www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

ရန်ကုန်-မန္တလေး-မူဆယ် စီးလုံးငှား ကုန်စည်ပို့ဆောင်ရေး ယာဉ်များ တန်ဆာခ ကျဆင်းလာမှုကြောင့် ယာဉ်လိုင်းတချို့ ယာယီရပ်နားနေရ

ရန်ကုန်-မန္တလေး-မူဆယ် စီးလုံးငှား ကုန်စည်ပို့ဆောင်ရေး ယာဉ်များ တန်ဆာခ ကျဆင်းလာမှုကြောင့် ယာဉ်လိုင်းတချို့ ယာယီရပ်နားနေရ-
ရန်ကုန်  နိုဝင်ဘာ  ၅ 
-
ရန်ကုန်-မန္တလေး-မူဆယ် ခရီးစဉ်ပြေးဆွဲပေးနေသည့် စီးလုံးငှား ကုန်စည်ပို့ဆောင် ရေးမော်တော်ယာဉ်များသည် ကုန်တန်ဆာခ နှုန်းထားများ ကျဆင်းလာမှုကြောင့် တွက်ခြေ မကိုက်ဖြစ်ကာ ယာဉ်လိုင်းတချို့ ယာယီရပ်နား ထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းရှိ ယာဉ်လိုင်းများထံမှ သိရ သည်။
-
''ပုံမှန်အတိုင်းဆိုရင်  အခုလို  ပွင့်လင်းရာသီမှာ ကုန်စည်ရတာများတော့  တန်ဆာခ ဆိုရင်လည်း ထိုက်သင့်သလောက် အကျိုးအမြတ်ရတယ်။ အခု ဒီနှစ်ကျတော့ ကုန်ရရှိမှုနည်းလာသလို  တန်ဆာခကျတော့လည်း  ဈေးက ကျနေတော့  တွက်ခြေမကိုက် ဘူးဖြစ်နေတယ်'' ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။
-
ရန်ကုန် - မန္တလေးစီးလုံးငှား ကုန်စည် ပို့ဆောင်မှု တန်ဆာခမှာ အောက်တိုဘာ လဆန်းပိုင်းက  တစ်တန်လျှင်  ငွေကျပ် ၃၁ဝဝဝ ရရှိခဲ့သော်လည်း  နိုဝင်ဘာလ ဆန်းပိုင်းမှစ၍  တစ်တန်လျှင်  ငွေကျပ် ၂၃ဝဝဝ သို့ ကျဆင်း လာခဲ့သည်။အလားတူ ရန်ကုန်-မူဆယ်စီးလုံးငှား ကုန်စည်ပို့ဆောင်မှု တန်ဆာခမှာ အောက်တိုဘာလက တစ်တန် လျှင် ငွေကျပ် ၆၈ဝဝဝ ရှိရာမှ နိုဝင်ဘာလ ဆန်းပိုင်းတွင်  ငွေကျပ် ၅၃ဝဝဝ အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
-
''လတ်တလောမှာ ရတဲ့ကုန်ကို ရသလိုသယ်နေရတာပေါ့။တွက်ခြေမကိုက်လို့ မထွက်တဲ့လိုင်းလည်း လေး၊ ငါးလိုင်းလောက်တော့ ရှိမယ်ထင်တယ်။ တချို့လည်း မကိုက် တဲ့ကြားထဲက  ယာဉ်လုပ်သားတွေ အလုပ်အကိုင်ရအောင်လို့  အုံနာတွေက ကုန်လက်ခံ ပြီးတော့ ထွက်ခွာစေပါတယ်'' ဟု ၎င်းကပြောသည်။
-
သယ်ယူပို့ဆောင်ပေးရသည့်  ကုန်စည်များတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း များသည် အများဆုံးဖြစ်ကြောင်း သိရသည်။တခြားသော  နယ်စပ်ဈေးကွက်များသို့ တင်ပို့ရသော ကုန်တင်ဆောင်သည့် တန်ဆာခ များမှာ လတ်တလောတွင် ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်းဖြစ်နေသော်လည်း ရန်ကုန်-မန္တလေး-မူဆယ်လမ်းကြောင်း၌သာ တန်ဆာခ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger