆန္ဒများက မိမိတို့နှစ်နိုင်ငံကို ပိုမိုနီးကပ်စေကြောင်း။
-
ယနေ့ခေတ်တွင်    ဗုဒ္ဓဘုရားရှင်၏ ဝိပဿနာတရားတော် ကျင့်စဉ်ကို  ပြန့်ပွား အောင်စွမ်းဆောင်ခဲ့သော ဦးဂိုအင်ကာသည် မြန်မာနိုင်ငံမှ ဆရာကြီး ဦးဘခင်ထံမှ ဦးစွာ ဆည်းပူးခဲ့သူဖြစ်ကြောင်း၊  ထို့ပြင် အိန္ဒိယနိုင်ငံ၏ သမ္မတဟောင်း၏ ဇနီးတစ်ဦးမှာလည်း မြန်မာနိုင်ငံဖွား အမျိုးသမီး တစ်ဦးဖြစ်သည့် ဒေါ်တင့်တင့် (ခေါ်) Usha Narayana ဖြစ်ကြောင်း၊ မိမိတို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှ မိမိတို့နှစ်နိုင်ငံကို ပိုမိုပြီးနီးနီးကပ်ကပ်ဖြစ် လာမည်ဟု ယုံကြည်ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် နှစ်နိုင်ငံချိတ်ဆက်မှု၊ အရည်အသွေး မြှင့်တင်ရေးနှင့် စီးပွားရေးနှင့်ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံဆောင်ရွက်ခြင်းကို ပိုမိုမြှင့်တင်ခိုင်မာအောင် နှစ်နိုင်ငံစလုံးက ကြိုးစားအားထုတ် ဆောင်ရွက်နေကြကြောင်း။
-
မြန်မာနိုင်ငံရှိ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် ရင်ဆိုင်ရသော စိန်ခေါ်မှုများကို အိန္ဒိယနိုင်ငံ အနေဖြင့်  သတိပြုမိကြောင်း၊ အိန္ဒိယအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံဘက်မှ ရပ်တည်နေကြကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ညီညွတ်ရေး ဆောင်ရွက်ခြင်းများကို အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း၊ အဆိုပါအချက်များသည် မိမိတို့အားလုံးအတွက် အခြေခံ အကျိုးစီးပွားများလည်း ဖြစ်ကြောင်း၊အဆိုပါအချက်များ မရှိဘဲ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော အရှေ့မြောက်ဒေသရှိ မိမိတို့ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း။
-
ထို့ကြောင့်   မိမိတို့နှစ်နိုင်ငံ၏ ရည်မှန်းချက်များသည် အချင်းချင်း ရစ်ပတ်ချိတ်ဆက် နေကြသည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို ကာလတို ရည်မှန်းချက်များသာမက ထာဝရ တည်တံ့နေမည့် ပိုမိုကြီးမားသော  အပြန်အလှန် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာမှုဖြင့် ဖော်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံနှင့် မိတ်ဖက်ဖြစ်မှုသည် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု၊ အိမ်နီးချင်းဖြစ်မှုနှင့် အဓိကအကျိုးစီးပွားမျှဝေ ခံစားမှုတို့၏  အရေးကြီးသော ဆုံမှတ်တွင်    ရောက်ရှိနေကြောင်းပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး၊ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်  နက်သ် ကိုဗင့်ဒ်နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြ သည်။ ညစာစားပွဲအပြီးတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံတော်သမ္မတ အိမ်တော်ရှိသဘင်ဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန  အနုပညာဦးစီးဌာနမှ  အနုပညာရှင်များက ယဉ်ကျေးမှု ပဒေသာကပွဲဖြင့် ဧည့်ခံ ဖျော်ဖြေသည်။ ယဉ်ကျေးမှုပဒေသာ ကပွဲအပြီးတွင်နိုင်ငံတော်သမ္မတနှင့် ဇနီး၊  အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ကြသည့်  အနုပညာရှင်များအား  အမှတ်တရ ပန်းခြင်းပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။ ထို့နောက် နိုင်ငံတော် သမ္မတသည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတထံ ခရီးစဉ်မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်ကို ပေးအပ်ကြောင်း သိရသည်။  
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger